ယဉ်ကျေးမှုမှ ရိုင်းစိုင်းမှုသို့ (ဇာတ်သိမ်းပိုင်း)

ယဉ်ကျေးမှုမှ ရိုင်းစိုင်းမှုသို့ အပိုင်း (၃)

ယဉ်ကျေးမှုမှ ရိုင်းစိုင်းမှုသို့ အပိုင်း (၃) – ဦးညွန့်မောင်ရဲ့ ဆန္ဒပြည့်ဝပါပြီ။ နောက်ထပ် နှစ်နှစ်စောင့်ပြီးသည်နှင့် ရှင်ပြုခွင့်ရလေပြီ။ နွေရာသီ ကျောင်းပိတ်သည်နှင့် အလှူမတိုင်မီ တစ်လလောက်ကကြိုပြီး သားနှစ်ယောက်ကို ဘုန်းကြီးကျောင်း ပို့ထားလိုက်သည်။ သားနှစ်ယောက်၏ နှလုံးသားတွင် ဘုရားတည်ပေးလိုက်ခြင်းပါ။

အပြင်ဗဟိဒ္ဓမှာတည်သော ဘုရားထက် ကလေးသူငယ်တို့၏ နှလုံးသားတွင် တည်သည့်ဘုရားက ပိုအရေးကြီးပုံကိုလည်း ဦးညွန့်မောင်ကောင်းကောင်းကြီး သဘောပေါက်ခဲ့ပြီ။ ပြီးခဲ့သော ရက်အနည်းငယ်က ဆွမ်းကျွေးတစ်ခုတွင် ဦးညွန့်မောင်တို့ ဆရာတော်ဟောခဲ့သော တရားသံက ဦးညွန့်မောင်နားထဲမှ မထွက်တော့။ “ဒကာ၊ ဒကာမတို့ ပြင်ပဗဟိဒ္ဓမှာ ဘုရားတစ်ဆူပြီးတစ်ဆူ တည်သလို ဗုဒ္ဓဘာသာကလေးငယ်တွေရဲ့ နှလုံးသားမှာလည်း အဇ္ဈတ္တဘုရားတွေ အဆက်မပြတ် တည်ပေးသင့်နေပြီ။ ဒီကနေ့ ကျောင်းသူ၊ ကျောင်းသားတွေကို သင်ကြားပေးနေတဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတွေဟာ ကလေးတွေရဲ့ အဇ္ဈတ္တနှလုံးသားမှာ ဘုရားတည်ပေးနေတာပဲပေါ့။ နောက်ပြီး နွေကျောင်းပိတ်တဲ့အချိန်ဆိုရင်လည်း မိမိသားသမီးများကို နီးစပ်ရာဘုန်းကြီးကျောင်းမှာ အခြေခံဘာသာရေးအသိတွေ သင်ရအောင် မိဘတွေကိုယ်တိုင် အပ်နှံပေးသင့်တယ်။ ကလေးသူငယ်တွေရဲ့ နှလုံးသားမှာ ဘုရားတည်ပေးတဲ့ အလုပ်ကို ခုအချိန်ကတည်းက ပေါက်ပေါက်ရောက်ရောက်၊ ထိထိမိမိမလုပ်ကြဘူးဆိုရင် နောက်အနှစ်တစ်ရာလောက်ရှိတဲ့အခါ ပုဂံနဲ့တကွ မြန်မာတစ်ပြည်လုံးမှာရှိတဲ့ဘုရား၊ စေတီပုထိုးတွေဟာ ဪ ဒီမြန်မာပြည်ဟာ ဟိုးတစ်ချိန်တုန်းက ဗုဒ္ဓဘာသာဖြစ်ဖူးတဲ့ နိုင်ငံတစ်ခုပါလားလို့ အသိအမှတ်ပြုရရုံ သင်္ကေတတစ်ခုအနေနဲ့ပဲ ကျန်ရစ်လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်မှာ မြန်မာတစ်ပြည်လုံး ဗုဒ္ဓဘာသာ တစ်ယောက်မှရှိမှာ မဟုတ်တော့လို့ပဲ။ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းမှာ ကမ္ဘာ့အကြီးဆုံး ဗောရောဗုဒုရ်ဆိုတဲ့ ကျောက်စေတီကြီးရှိတယ်။ အာဖဂန် နစ္စတန်နိုင်ငံ၊ ဘာမီယန်မြို့ရဲ့ အထက်ပိုင်းမှာလည်း (၅၅) မီတာနဲ့ (၃၅) မီတာစီမြင့်တဲ့ မတ်ရပ်ဗုဒ္ဓရုပ်ပွားတော်ကြီးတွေ၊ ဆင်းတုတော်ကြီးတွေ ရှိနေလို့သာ ဒီနှစ်နိုင်ငံဟာ တစ်ချိန်က ဗုဒ္ဓဘာသာဖြစ်ခဲ့ဖူးတဲ့ နိုင်ငံပါလားလို့ သိကြရတာ။ အခုအချိန်မှာတော့ ဗုဒ္ဓဘာသာတစ်ယောက်မှ မရှိကြတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကလေးသူငယ်တွေရဲ့ နှလုံးသားမှာ ဘုရားတည်မပေးမိခဲ့ကြတဲ့ အတွက်ပဲ”

