ကူညီပါရစေ (ဇာတ်သိမ်းပိုင်း)

ကူညီပါရစေ အပိုင်း (၇)

ကူညီပါရစေ အပိုင်း (၇) – အောင်ဘာလေမှာ အတွဲရှိသည်ဟု ဆိုလျှင် အံ့ဩစရာ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ တကယ်တော့ သူ့အစွမ်းအစကြောင့် မဟုတ်။ မိဘချင်း သဘောတူထားသော ကောင်မလေးတစ်ယောက်သာ ဖြစ်၏။ လူကြီးတွေက ‘မင်းတို့ လူငယ်ချင်းရင်းနှီးအောင်၊ တစ်ယောက်အကြောင်းတစ်ယောက်သိအောင် နေကြ’ ဟု ဆိုသဖြင့် တွဲနေကြခြင်းဖြစ်၏။ တစ်ယောက်နှင့် တစ်ယောက် လေ့လာဆဲကာလဟု ဆိုနိုင်သည်။

အောင်ဘာလေသည် ရုပ်ရည်သန့်ပြန့်ပြီး သဘောကောင်းသူဖြစ်သဖြင့် ကောင်မလေးက စိတ်ဝင်စားပုံတော့ ရသည်။ အောင်ဘာလေကလည်း လူကြီးတွေ သဘောမျှထားသည့် ကိစ္စကို ကူညီသည့်အနေဖြင့် ကောင်မလေးအပေါ် ကြည်ကြည်ဖြူဖြူ ရှိသည်။ သို့ရာတွင် ကောင်မလေးတို့ မိသားစုမှာ ရပ်ရေးရွာရေး၊ လူမှုရေး စိတ်ဝင်စားကြသူများ မဟုတ်။ ကောင်မလေးမှာလည်း သည်စရိုက်တွေ အပြည့်ပါရှိသည်။ အောင်ဘာလေဆိုတဲ့ ကောင်ကတော့ သာမန်ထက်တောင် ထူးပြီး လူမှုရေးစိတ်ဓာတ်ရှိသူ ဖြစ်၏။ ထိုအခါ … သူတို့နှစ်ယောက်တွဲ၍ သွားကြလာကြသည့်အခါတိုင်း ကောင်မလေးမှာ စိတ်မရှည်စရာများနှင့် ကြုံရသည်။ အောင်ဘာလေက သွားရမည့်လမ်းကို ဖြောင့်ဖြောင့်သွားတတ်သူ မဟုတ်။ တစ်ခါတစ်လေ … ရုပ်ရှင်ချိန်နီးနေသဖြင့် ကောင်မလေးက ခပ်သွက်သွက် သွားစေချင်သည်။ အောင်ဘာလေက ကျောင်းဆင်းလာသည့် ကလေးတွေ လမ်းဖြတ်ကူးနိုင်အောင် စောင့်ခေါ်ချင်ခေါ်သည်။ ကောင်မလေးနှင့်အတူတူ လျှောက်လာရင်း ကားမှောက်တာတွေ့သဖြင့် ကောင်မလေးကို မေ့ထားခဲ့ပြီး လူနာတွေ ဝင်သယ်၊ ပြုစု၊ ဆေးရုံလိုက်ပို့တာမျိုးလည်း ရှိသည်။

