ကူညီပါရစေ (ဇာတ်သိမ်းပိုင်း)

ကူညီပါရစေ အပိုင်း (၃)

ကူညီပါရစေ အပိုင်း (၃) – အောင်ဘာလေသည် အမိဝမ်းတွင်းမှ ကျွတ်ခါနီးဆဲဆဲကစ၍ သူ့မိဘကို ကူညီခဲ့သည်။ (ထီ ထောင့်ငါးရာဆုပေါက်ခြင်း)။ မွေးလာပြီးတော့လည်း သန္ဓေကောင်းသော ကလေးငယ်တစ်ယောက်ဖြစ်လာသည်။

မိဘကို ဒုက္ခမပေး။ နို့ဆာလို့ အော်ငိုတာမျိုး မရှိ။ အမေက သတိရလို့တိုက်မှ တပြွတ်ပြွတ် အငမ်းမရ စို့တတ်သည်။ တချို့ကလေးတွေလို ညဘက်မအိပ်ဘဲ ဂျီကျတာမျိုးလည်းမရှိ။ မအိပ်ချင်လျှင်လည်း မျက်လုံးကလေး အပြူးသားနှင့် သူ့ဘာသာ ငြိမ်ငြိမ်ကလေး နေတတ်သည်။ သေးစို ချေးလူးဖြစ်နေသည့်တိုင် ယက်ကန်ယက်ကန်နှင့်သာ နေတတ်သည်။ နည်းနည်းလေး သိတတ်သောအရွယ် ရောက်သည်နှင့် သူ၏ကူညီချင်တတ်သော ဗီဇက ပြလာသည်။ တစ်ရက်တွင် သူ့အဖေက ထမင်းစောစောဆာသဖြင့် … “ထမင်းစားမယ်ဟေ့ …” ဟု ပြောသည်။ သူ့အမေက … “ဟင်းမကျက်သေးဘူး …” “ဟာ … မင်းဟာက နောက်ကျလှချည်လား” “စောစောစားချင်ရင် ကျွန်မ ဈေးသွားနေတုန်း ရှင်က ထမင်းအိုးလေး တည်ထားနှင့်ပါလား၊ ကြက်သွန်လေး ငရုတ်လေး ထောင်းထားနှင့်ပါလား၊ ဒီမှာ တစ်ကိုယ်တည်းနဲ့ အားလုံးလုပ်နေရတာ …”

အဖေနှင့် အမေ အပြန်အလှန် ပြောနေကြတာကို ရှစ်နှစ်သားအရွယ် အောင်ဘာလေက ကြားသည်။ နောက်တစ်နေ့ကျတော့ အဖေလည်း ထမင်းစောစော စားရအောင် အမေလည်း သက်သာအောင်ဆိုပြီး သူ့အမေ ဈေးသွားနေတုန်း အောင်ဘာလေက ထမင်းအိုးတည်သည် …။ တည်တတ်လို့တော့ မဟုတ်။ သူ့အမေလုပ်တာ ကြည့်ထားပြီး လိုက်လုပ်ခြင်းဖြစ်၏။ ဆန်ဘယ်နှစ်လုံး ထည့်ရမည်ကို သူ မသိ။ သုံးယောက်စားမှာမို့ သုံးလုံးထည့်မည်ဟု သူ့ဘာသာ ဆုံးဖြတ်သည်။ ဆန်ဆေးပြီးတော့ ရေထည့်သည်။ သုံးယောက်ဆိုတော့ ရေဖလားနှင့် သုံးခွက်ထည့်သည်။ မီးမမွှေးတတ်သဖြင့် နာရီဝက်လောက်ကြာမှ မီးတောက်သည်။ ထမင်းအိုး တင်ထားပြီးနောက် ကြက်သွန်နွှာသည်။ ငရုတ်သီးထောင်းသည်။ ငရုတ်သီးဖတ် မျက်စိထဲဝင်သောအခါ ပူစပ်ပူလောင်ဖြစ်ပြီး ဘာလုပ်ရမှန်းမသိသဖြင့် အော်ငိုသည်။ ထိုအခါကျမှ သူ့အဖေ မီးဖိုထဲ ပြေးဝင်လာသည်။

မျက်စိကို ရေဆေးပေး၊ ခြေမပေါ် ရေလောင်းလုပ်ပြီး ဘယ်လိုဖြစ်တာလဲ မေးရသည်။ အောင်ဘာလေက အဖေ ထမင်းစောစောစားရအောင် လုပ်တာဖြစ်ကြောင်း ပြောပြသည်။ အမေ ပြန်လာတော့ ခုလိုဖြစ်ရတာ သူ့ကြောင့် ငါ့ကြောင့်ဆိုပြီး အဖေနှင့်အမေ ရန်ဖြစ်ကြသည်။ အောင်ဘာလေ တည်ထားသော ထမင်းအိုးကလည်း ဆန်ပြုတ်ဖြစ်သွား၏။ ထမင်းရည်အိုးငှဲ့သည့်အဆင့် မရောက်တာ ကံကောင်းသည်။ သွားငှဲ့လိုက်မိပြီး မတော်လို့ ထမင်းရည်ပူလောင်လျှင် အောင်ဘာလေတစ်ယောက် သည်ရုပ်သည်ရည် ဖြစ်ချင်မှတောင် ဖြစ်လာမည်။ အောင်ဘာလေကတော့ မမှတ်သေး။ အမေ့ကို ကူညီပြီးတော့ အဖေ့ကို မကူညီလျှင် မျက်နှာလိုက်ရာကျမည်ဟု တွေးသည်။ ဘာကူညီလျှင် ကောင်းမလဲ အကွက်ရှာသည်။

