ကူညီပါရစေ (ဇာတ်သိမ်းပိုင်း)

ကူညီပါရစေ အပိုင်း (၆)

ကူညီပါရစေ အပိုင်း (၆) – တချို့လူများသည် စောရနက္ခခေါ် သူခိုးနက္ခတ်နှင့် ယှဉ်ပြီး မွေးသောကြောင့် သူများပစ္စည်းကို မခိုးရလျှင် မနေနိုင်ဟု ဆိုသည်။ အောင်ဘာလေကတော့ ဘာနှင့်ယှဉ်ပြီး မွေးခဲ့သလဲမသိ။ ကူညီနက္ခတ်ဆိုတာ ရှိလျှင်တော့ အဲဒါနှင့်ယှဉ်ပြီး မွေးတာဟု ပြောရပေလိမ့်မည်။ မကူညီရ မနေနိုင်အောင် တမင်တကာ လိုက်ရှာကြနေသောကြောင့် ပဲလား၊ သူ့ ကံဇာတာကို ကူညီစရာနှင့် ကြုံကိုကြုံရဖို့ ဖန်လာခဲ့သလားမသိ။ သွားလေရာမှာ ကူညီဖို့ အခွင့်အလမ်းနှင့် ကြုံရသည်။

တစ်ရက်တွင် ဈေးဘက်သို့ ထွက်လာရင်း ထီဆိုင်ကို မြင်သဖြင့် ထီမထိုးရသေးကြောင်း သတိရသည်။ ဆိုင်ရှင် ကိုခင်ကလည်း လှမ်းခေါ်ရင်း “နံပါတ်လှလှလေးတွေ ရှိတယ်ဗျ …” ဟု ပြောပြီး ထီစာအုပ် သုံးလေးအုပ် ချပေးသည်။ တစ်အုပ်ပြီး တစ်အုပ်ရွေးရင်းက သူကြိုက်သော နံပါတ်တစ်ခု သွားတွေ့သည်။ အက္ခရာက ‘က’၊ တစ်အစ တစ်အဆုံး။ ထီဖိုးပေး၊ ထီလက်မှတ်ယူပြီး ကိုခင်နှင့် စကားပြောနေတုန်း အသက်ငါးဆယ်ကျော် ခြောက်ဆယ်နီးပါး လူကြီးတစ်ယောက် ရောက်လာပြီး ထီစာအုပ်တွေကို ကြည့်ရင်း နံပါတ်ရွေးနေသည်။ ထို့နောက် ထီစာအုပ်ကို လှန်ကြည့်ရင်း … “ဟာ ဒုက္ခပါပဲ … ငါလိုချင်တဲ့ နံပါတ်က မရှိတော့ဘူး” “ဘာဖြစ်လို့လဲ ဦးလေး” ကိုခင်က မေးသည်။ လူကြီးက

“ငါက တစ်အစ တစ်အဆုံး လိုချင်တာကွ … အဲဒီတစ်စောင်က သူများထိုးပြီးသွားပြီ” အောင်ဘာလေ သူ့အင်္ကျီအိတ်ကို စမ်းလိုက်မိ၏။ ကိုခင်က အောင်ဘာလေဘက် တစ်ချက်ကြည့်ပြီး လူကြီးဘက် ပြန်လှည့်၍ … “တခြားနံပါတ်ကောင်းကောင်းလေးတွေ ရှိပါသေးတယ် … ဟောဒီမှာ ခုနစ်အစ ခုနှစ်အဆုံး ရှိတယ်” “ဟာ မရဘူးကွ … တစ်အစ တစ်အဆုံးပဲ ထိုးရမှာ” “ဒါဆိုရင်တော့ တခြားဆိုင်မှာ ရှာကြည့်ပါဦး … ဟိုဘက်ထိပ်မှာ ထီဆိုင်တစ်ဆိုင် ရှိပါသေးတယ်” “မဖြစ်ဘူးကွ … ဗေဒင်က ဟောထားတာက တနင်္လာနေ့မှာ တနင်္လာနံအက္ခရာနဲ့ တစ်အစ တစ်အဆုံး ထိုးရမှာ … ထီဆိုင်ကလည်း တနင်္လာနံနဲ့ စတဲ့နာမည် ဖြစ်ရမယ်တဲ့၊ မင်းဆိုင်က ချမ်းသာထီဆိုင်ဆိုတော့ အားလုံးကွတ်တိ ဖြစ်နေတာပဲ၊ သူများဦးသွားတာ ဆိုးသကွာ … ဘယ့်နှယ်လုပ်ရပါ့မလဲ”