တစ်ခါက … သူငယ်ချင်းတစ်ယောက် မင်္ဂလာဆောင်သို့ သူတို့နှစ်ယောက် အတူတူသွားကြသည်။ ကောင်မလေးက ရွှေပါတိတ်တွေ ဘာတွေနှင့် အပျံစား ဝတ်စားလာသည်။ ကံကလည်း ကောင်းချင်တော့ ဘတ်စ်ကားပေါ်မှာ နှစ်ယောက်အတူတူ တွဲထိုင်ခွင့်ရသည်။ ကံအကြောင်း မလှချင်ပြန်တော့ သူတို့ထိုင်သည့် ခုံတန်း၏ဘေးမှာ ကုလားအဘိုးကြီးတစ်ယောက် မတ်တတ်ရပ်နေခြင်းပင် ဖြစ်၏။ ကောင်မလေးသည် အောင်ဘာလေကို သူ့အိမ်က အကြောင်းများ၊ စီးပွားရေး လာဘ်မြင်ဖို့ အကြောင်းများကို တတွတ်တွတ် ပြောနေသည်။ အောင်ဘာလေကတော့ ‘အင်း’ လိုက်ရင်း ခေါင်းညိတ်နေရသော်လည်း စိတ်ကတော့ ဘေးမှာရပ်နေသော ကုလားကြီးဆီ ရောက်နေသည်။ တစ်ချက်တစ်ချက် မော့မော့ကြည့်သည်။ ကုလားအဘိုးကြီးမှာ အသက်တော်တော်ကြီးလှပြီ။ ခုနစ်ဆယ်ကျော်လောက်များ ရှိမလားမသိ။ လက်ထဲတွင် ထမင်းချိုင့်ကြီး တစ်လုံးကို ဆွဲထားသည်။ တန်းကို လှမ်းကိုင်ထားသည့် လက်မောင်းပေါ်တွင် ခေါင်းကိုမှီပြီး အမောဖြေသလို မှေးနေသည်။ အောင်ဘာလေသည် ကုလားအဘိုးကြီးကို သနားသွား၏။ သူ့ခမျာ မြို့ထဲမှာ အလုပ်လုပ်နေသည့် သားသမီးထံ ထမင်းချိုင့်သွားပို့ရခြင်း ဖြစ်နိုင်သည်။ သည်အရွယ်ကြီးနှင့် တစ်လမ်းလုံး မတ်တတ်ရပ်သွားရလျှင် တော်တော်ပင်ပန်းရှာမှာပဲဟု တွေးမိသည်။

“ဘာပဲလုပ်လုပ် အသိအကျွမ်းလေးလည်း ရှိမှ၊ ငွေကလည်း အရေးကြီးတယ် … ငွေမရှိရင် …” ကောင်မလေး စကားမဆုံးခင်မှာပင် အောင်ဘာလေသည် ဖျတ်ခနဲ ထရပ်ပြီးသား ဖြစ်နေသည်။ “လာလာ … ဦးလေးကြီး ဒီမှာထိုင်” ဆိုပြီး သူ့နေရာကို ဖယ်ပေးလိုက်၏။ ကုလားအဘိုးကြီးကလည်း ဝမ်းသာအားရ ဝင်ထိုင်လိုက်သည်။ ကောင်မလေးက အောင်ဘာလေကို မျက်စောင်းလှမ်းထိုးသည်။ ကုလားအဘိုးကြီးသည် စောစောတုန်းက မတ်တတ်ရပ်နေခဲ့ရသဖြင့် ပင်ပန်းသွားဟန်တူသည်။ ထိုင်စရာ နေရာလည်းရရော စိတ်ချလက်ချ အိပ်လေတော့သည်။ ကုလားအဘိုးကြီး၏ ကိုယ်က မုန့်ညင်းဆီစော်လည်း နံသည်။ တစ်ခါတစ်ခါ သူ့ဘက် ငိုက်ငိုက်ကျလာလိုက် လူကိုလာမှီလိုက် ဖြစ်နေသဖြင့် ကောင်မလေးမှာ အံတကြိတ်ကြိတ် ဖြစ်နေ၏။ အောင်ဘာလေဆီသို့လည်း မျက်စောင်းတွေ တစ်စင်းပြီးတစ်စင်း လွှတ်နေသည်။ အောင်ဘာလေကတော့ သူမဟုတ်သလိုပင်။ ကားပေါ် တိုးတက်လာသူတွေ အဆင်ပြေအောင် နေရာရွေ့ပေးရင်း နောက်ဘက်နားသို့ပင် ရောက်သွားသည်။

