ကူညီပါရစေ (ဇာတ်သိမ်းပိုင်း)

ကူညီပါရစေ အပိုင်း (၂)

ကူညီပါရစေ အပိုင်း (၂) – အထက်ပါ အဖြစ်အပျက်သည် ရုပ်ရှင်တို့၊ ဝတ္ထုတို့မှာဆိုလျှင် ဇာတ်ကောင်စရိုက်ကို မိတ်ဆက်သည့်အနေဖြင့်လည်းကောင်း၊ ဇာတ်လမ်းအပေါ် စိတ်ဝင်စားမှု ရှိစေရန် ကြို၍ခင်းထားသည့် အနေဖြင့်လည်းကောင်း ပြလေ့၊ ရေးလေ့ရှိသည့် သဘောမျိုးဖြစ်၏။ ခုလည်း … လူတစ်ယောက်အကြောင်းကို ပြောပြချင်သောကြောင့် အချက်တစ်ချက်ကို နမူနာအဖြစ် ထုတ်နုတ်ပြခြင်း ဖြစ်၏။

သူ့နာမည်မှာ အောင်ဘာလေဟု ခေါ်၏။ ဒီနာမည် ဖြစ်ပေါ်လာရခြင်းမှာလည်း အကြောင်းရှိ သည်။ သူ့ကို မွေးခါနီး သူ့အမေ ဗိုက်နာနေတုန်းမှာ ထီလက်မှတ် ပွေ့ရောင်းသူတစ်ယောက် အိမ်ရှေ့က ဖြတ်လျှောက်ရင်း … “တစ်ရွက်ပဲ ကျန်တော့တယ်နော်၊ တစ်ရွက်ကျန် တစ်သက်စံတဲ့” ဟု အော်သွားသည်။ အဖေလုပ်သူက ဒါကိုကြားသဖြင့် တိုက်ဆိုင်သည် ဟုတွက်ပြီး ယင်းထီလက်မှတ်ကို ဝယ်လိုက်သည်။ ထိုစဉ်မှာပင် သူလည်း အမိဝမ်းတွင်းမှ ထွက်လာပြီး ‘အူဝဲ’ ဟု အော်ငိုလိုက်သည်။ “ဘာလေးလဲဟေ့ …” သူ့အဖေက အတွင်းခန်းသို့ အော်မေးသည်။ ဝမ်းဆွဲလက်သည်က ‘ယောက်ျားလေးတော်ရေ’ ဟု ပြန်အော်သည်။ ထီလက်မှတ်လာရောင်းသည့်အချိန်မှာ မွေးသဖြင့် သူ့ကို ‘အောင်ဘာလေ’ ဟု အမည်မှည့်ခေါ်လိုက်လေသည်။ ထီဖွင့်သောအခါ သူတို့ထိုးထားသော ထီလက်မှတ်က ပေါက်တော့ ပေါက်သည်။ ဆုကြီးမဟုတ်။ ထောင့်ငါးရာဆုသာ ဖြစ်၏။ သို့တိုင်အောင် သူ့အဖေကတော့ အောင်ဘာလေကို လာဘ်ကောင်းသူ အကျိုးပေးမည့်ကလေးဟု သတ်မှတ်ခဲ့လေ၏။

အောင်ဘာလေသည် ရိုးသားပြီး စိတ်ကောင်းရှိသူဖြစ်၏။ သူ၏ ထူးခြားချက်ကတော့ သူတစ်ပါးကို အလွန်ကူညီလိုသော စိတ်ထားရှိခြင်းပင် ဖြစ်သည်။ တစ်ခုရှိတာက တစ်ဘက်လူက လိုအပ်လို့ အကူအညီတောင်းမှ ကူညီခြင်းမျိုးမဟုတ်။ သူ့အနေဖြင့် ကူညီသင့်သည်ထင်လျှင် လိုသည်ဖြစ်စေ၊ မလိုသည်ဖြစ်စေ အတင်းဝင်ကူညီတတ်သည်။ တချို့လူတွေကျတော့ တကယ် အကူအညီလိုတာမဟုတ်။ တချို့ကလည်း ကိုယ့်ကိစ္စကို သူများက ဝင်ကူညီတာ သဘောမတွေ့တတ်ကြ။ သို့ရာတွင် အောင်ဘာလေကတော့ ဒါတွေဂရုမစိုက်။ စိတ်ကူးပေါက်လျှင် ဘာမျှ မစဉ်းစားဘဲ ဝင်ကူညီလိုက်တာပဲဖြစ်၏။ သို့ဖြင့် တစ်ခါတလေ အလိုက်ကမ်းဆိုး မသိသလို ဖြစ်ရသည်။ တစ်ခါတလေ တလွဲတချော် မတော်မတည့်တာတွေ ကြုံရသည်။ ဘာပဲဖြစ်ဖြစ် သူကတော့ လူတစ်ဖက်သားကို ဘယ်လိုကူညီရမလဲဆိုတာသာ ရှာကြံစဉ်းစားမြဲ စဉ်းစားလျက်ပင် ရှိလေသည်။သူက ကျေးဇူးအတင်ခံချင်သောကြောင့် အကျိုးခံစားခွင့် တစ်ခုခု တုံ့ပြန်ရယူချင်သောကြောင့် ကူညီခြင်းလည်းမဟုတ်။ များသောအားဖြင့် ကူညီစရာရှိတာ ဝင်ကူညီပြီးလျှင် သူမဟုတ်သလို မသိဘာသာ နေတတ်သည်။ ခပ်အေးအေးပင် သွားစရာရှိတာ ဆက်ထွက်သွားတတ်သည်။ ကူညီခံရသူတွေကသာ ကြောင်တိကြောင်တောင်ဖြစ်ပြီး ကျန်ခဲ့တတ်သည်။

မင်းလူ ရေးသားထားသော ရယ်မောခြင်းလက်ကျန် စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

OpenYourBusinessOnline

ရသ

Related Posts