ဆရာတော်၏ ဆွမ်းကျွေးဩဝါဒတရားက တိုတိုနှင့် ထိရောက်လှသည်။ ထိုတရားကို ကြားနာမိမှ အိပ်ပျော်နေသော ဘာသာရေးအသိများ ပြန်လည် နိုးကြားလာကြသည်။ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို ပေါ့ပေါ့တန်တန် သဘောမထားတော့ဘဲ သားငယ်သမီးငယ်တို့အား မရောက်ရောက်အောင် ပို့ဖြစ်ကြသလို ကျောင်းကန်ဘုရားသွားလျှင်လည်း သားသမီးများကို မပါပါအောင် ခေါ်လာမိကြသည်။ ယခုလည်း ဘုန်းကြီးကျောင်းပို့ပြီး၍ တစ်လအရမှာပင် ဦးညွန့်မောင်၏ အနှစ်နှစ်အလလ ကြိုးစားခဲ့ရသော ရှင်ပြုပွဲကြီးကို မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပနိုင်ပါတော့မည်။ ရန်ကုန်မြို့သစ်တို့၏ ထုံးစံအတိုင်း ဘုန်းကြီးကျောင်းမှာပင် ရှင်ပြုအလှူပွဲ ကျင်းပဖြစ်ခဲ့သည်။ ပေ (၄၀) _ ပေ (၆၀) သာရှိသော ဦးညွန့်မောင်တို့ အိမ်ဝိုင်းလေးမှာလည်း လူနေဖြစ်ရုံသာရှိသည် မဟုတ်ပါလား။ (ဒါတောင် ဦးညွန့်မောင်တို့က စကတည်းက ရောက်တဲ့သူများမို့။ နောက်ကျမှ ရောက်သူများမှာ ပေ (၂၀) _ ပေ (၆၀) သာ ရကြတော့သည်။)

စနေနေ့အလှူဝင်၊ တနင်္ဂနွေနေ့ အလှူကြီး။ ဒါကလည်း ဝန်ထမ်းများသော သူတို့မြို့၏ထုံးစံ။ ရုံးပိတ်ရက်ကိုသာ အဓိကထားပြီး အလှူအတန်း ပြုကြရသည်။ ဒါမှလည်း အများစုဖြစ်သော ရုံးသူ၊ ရုံးသားများက လာနိုင်မည် မဟုတ်ပါလား။ စနေနေ့ ရှင်လောင်းလှည့်၊ ဆံချ၊ ကိုရင်ဝတ်။ တနင်္ဂနွေနေ့နံနက် ကျွေးမွေးဧည့်ခံ၊ နေ့လည် (၁) နာရီ တရားနာ။ ဆရာတော်ရေးပေးလိုက်သော အစီအစဉ်စာရွက်လေးကို ဖတ်ရင်း ဇနီးဖြစ်သူ ဒေါ်မြင့်ဘက်သို့ လှည့်၍- “မိန်းမရေ- ဆရာတော်က ငါတို့သားနှစ်ယောက်နဲ့ ပတ်သက်ပြီး ထူးထူးခြားခြား စကားနှစ်ခွန်း ပြောလိုက်တယ်။ အဲဒါ မင်းကို ငါပြန်ပြောရဦးမယ်” “ဆရာတော်က ဘာတွေများ ပြောလိုက်လို့တုံး” “အေး- ပထမတစ်ခုက လူတစ်ယောက်ရဲ့အတိတ်က ဖြည့်ဆည်းဖူးခဲ့တဲ့ ပါရမီ ဘယ်လောက်ပါတယ် မပါဘူးဆိုတာ ဘုရားရှင်မှတစ်ပါး ဘယ်သူမှ မသိနိုင်ဘူးတဲ့။ အဲဒါကြောင့် တို့သားနှစ်ယောက်ကို ကြိုသင်ပေးတဲ့ထဲမှာ တစပဉ္စက ကမ္မဠာန်းကိုပါ သင်ပေးထားတယ်တဲ့ဟ။