တစ်နေရာအရောက်တွင် ကားက အရှိန်နှင့် ကွေ့လိုက်သည်။ ကုလားကြီးမှာ အိပ်ပျော်နေသဖြင့် ထမင်းချိုင့်ကြီးကို သေချာစွာ ထိန်းကိုင်ထားနိုင်ခြင်းမရှိ။ ထို့ကြောင့် ထမင်းချိုင့်ကြီးသည် ကောင်မလေးဘက်သို့ ယိုင်လဲကျသွားသည်။ ကောင်မလေး၏ ထဘီမှာလည်း ချိုင့်ထဲမှထွက်ကျလာသည့် ပဲဟင်းများဖြင့် ပေပွကုန်သည်။ ကောင်မလေးမှာ ဒေါသလည်းဖြစ်၊ ရှက်လည်းရှက်ပြီး နောက်မှတ်တိုင်ရောက်တော့ ဆင်းသွားလေတော့သည်။ အလားတူကိစ္စမျိုးတွေက မကြာခဏ ကြုံရသည်။ ကြုံဖန်တွေ့ဖန်များတော့ ရိုးသွားခြင်းဆိုသည်မှာ လင်မယားဘဝ၌သာ ဖြစ်နိုင်သည်။ ခုဟာက သမီးရည်းစားလည်းမဟုတ်။ တရားဝင်စေ့စပ်ပြီးသားလည်းမဟုတ်။ လူကြီးချင်း နားလည်မှုယူထားပြီး လူငယ်ချင်း နားလည်မှုရှိဖို့ လေ့လာတုန်းအချိန်။ သမီးရည်းစားများပင်လျှင် သည်လိုစိတ်သဘောထား မတိုက်ဆိုင်တာများလာလျှင် ပြဿနာ ဖြစ်တတ်သေးတာပဲ၊ ခုလည်း ကောင်မလေးသည် အောင်ဘာလေအပေါ် စိတ်ကုန်စပြုလာသည်။ အောင်ဘာလေက သူ့ထက် တခြားမိန်းကလေးတွေကို ပိုပြီးအရေးပေးနေလို့ သူငယ်ချင်း အပေါင်းအသင်းတွေ ပိုပြီး ဂရုစိုက်နေလို့ဆိုလည်း ထားပါတော့။ စိတ်ကောက်သင့်ကောက် သဝန်တိုသင့်တိုသာရှိ၏။ ခုကျတော့ ဒီလိုမဟုတ်။ အောင်ဘာလေ၏ ဂရုစိုက်အရေးပေးခြင်း ခံရသူများမှာ အများအားဖြင့် တစ်ခါမှတောင် မမြင်ဘူးသူတွေ၊ ကုလားအဘိုးကြီးတွေ၊ နှပ်ချေးတွဲလောင်းနှင့် ကလေးတွေ၊ သီလရှင်တွေ ဖြစ်နေသည်။ စိတ်ဆိုးရခက်၊ မနာလိုရခက်၊ သဝန်တိုရခက်။

သည်ကြားထဲမှာ … သည်းမခံနိုင်သော ကိစ္စတစ်ခု ဖြစ်လာသည်။ ကောင်မလေး၏ ညီမဝမ်းကွဲများနှင့် သူငယ်ချင်းများ နယ်မှရောက်လာကြသည်။ အောင်ဘာလေကိုလည်း မြင်ဖူးချင်သည်။ ရန်ကုန်မြို့ထဲကိုလည်း လျှောက်လည်ချင်သည်ဟု ဆိုသည်။ ထို့ကြောင့် အိမ်ကို စောစောလာရန် မှာလိုက်သည်။ ချိန်းတဲ့နေ့ကျတော့ ကောင်မလေးနှင့်အဖွဲ့သည် ဝတ်ကောင်းစားလှတွေ ဝတ်ပြီး စောင့်နေသည်။ အောင်ဘာလေက တော်တော်နှင့် ရောက်မလာ။ ညီမဝမ်းကွဲတွေ၊ သူငယ်ချင်းတွေက ထင်မြင်ချက်ပေးကြသည်။ “ခုလိုအချိန်မှာတောင် ဒီလို မလေးမစားလုပ်နေရင် … နောက် ခက်ရောပေါ့ …” ဟု ဝေဖန်ကြသည်။ ကောင်မလေးကတော့ အောင်ဘာလေ တစ်ယောက်ယောက်ကို ကူညီနေလို့ပဲဆိုတာ သိသည်။ မှန်ပေသည်။ အောင်ဘာလေသည် ကောင်မလေး သေသေချာချာ မှာထာသည့်အတိုင်း သပ်သပ်ရပ်ရပ် သားသားနားနား ဝတ်ဆင်ပြီး အိမ်မှ ထွက်လာခဲ့သည်။ ကောင်မလေး အိမ်ရှိရာ ရပ်ကွက်ထဲသို့ဝင်အလာတွင် အိမ်တစ်အိမ်ရှေ့၌ ကလေးငယ်တစ်ယောက် ထိုင်ငိုနေသည်ကို တွေ့ရ၏။ မေးကြည့်တော့ သူ့ခွေးကလေး အိမ်သာတွင်းထဲကျသွားတာ ပြန်မတက်နိုင်လို့ဟု ပြောသည်။ လူကြီးတွေလည်း အိမ်မှာမရှိကြ။