လူကြီး၏ စကားမဆုံးခင်မှာပင် အောင်ဘာလေသည် သူ့အိတ်ထဲမှ ထီလက်မှတ်ကို ထုတ်ယူပြီးဖြစ်နေပြီ။ ထို့နောက် “ဒီမှာ … ဒီမှာ ဦးလေး” ဟု ခေါ်လိုက်ပြီး “ဦးလေး လိုချင်တဲ့ ထီလက်မှတ်က ကျွန်တော် ထိုးထားတာပါ … ဦးလေးအတွက် အရေးကြီးနေရင် ယူလိုက်ပါ” ဆိုပြီး ထီလက်မှတ်ကို လှမ်းပေးလိုက်သည်။ လူကြီးက ထီလက်မှတ်ကို ယူကြည့်ပြီး ‘အစစ်ပဲ’ ဟုပြောရင်း မျက်နှာ ဝင်းပသွားသည်။ ပြီးမှ တစ်စုံတစ်ခု စဉ်းစားမိဟန်ဖြင့် … “ဒီနံပါတ်က မင်းလည်းကြိုက်လို့ ထိုးထားတာ ထင်တယ် … ငါက ပြန်ယူလို့ ဘယ်သင့်တော်ပါ့မလဲကွ” “ရပါတယ် ဦးလေးရ … ကျွန်တော်က နံပါတ်လှလို့ ယူထားတာပါ၊ အရေးမကြီးပါဘူး၊ ဦးလေးကတော့ ဒီနံပါတ်ရမှ ဖြစ်မှာ မဟုတ်လား” လူကြီးသည် ဝမ်းမြောက်ဝမ်းသာဖြစ်သွား၏။ ထီလက်မှတ်ဖိုး နှစ်ဆယူပါဟု ပြောသည်။ အောင်ဘာလေက လက်မခံဘဲ ဈေးရင်းသာ ယူလိုက်သည်။

ဒီတစ်ခါတော့ အောင်ဘာလေ၏ ကူညီမှုမှာ အကြီးအကျယ် အောင်မြင်မှု ရသွားသည်။ အကြောင်းမှာ ဟိုလူကြီးကို လွှဲပြောင်းပေးလိုက်သည့် ထီလက်မှတ်က ပေါက်သွားသောကြောင့် ဖြစ်၏။ ပေါက်တာမှ နည်းနည်းပါးပါး မဟုတ်။ ဆယ်သိန်းဆုကြီး ပေါက်သွားခြင်းဖြစ်၏။ ထိုလူကြီးမှာ ကျေးဇူးသိတတ်သူ ဖြစ်၏။ ထီဆိုင်ပိုင်ရှင် ကိုခင်မှတစ်ဆင့် အောင်ဘာလေ၏ လိပ်စာကို သိရပြီး အိမ်ရောက်လာသည်။ ကျေးဇူးဆပ်သည့်အနေဖြင့် ငွေငါးသောင်း ပေးသည်။အောင်ဘာလေက လက်မခံ။ “ဦးလေးကံနဲ့ ဦးလေးရတာပဲ …” ဟု ဆိုပြီး ငွေယူရန် အကြောက်အကန် ငြင်းဆန်နေသည်။ ဘယ်လိုမှ ဇွတ်အတင်းပေးလို့မရတော့မှ လူကြီးလည်း လက်လျှော့လိုက်ပြီး “မင်းလို သူငယ်မျိုးကတော့ တကယ်ရှားပါတယ်ကွာ … နောင်တစ်ချိန် မင်းမှာ ဘယ်လို အကူအညီမျိုးပဲလိုလို ဦးလေးဆီကို လာခဲ့ ကြားလား၊ ဦးလေးနာမည် ဦးချစ်ထူးလို့ ခေါ်တယ် … ဟော ဒီမှာ ဦးလေးရဲ့ လိပ်စာကတ်ပြား ယူထားလိုက်” ဟု ပြောပြီး အောင်ဘာလေကို ကျေနပ်စွာ ကျောသပ်ရင်သပ် လုပ်ပြီးမှ ပြန်သွားလေသည်။

မင်းလူ ရေးသားထားသော ရယ်မောခြင်းလက်ကျန် စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

OpenYourBusinessOnline

ရသ

Related Posts