“တစပဉ္စကဆိုတာ အရေလျှင်ငါးခုမြောက်ရှိသော ကမ္မဠာန်းလို့ အဓိပ္ပာယ်ရသတဲ့။ ဆံပင်၊ အမွေး၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေ အဲဒီငါးခုကို ဆံချနေတဲ့အချိန်မှာ ရှင်လောင်းရဲ့ နှုတ်ကနေ ရွတ်ဆိုပွားများနေရတာတဲ့။ ပါရမီပြည့်တဲ့ကလေးဆိုရင် ဆံချအပြီးမှာတင် ကိလေသာ အာသဝေါကုန်ခန်း ရဟန္တာ ဖြစ်သွားရောတဲ့။ အမယ်လေးလေး ငါ့သားတွေများ ရဟန္တာတွေ ဖြစ်သွားရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။ မင်းနဲ့ငါနဲ့လည်း ရဟန္တာတွေရဲ့ ခမည်းတော်နဲ့ မယ်တော်ဖြစ်ရောပေါ့ကွာနော်” “ဒါဆို ဒီကမ္မဠာန်းက တော်တော်ကျေးဇူးများတာပဲနော်” “ကျေးဇူးများတာတော့ မပြောနဲ့ဟေ့။ ဘုရားလက်ထက်က (၇) နှစ်သားနဲ့ ရဟန္တာဖြစ်ကြတဲ့ ကိုရင်လေးတွေဟာ အဲဒီကမ္မဠာန်း ရွတ်ဖတ်စီးဖြန်းရင်းနဲ့ ခေါင်းရိတ်လိုက်တာ တချို့ဆိုရင် သင်တုန်းဓား ခေါင်းပေါ်တင်တုန်းရှိသေး အောက်က ရဟန္တာ ဖြစ်နေရောတဲ့။ အဲဒါအခုခေတ်မှာ တစပဉ္စက ကမ္မဠာန်းပွားများရင်း ဆံချတဲ့ အလေ့အထ ပျောက်သလောက် ဖြစ်နေတယ်တဲ့။

“ဆရာတော်ပြောတာက ရှင်းတယ်ဟ။ ရဟန္တာဖြစ်တာ၊ မဖြစ်တာ သူ့အလုပ်တဲ့။ တစပဉ္စက ကမ္မဠာန်းသင်ပေးရမှာက ဆရာသမားရဲ့အလုပ်တဲ့။ တကယ်လို့ ကိုယ်ကသင်ပေးသင့်တာကို သင်မပေးတဲ့အတွက် ရှင်လောင်းဟာ ရဟန္တာဖြစ်ထိုက်တဲ့ ပါရမီရှိပါလျက် တစပဉ္စက ကမ္မဠာန်းအမှီ မရလို့ ရဟန္တာမဖြစ်တော့ဘူးဆိုရင် သင်မပေးတဲ့ ဆရာဟာ ရှင်လောင်းရဲ့ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်အညွန့်ကို ချိုးပစ်ရာ ရောက်သတဲ့ဟ” “ဒီလိုဆိုတော့လည်း ဆံချတယ်ဆိုတာ သာမန်ကာလျှံကာ မဟုတ်ဘဲ အရေးကြီးတာပဲပေါ့နော်” “အေးပေါ့ကွ” ဦးညွန့်မောင်က ဒေါ်မြင့်၏အမေးကို အတိုချုပ်ရင်း အကြမ်းပန်းကန်ထဲသို့ ရေနွေးငှဲ့ထည့်လိုက်သည်။ အာအတော်ခြောက်သွားပြီ မဟုတ်ပါလား။