သည်တော့ အောင်ဘာလေပဲဟာ၊ ဘယ်ရမလဲ။ အိမ်သာတွင်းထဲကျနေသော ခွေးကလေးကို အားကြိုးမာန်တက် ကူညီဆယ်ပေးတော့တာပေါ့။ ကြိုးတစ်ချောင်းမှာ ကွင်းလျောလုပ်ပြီး ကိုယ်ကိုစွပ်အောင်လုပ်ရသည်။ ခွေးကလေးမှာ ကြောက်လန့်နေသဖြင့် သူ့ကို ကယ်မှန်းမသိပဲ ကြိုးကွင်းကို ရှောင်ရှောင်နေသဖြင့် အခက်တွေ့နေရသည်။ မလိုအပ်ဘဲ အချိန်ပိုကြာသွားရသည်။ အတော်ကြာမှ စွပ်မိပြီး ချော့၍ ဆွဲတင်ရ၏။ အပေါ်ရောက်တော့ ခွေးတို့၏ ထုံးစံအတိုင်း ကိုယ်ပေါ်မှ အမွေးများကို ခါလိုက်ရာ အောင်ဘာလေ၏ တစ်ကိုယ်လုံး အနှံ့အပြား စင်ကုန်တော့သည်။ ကိုယ်ပေါ်မှာ ပေကျံနေတာတွေကို ရေဆေးပစ်၍ ရသော်လည်း အဝတ်အစားပေါ် စွန်းပေသည့် အစက်တွေကိုတော့ သည်အတိုင်း ထားလိုက်ရသည်။ ချိန်းထားသည့်အချိန်ကိုလည်း တော်တော်တောင် ကျော်နေပြီ။ ဟိုရောက်လို့ မေးလျှင် ကားတစ်စင်း ဘေးကဖြတ်မောင်းလို့ ရွှံ့စက်စင်တာဟု ပြောမည် စိတ်ကူးသည်။ အိမ်ပြန် အဝတ်အစားလဲဖို့ အချိန်မရတော့။ ခြောက်သွားလျှင်မူ ကိစ္စမရှိတန်ရာဟု တွေးမိ၏။

ဟိုရောက်တော့လည်း နောက်ကျနေသဖြင့် ကမန်းကတန်း တောင်းပန်ပြီး ထွက်လာကြရသည်။ ကားတစ်စင်းငှားပြီး မြို့ထဲထွက်လာကြရာ လမ်းရောက်တော့မှ အားလုံးနှာခေါင်းတရှုံရှုံ ဖြစ်ကြရတော့သည်။ သူထင်သလိုအနံ့က ပျောက်မသွားပဲ ကားသွားသည့်အရှိန်နှင့် ဝင်လာသော လေစီးကြောင်းမှာ ပျံ့လှိုင်၍ နေလေ၏။ ကောင်မလေးမှာ တော်တော်စိတ်ဆိုးသွားသည်။ အောင်ဘာလေလုပ်ပုံကြောင့် သူ့ညီမဝမ်းကွဲတွေ၊ သူငယ်ချင်းတွေကြားမှာ တော်တော်သိက္ခာကျသွားရသည်။ “ဒီလောက် စုတ်စုတ်ပဲ့ပဲ့နေတတ်ပြီး အလိုက်ကမ်းဆိုးမသိတဲ့ လူကို လက်ခံတွဲနေတာ အံ့ပါရဲ့ …” ဟု ပြောသွား၏။ ကောင်မလေးမှာ အောင်ဘာလေကို လုံးဝစိတ်ကုန်ပြီး အဆက်ဖြတ်လိုက်လေတော့သည်။ အောင်ဘာလေကတော့ ခပ်အေးအေးပင်။ ဆွေးနေတာတို့၊ စိတ်ပျက်တာတို့ မဖြစ်ဘဲ ခွေးကလေးအတွက် လည်ပတ်ကလေး တစ်ခုတောင် ဟိုချာတိတ်ကို လက်ဆောင်သွားပေးလိုက်သေးသည်။ ချာတိတ်၏ မိဘများနှင့်လည်း ခင်မင်သွားသည်။

မင်းလူ ရေးသားထားသော ရယ်မောခြင်းလက်ကျန် စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

OpenYourBusinessOnline

ရသ

Related Posts