ကူညီပါရစေ (ဇာတ်သိမ်းပိုင်း)

ကူညီပါရစေ အပိုင်း (၅)

ကူညီပါရစေ အပိုင်း (၅) – သူသည် ရန်ကုန်မြို့ထဲသို့ ထွက်လာခဲ့ပြန်သည်။ ခုအခါလည်း သူ့ကိစ္စမဟုတ်။ ရပ်ကွက်ထဲမှ လူတစ်ယောက် မွတ်စလင်ဆေးရုံမှာ တက်နေသဖြင့် ထိုသူ၏အိမ်က ထမင်းပို့ခိုင်း၍ လာပို့ခြင်းဖြစ်၏။ အိမ်ကလူတွေ မအား၍ သူ လာပို့ခြင်းဖြစ်ကြောင်း လူနာကို ပြောတော့ …

“ဒီသောက်ကောင်မက ဘာတွေလုပ်နေလို့ မအားရတာလဲ … လူနာထက်များ ပိုအရေးကြီးတာ ရှိလို့လား၊ ငါ ဆေးရုံတက်နေရတာနဲ့ အကြိုက်တွေ့ပြီး ပိုအရေးကြီးတာ ရှိလို့လား၊ ငါ ဆေးရုံတက်နေရတာနဲ့ အကြိုက်တွေ့ပြီး ငါ့ကွယ်ရာမှာ လင်ငယ်နဲ့ ချိန်းတွေ့နေသလား မသိဘူး …” ဟု လူနာက မဆီမဆိုင် သူ့ကို ဟိန်းဟောက်နေသေးသည်။ အောင်ဘာလေက … “မဟုတ်ပါဘူးဗျာ၊ အစ်ကို့မိန်းမက ဆေးဖိုးဝါးခအတွက် ငွေလိုလို့ သွားချေးရမှာမို့ပါ … ဆေးတွေလည်း ဈေးကြီးတယ်မဟုတ်လား၊ ဒါတောင် ဒီဆေးရုံက ကုသိုလ်ဖြစ်မို့ တချို့ဆေးတွေ ဝယ်စရာမလိုဘဲ အလကားပေးလို့ သက်သာတာ … ညနေကျတော့ ဆက်ဆက်လာပါ့မယ်လို့ မှာလိုက်ပါတယ်” ဟု ချော့မော့ပြောပြီး ထမင်းကျွေးရသည်။ လူနာက လမ်းလျှောက်လို့ မရသေးသဖြင့် သူသွားထားသော ဆီးအိုးကို အောင်ဘာလေက သွန်ပေးခဲ့ရသေးသည်။

ဆေးရုံက ပြန်ထွက်လာပြီးနောက် အိမ်ပြန်ရန် ကားမှတ်တိုင်ဆီသို့ လျှောက်လာခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် မဟာဗန္ဓုလလမ်းကို ဖြတ်ကူးသွားမည်ပြုစဉ် ဟိုတစ်ခါ လမ်းတွဲကူးပေးခဲ့သော အဘွားကြီးကို ပလက်ဖောင်းစွန်းမှာ ရပ်လျက် တွေ့ရပြန်သည်။ အဘွားကြီးမှာ ဟို တစ်ခါကလိုပင် လက်ဝါးကလေးဖြင့် အလင်းရောင်ကို ကာရင်း လမ်းတစ်ဘက်သို့ ကြည့်နေသည်။ အောင်ဘာလေက ဟိုတစ်ခါကိစ္စကို သတိရ၍ တစ်ချက်ပြုံးကြည့်ပြီး ဘေးမှဖြတ်အလျှောက်တွင် … “သားလေးရေ … အမေကြီးကို တစ်ခုလောက် ကူညီစမ်းပါ” ဟု အဘွားကြီးက လှမ်းပြောသည်။ ကူညီပါဆိုသော စကားကြားသောအခါ အောင်ဘာလေ ခြေလှမ်းတုံ့ပြီး ရပ်လိုက်၏။ “ဘာလဲ အမေကြီး …” “အမေကြီး ဟိုဘက်လမ်း ကူးချင်လို့ပါကွယ် … ကားတွေက ရှုပ်လွန်းလို့၊ အဲဒါ တစ်ဆိတ်လောက် ကူညီပါလား” “ရပါတယ် အမေကြီးရဲ့ … ဒါပေမဲ့ အရင်တစ်ခါလိုတော့ ဟိုဘက်လမ်းရောက်မှ ဒီဘက်ပြန်ပို့ပေးပါဦးလို့တော့ မလုပ်နဲ့ဦးနော်”

အောင်ဘာလေက ပြောလိုက်ရာ အဘွားကြီးက ခဏမျှ စဉ်းစားသလို တွေးနေပြီးနောက် အောင်ဘာလေကို မျက်လုံးမှေးပြီး သေသေချာချာကြည့်သည်။ ထို့နောက် ရယ်လိုက်ပြီး … “လတ်စသတ်တော့ ဟိုတစ်ခါ လမ်းကူးဖို့ ခေါ်သွားတာ ငါ့သားကိုး၊ ဟေး ဟေး … အဲဒီတုန်းက မင်းကလည်း လာအမေကြီးဆို ဆွဲခေါ်တော့ … အမေကြီးလည်း ဘုမသိဘမသိ လိုက်ခဲ့တာပေါ့၊ ဒီတစ်ခါတော့ တကယ်လမ်းကူချင်လို့ပါကွယ် … မြေးမလေးက ကျောင်းဖွင့်ရက်ဆိုတော့ ကိုယ့်ဘာသာပဲ မုန့်ဟင်းခါး သွားစားချင်လို့ပါ” “ကဲ … ဒါဆိုလည်း လာအမေကြီး” အောင်ဘာလေက အဘွားကြီးကိုတွဲ၍ လမ်းတစ်ဘက်သို့ ကူးသည်။ လမ်းကူးရင်းကလည်း အဘွားကြီးမှာ ‘ကျေးဇူးပါပဲကွယ်’ ဟု တတွတ်တွတ် ပြောနေသေးသည်။ လမ်းတစ်ဘက် ပလက်ဖောင်းအနီးသို့ အရောက်တွင် ကားတစ်စင်းကို ကွယ်၍ စောင့်နေသော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးမှာ ရုတ်တရက် ထွက်လာပြီး ရှေ့မှပိတ်ရပ်ရင်း ပြုံးပြုံးကြီး ဆီးကြိုနေလေသည်။