“တော့်ရေနွေးက အသာထားစမ်းပါဦး။ ဆရာတော်ပြောတဲ့ နောက်တစ်ခွန်းကို ဆက်စမ်းပါဦး” “ဪ-အေးအေး။ ဒုတိယပြောတဲ့စကားကလည်း တို့ဗုဒ္ဓဘာသာဝင် မြို့သူမြို့သားအားလုံး သတိထားသင့်တဲ့အချက်ပဲကွ။ ဆရာတော်ပြောတာက ဒကာကြီးတို့သားတွေ သာသနာ့ဘောင်မှာ ပျော်သွားရင် တစ်သက်လုံး ဘုန်းကြီးဝတ်ပါစေ။ ဇွတ် လူမထွက်ခိုင်းပါနဲ့တဲ့။ မြို့သူမြို့သားတွေဟာ ရဟန်းသံဃာတွေကို အလှူမင်္ဂလာဆောင်ရှိတဲ့ အခါလောက်ပဲ သတိရကြပြီး အသုံးချစရာ ပစ္စည်းတစ်ခုလောက်သာ သဘောထားမယ်ဆိုရင်၊ ပါရမီရှိတဲ့ မိမိတို့ရဲ့ သားသမီးတွေကို သာသနာရေးအားမပေးဘူးဆိုရင် ရေသောက်မြစ်ခြောက်ရင် သစ်ပင်ကြီးသေရသလို တောဘက်က သာသနာမျိုးဆက်သစ်တွေသာ အလျင်မီအောင် မထွက်တော့ဘူးဆိုရင် ဒီသာသနာကြီး ခဏနဲ့ကွယ်ပျောက်မှာပဲတဲ့။ အဲဒါကြောင့် ဒကာကြီးရဲ့သားတွေ သာသနာ့ဘောင်မှာ တကယ်ပျော်နေပြီဆိုရင် ဇွတ်မထွက်ခိုင်းပါနဲ့တဲ့” “ဆရာတော်ပြောတာ မှန်တာပေါ့။ ကျွန်မတို့ ဗုဒ္ဓဘာသာဝင် မြို့သူမြို့သားတွေဟာ အသီးသာစားချင်တာ အပင်မှမစိုက်ချင်ကြဘဲ။ ကျွန်မတော့ ဆုံးဖြတ်လိုက်ပြီ။ သားနှစ်ယောက်လုံး သာသနာ့ဘောင်မှာ ပျော်လို့ကတော့ တစ်သက်လုံးနေပစေတော့။ ဘယ်တော့မှ မထွက်ခိုင်းတော့ဘူး။ ရှင်ကရော” “ဝမ်းသာလိုက်တာ မိန်းမရာ။ ငါလည်း ဆရာတော် အမိန့်ရှိကတည်းက သားတွေကို ဘယ်တော့မှ လူမထွက်ခိုင်းတော့ဘူးလို့ ဆုံးဖြတ်ပြီးသားပါ”