တစ်ရက်တွင် သူ့အဖေ နေ့လယ်တရေးတမော အိပ်နေတုန်း စားပွဲပေါ်က ဆေးတံကို တွေ့သည်။ ယူကြည့်တော့ ဆေးတံအိုးထဲမှာ ဆေးချေးတွေ တက်နေတာ အတော်ထူနေပြီဖြစ်ကြောင်း တွေ့ရ၏။ “ဪ … အဖေတစ်ယောက်တော့ အလုပ်တွေများလွန်းလို့ ဆေးတံတောင် ဆေးချေးတွေ မချွတ်နိုင်ရှာပါကလား …” ဟု တွေးမိသည်။ ထို့ကြောင့် လွှကြိုးကလေးတစ်ချောင်းရှာပြီး ဆေးတံအိုးထဲက ဆေးချေးတွေကို စိတ်ရှည်လက်ရှည် ခြစ်ပစ်သည်။ ဒါနှင့် အားမရနိုင်သေးဘဲ သွားပွတ်တံအဟောင်းနှင့်တိုက်ပြီး ဆပ်ပြာနှင့် သေသေချာချာ ဆေးကြောလိုက်သည်။ ထိုအခါ ဆေးတံကလေးမှာ အသစ်ကဲ့သို့ ပြောင်လက်တောက်ပသွားလေတော့သည်။ အဖေနိုးလာလျှင် အံဩဝမ်းသာသွားအောင် စားပွဲပေါ် အသာပြန်တင်ထားပြီး တစ်နေရာမှ မသိမသာ စောင့်ကြည့်နေလိုက်သည်။ တအောင့်ကြာတော့ သူ့အဖေ နိုးလာသည်။ ဆေးလိပ်ဆေးတံသမားတို့ ထုံးစံအတိုင်း အိပ်ရာက နိုးနိုးချင်း ခံတွင်းချဉ်တတ်သည်။ ထို့ကြောင့် ဇိမ်ကျကျ သောက်လိုက်မည်ဟု ဆေးတံကို ကောက်ကိုင်သည်။ ပထမ မျက်မှောင်ကြုတ်ပြီး ကြည့်သည်။ ပြီးတော့ နားမလည်သလို ကြောင်တောင်တောင် ဖြစ်သွားသည်။ ထို့နောက် မျက်လုံးပြူးလာသည်။

“ဟေ့ … ငါ့ဆေးတံကို ဘယ်သူ ဒါ … လုပ်တာလဲ” ဟု မချင့်မရဲအသံဖြင့် အော်သည်။ အောင်ဘာလေ အံ့ဩသွားသည်။ အဖေ ဘယ်လိုဖြစ်သွားတာပါလိမ့်။ တန်တော့ သူ့ဆေးတံကို မမှတ်မိတော့ဘူး ထင်တယ်ဟုတွက်ပြီး “အဲ့ဒါ … သား လုပ်ထားတာလေ … ဖေဖေကလည်း ဆေးတံ ဘယ်လောက်တောင် ပစ်စလတ်ခတ်ထားသလဲ မသိဘူး၊ ဆေးချေးတွေ တက်နေတာ အများကြီးပဲ၊ မနည်းပြောင်အောင် တိုက်ရတယ် …” သူ့အဖေသည် နဖူးကို ဖြန်းခနဲရိုက်လိုက်ပြီး အတော်စိတ်ဓာတ်ကျသွားဟန်ဖြင့် “သေလိုက်ပါတော့ကွာ … ဒီလို ဆေးချိုးတက်အောင် တမင်တကာ လုပ်ထားရတာကွ၊ သွားပါပြီကွာ … သွားပါပြီ” ဆေးတံသမားတို့မည်သည် ဆေးတံအသစ်စက်စက်ကို သောက်လို့ ခံတွင်းမတွေ့ကြ။ အသားကျသွားအောင် ရက်ပေါင်းများစွာ စိတ်ရှည်လက်ရှည် အချိန်ယူ၍ ကျင့်ရသည်။ သည်လိုနှင့် ဆေးချိုးတွေ ထူလာလေ ဆေးတံက သောက်ကောင်းလေ ဖြစ်၏။ ဆေးချိုးတက်ခြင်းသည် ဆေးတံသမားတို့အဖို့ ဆေးတံသက်ရင့်ကြောင်း ဂုဏ်ယူဖွယ်တစ်ခုပင် ဖြစ်၏။ ဒါကို အောင်ဘာလေက သိမှ မသိဘဲကိုး။

မင်းလူ ရေးသားထားသော ရယ်မောခြင်းလက်ကျန် စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

OpenYourBusinessOnline

ရသ

Related Posts