“ကဲ … ဒီကားပေါ် တက်ကြပါ” အောင်ဘာလေ၏ လက်မောင်းကိုကိုင်၍ ကားကိုညွှန်ပြရင်း ယာဉ်ထိန်းရဲက ပြောသည်။ အဘွားကြီးက … “နေပါစေကွယ်၊ ကားနဲ့ လိုက်ပို့စရာမလိုပါဘူး … အမေကြီးက သုံးဆယ့်ရှစ်လမ်းတင် သွားမှာပါ” ဟု ပြောနေသေးသည်။ ယာဉ်ထိန်းရဲက … “လိုက်ပို့မလို့ မဟုတ်ဘူးခင်ဗျ … မျဉ်းကျားက လမ်းဖြတ်မကူးလို့ အရေးယူမလို့၊ ကဲ … တက်ကြပါ၊ ဟိုကျမှ ဒဏ်ငွေဆောင်ကြပေါ့” အောင်ဘာလေမှာ အဘွားကြီးကို ကားပေါ် တွဲတင်ပေးရသေးသည်။ အဘွားကြီးမှာ ကားပေါ်လိုက်ပါလာရင်း ‘ဒုက္ခပါပဲ၊ ဒုက္ခပါပဲ’ ဟု ရေရွတ်နေသည်။ အောင်ဘာလေက သူ့ကိစ္စထက် အဘွားကြီးအတွက်သာ စိတ်ပူနေရသည်။ ခုလို အဆွဲခံရတာ လည်း သူ့တာဝန်မကင်းဟု ယူဆမိသည်။ ရုံးကိုရောက်တော့ အတော်ကြာ စောင့်ဆိုင်းနေရပြီးနောက် ဒဏ်ငွေဆောင်ရသည်။ အောင်ဘာလေဆီမှာ သူ့တစ်ယောက်စာ အတွက်တော့ရှိသည်။ အဘွားကြီးဆီမှာက မုန့်ဟင်းခါးစားဖို့ ငွေဆယ့်ငါးကျပ်သာ ပါသည်။

အောင်ဘာလေအနေဖြင့် သူ့အတွက် သူဆောင်ပြီး ထွက်သွားလို့ရသော်လည်း အဘွားကြီးကို ပစ်မထားခဲ့နိုင်။ အဘွားကြီးအိမ်ကို သွားပြောပေးဖို့ စိတ်ကူးရသော်လည်း … “ဒီအချိန်ဆို အိမ်မှာ ဘယ်သူမှ ရှိမှာ မဟုတ်ဘူး … ညနေကျမှ လူစုံ ပြန်ရောက်မှာ” ဟု အဘွားကြီးက ပြောသဖြင့် ခက်နေပြန်သည်။ နောက်ဆုံး မတတ်သာသဖြင့် အဘွားကြီးအတွက် သူ့ရှိသည့်ငွေဖြင့် ဒဏ်ငွေပေးဆောင်လိုက်သည်။ “မင်းအတွက်ကကျတော့ ဘယ့်နှယ်လုပ်မှာလဲ …” ဟု အဘွားကြီးက မေးသေးသည်။ “ကျွန်တော့်အတွက် မပူပါနဲ့ … ကြည့်လုပ်ပါ့မယ်” ပြောလိုက်ရသည်။ “အေးကွယ် … မောင်မင်းကြီးသား ကျေးဇူးပါပဲ၊ ဒီက ကိစ္စပြီးရင် အမေကြီးတို့အိမ် ဝင်ခဲ့ပါ၊ စိုက်ပေးထားတဲ့ငွေ ပြန်ပေးပါ့မယ် … မဟာဗန္ဓုလ ပန်းခြံလမ်း အလယ်လမ်းမှာ ဒေါ်ကြင်လို့မေးရင် လူတိုင်းသိပါတယ်” “ရပါတယ် အမေကြီးရယ် … အမေကြီးသာ ဒီကပြန်ရင် လမ်းကူးတာ မမှားပါစေနဲ့၊ ကူးတဲ့အခါ တစ်ယောက်တည်း မကူးနဲ့နော် … တစ်ယောက်ယောက်ကို တွဲခိုင်းဦး” ဟု အောင်ဘာလေက စိတ်မချသဖြင့် မှာလိုက်ရသေးသည်။ အဘွားကြီးကိစ္စပြီးတော့ သူ့ကိစ္စ စဉ်းစားရသည်။ တာဝန်ရှိသူကို မေးကြည့်တော့ နိုင်ငံသားကတ်ပါလျှင် အပေါင်ထားခဲ့၊ ငွေပြန်ယူပြီး လာရွေးလို့ရသည်ဟု ပြောသည်။ ကံအားလျော်စွာ သူ့ဆီမှာ နိုင်ငံသားကတ်ပါသဖြင့် အပေါင်ထားခဲ့ပြီး ထွက်လာရသည်။

မင်းလူ ရေးသားထားသော ရယ်မောခြင်းလက်ကျန် စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

OpenYourBusinessOnline

ရသ

Related Posts