“တစ်လောက ဓမ္မကထိကဆရာတော်တစ်ပါးဟောတဲ့ သာနုသာမဏေအကြောင်း တရားကို နာရကတည်းက ကျွန်မက သားနှစ်ယောက်လုံးကို သာသနာ့ဘောင်မြဲစေချင်နေတာ” “အမယ် – ဓမ္မကထိကဆရာတော်က ဘယ်လိုများ ဟောသွားသလဲကွ။ လုပ်စမ်းပါအုံး နာကြည့်ရအောင်” “အကုန်တော့ မမှတ်မိတော့ဘူး” “အကုန်မမှတ်မိတော့ဘူးဆိုတော့ ငါက ဘာသွားနားထောင်ရတော့မလဲ” “နည်းနည်းတစ်ဝက်တစ်ပျက်တော့ မှတ်မိသေးတယ်လို့ ပြောမလို့ပါ” “တော်သေးတာပေါ့ကွာ။ စာသင်တိုက်တစ်ခုကို ရောက်လာစ စာသင်သား ရဟန်းတစ်ပါးလိုများ ဖြစ်နေသလားလို့ပါ” “အဲဒီ စာသင်သားရဟန်းက ဘယ်လိုဖြစ်လို့တုန်း” “ဪ အဲဒီကျောင်းတိုက်ရဲ့စည်းမျဉ်းက ကျောင်းတိုက်မှာနေချင်ရင် ရဟန်းဆိုရင် ပါတိမောက်နှစ်စောင် ပြန်ရတယ်တဲ့။ ကိုရင်ဆိုရင် သေခိယတို့ လိင်ဆယ်ပါး၊ ဒဏ်ဆယ်ပါးတို့ အလွတ်ပြန်ရတယ်တဲ့။ အဲဒါနဲ့ အသစ်ရောက်လာတဲ့ ရဟန်းကို ကျောင်းထိုင်ဆရာတော်ကြီးက ‘ကဲ မင်း ဒီကျောင်းတိုက်မှာ နေချင်ရင် ပါတိမောက်နှစ်စောင်ပြန်စမ်း’ လို့ခိုင်းတော့ အဲဒီရဟန်းက ပြောသတဲ့။ ‘တပည့်တော် အကုန်မရဘူးဘုရား’ တဲ့။ ဒီတော့ ဆရာတော်ကြီးကလည်း သက်သက်ညှာညှာနဲ့ ‘ကဲကဲ အကုန်မရလည်း ရသလောက် ပြန်ပါကွာ’ လို့ ပြောတော့”

“ရသလောက် ပြန်လိုက်ရောလား” “မင်းကလည်း ဆုံးအောင် နားထောင်စမ်းပါအုံး။ အဲဒီကျတော့ ရဟန်းလေးက တပည့်တော်အကုန်မရဘူးဆိုတာ တစ်လုံးမှမရဘူးလို့ ပြောတာပါဘုရားတဲ့။ မင်းလည်း အခု ဓမ္မကထိကဟောသွားတာ အကုန်မမှတ်မိဘူးဆိုတော့ အဲဒီရဟန်းလို တစ်လုံးမှမမှတ်မိဘူးများ ဖြစ်နေသလားလို့ပါကွာ” “လူကိုများ အထင်သေးလိုက်တာတော်။ လိုရင်းအချက်လေးကိုတော့ သေချာမှတ်ထားပါတယ်” “ကဲကဲ ပြောစမ်းပါဦးကွာ” “ဘုရားရှင်လက်ထက်တော်အခါက သာဝတ္ထိမြို့မှာ သာနု အမည်ရှိတဲ့ ကိုရင်လေးတစ်ပါး ရှိသတဲ့။ တရားဟောကလည်း သိပ်ကောင်းတာပဲတဲ့။ ရဟန်းခံခါနီး အရွယ်ရောက်လာတော့ ကာမဂုဏ်ဘက် စိတ်ပြောင်းပြီး လူထွက်ချင်လာရောတဲ့။ တစ်နေ့တော့ လူထွက်တော့မယ်ဆိုပြီး မိဘအိမ်ပြန်အလာမှာ အိမ်လည်းရောက်ရော ဘီလူးဝင်စီးတော့တာတဲ့” “ဟ-မင်းဘီလူးက ကိုရင်တောင် ဝင်စီးနိုင်သလားကွ” “ဒါကတော့ သောတာပန်ဖြစ်တဲ့ အရှင်အာနန္ဒာတို့တောင် မာရ်နတ်က စကားမပြောနိုင်အောင် လုပ်နိုင်သေးတာပဲ။ အခု ကိုရင်သာနုက ပုထုဇဉ်လည်းဖြစ်ပြန်၊ ကာမဂုဏ် အာရုံထဲစိတ်ရောက်ဆဲလည်း ဖြစ်ပြန်တော့ ဘီလူးက ဝင်စီးနိုင်တာပေါ့။ ပြီးတော့ ဒီဘီလူးက ရိုးရိုးဘီလူးမဟုတ်ဘူးလေ” “ဘာလဲ ရိုးရိုးဘီလူးမဟုတ်ရင် ရှယ်ဘီလူးလား” “ဟုတ်တယ်။ ရှင်ပြောသလို ရှယ်ဘီလူးပေါ့။ သူက နတ်ဘီလူးဖြစ်တဲ့အပြင် ကိုရင်သာနုရဲ့ အတိတ်ဘဝတစ်ခုက မိခင်ဖြစ်ခဲ့ဖူးတဲ့ ဘီလူးမ ဖြစ်နေတယ်” “ဟ-မင်းဟာက ရှေ့နောက် မညီညွတ်သေးပါဘူး။ မိခင်ဖြစ်ခဲ့ဖူးတဲ့ ဘီလူးမဆိုရင် ကိုယ့်သားဖြစ်ခဲ့ဖူးတဲ့ ကိုရင်ကို ဘေးမရောက်အောင် စောင့်ရှောက်ဖို့ ရှိပါတယ်။ အခုတော့ ဘယ့်နှယ့် သူကိုယ်တိုင်တောင် ဝင်စီးပြီး ဒုက္ခပေးနေတယ်ဆိုတော့”

“ရှင်ကလည်း စကားတော့ ဆုံးအောင် နားမထောင်ဘူး။ သူဝင်စီးတာကိုက ကိုရင်သာနုကို သာသနာ့ဘောင်မှာ မြဲစေချင်လို့ ဝင်စီးတာ။ စီးပြီးတာနဲ့ ဘီလူးမက ဘာပြောသလဲဆိုတော့ ဒီသာနုကိုရင်လေး သာသနာ့ဘောင် မြဲနေတဲ့အတွက် သူ့မှာသွားလေရာ မျက်နှာပွင့်လင်းပြီး ထင်ပေါ် ကျော်စောနေတယ်တဲ့။ နတ်သဘင် အစည်းအဝေးသွားလည်း သာနုကိုရင်ရဲ့ မယ်တော်ဆိုပြီး နေရာပေးကြိုဆိုကြတယ်တဲ့။ “ကိုရင်သာနု သာသနာ့ဘောင်က ထွက်သွားရင် သူ့မှာလည်း စောစောကပြောတဲ့ ဂုဏ်တွေ မရရှိနိုင်တော့သလို ကိုရင်သာနုမှာလည်း လူ့လောကမှာ ဆင်းရဲဒုက္ခရောက်ဖို့ပဲ ရှိတယ်။ ဒါကြောင့် ကိုရင်သာနု သာသနာ့ဘောင်မှာ မနေဘဲ လူဝတ်လဲမယ်ဆိုရင် ဒီထက်ဒုက္ခရောက်စေရမယ်လို့ ခြိမ်းခြောက်ပြီးမှ ထွက်သွားသတဲ့။ ကိုရင်သာနု သတိပြန်လည်လာတဲ့အခါကျမှ အဖြစ်မှန်တွေသိပြီး သံဝေဂရသွားလို့ သာသနာ့ဘောင်မှာနေရင်း ဆက်ကြိုးစားလိုက်တာ ရဟန္တာကြီးတောင် ဖြစ်သွားသတဲ့။ အဲဒီမှာ ကျွန်မစဉ်းစားမိတာက မိမိရဲ့သားတစ်ယောက် သာသနာ့ဘောင် ရောက်နေရင် အရင်ဘဝက တော်စပ်ခဲ့ဖူးတဲ့ မိဘများတောင် ဂုဏ်ကျက်သရေ တိုးတက်နေရင် အခုဘဝက မိဘတွေကတော့ ပြောစရာတောင် ရှိတော့မယ်မထင်ဘူးလို့” “အဲဒါကြောင့် မင်းက သားတွေကို သာသနာ့ဘောင် မြဲအောင်ထားတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်ပေါ့” “ဒါပဲပေါ့” “ကောင်းလေစွ၊ ကောင်းလေစွ၊ ကောင်းလေစွ။ သာဓု၊ သာဓု၊ သာဓု”

မေတ္တာရှင် (ရွှေပြည်သာ) ရေးသားထားသော ဖယောင်းတိုင်တစ်တိုင်၏ အလင်းရောင်နှင့် ဒဿနရသဝတ္ထုတိုများ စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

OpenYourBusinessOnline

ရသ

Related Posts