ကူညီပါရစေ (ဇာတ်သိမ်းပိုင်း)

ကူညီပါရစေ အပိုင်း (၄)

ကူညီပါရစေ အပိုင်း (၄) – သူသည် ကျောင်းမှာလည်း တစ်ဖက်သားကို ကူညီတတ်လေသည်။ ကျောင်းကို စောစောရောက်အောင် သွားသည်။ ဆရာ မရောက်ခင် ကျောက်သင်ပုန်းကို ကြိုဖျက်ထားသည်။ ဆရာမ စားပွဲကို သန့်ရှင်းရေးလုပ်ထားသည်။ ကျောင်းခန်းသန့်ရှင်းရေးကို အသင်းလိုက် အလှည့်ကျ လုပ်ရခြင်းဖြစ်သော်လည်း သူကတော့ ဘယ်သူနှင့်ဖြစ်ဖြစ် နေ့တိုင်းဝင်ကူလုပ်တတ်၏။

မုန့်စားဆင်းလျှင် ဆရာမ စားချင်သောမုန့်များ ဝယ်ပေးခြင်း၊ ကျောင်းဆင်းသည့်အခါ ဆရာမ၏ ခြင်းတောင်းကို ဆွဲ၍ ကားမှတ်တိုင် လိုက်ပို့ခြင်းတို့မှာ သူ၏ နေ့စဉ်လုပ်နေကျ ဝတ္တရားများဖြစ်၏။ သူငယ်ချင်းတစ်ယောက် မုန့်ဖိုးမပါလာလျှင် အောင်ဘာလေက ဝယ်ကျွေးသည်။တစ်ခါတလေ သူ မစားဘဲ သူများကို ဝယ်ကျွေးတတ်တာမျိုးတောင် ရှိသည်။ ဗလာစာအုပ် မရှိသူကို သူ့စာအုပ်တွေထဲက ခွဲပေးခြင်း၊ ကျောင်းပျက်များ၍ စာနောက်ကျနေသူကို စာကူးပေးခြင်းတို့မှာ သူ့အတွက် ရိုးနေပြီ။ “အဖေ … သားသူငယ်ချင်းတစ်ယောက်က သိပ်ဆင်းရဲတာ အဖေရ၊ သူ့မှာ မြန်မာဖတ်စာအုပ် မရှိလို့တဲ့၊ အဲဒါ သားစာအုပ်ကို ပေးလိုက်ပြီ … သားကို တစ်အုပ်ထပ်ဝယ်ပေးနော်” ဆိုတာမျိုးလည်း လုပ်တတ်သည်။ သူ့သူငယ်ချင်း လွယ်အိတ်က စုတ်နေလို့ သူ့လွယ်အိတ်ကို ပေးပြီး သူက လွယ်အိတ်အစုတ်ကြီးနှင့် အိမ်ပြန်လာတာမျိုးကလည်း မကြာခဏ။

တစ်ရက်မှာတော့ သင်္ချာဆရာမက အိမ်စာတွေကို တစ်ယောက်ချင်း လာပြခိုင်းသည်။ ထွက်မလာသူတွေကို ရိုက်သည်။ အောင်ဘာလေက အားလုံးတွက်လာပြီးသားဖြစ်၍ ခပ်အေးအေးပင်နေသည်။ သူက နောက်ဆုံးတန်းမှာ ထိုင်သူဖြစ်၏။ အလယ်တန်းမှာ ထိုင်သော သူငယ်ချင်းတစ်ယောက်က ဆရာမအလစ်မှာ အောင်ဘာလေဆီသို့ လှစ်ခနဲ ကူးလာပြီး “ဟေ့ကောင် … မုန့်စားဆင်းချိန် သိပ်မလိုတော့ဘူး၊ ဒီတော့ မင်း အိမ်စာပြဖို့ အလှည့်ရောက်မှာ မဟုတ်တော့ဘူးကွ … ငါတို့အလှည့်ကတော့ ရောက်မှာပဲ၊ ငါက တွက်မလာခဲ့ဘူးကွ … အဲဒါ မင်းစာအုပ် ငါ့ကို ငှားကွာ၊ မင်းစာအုပ်နဲ့ ငါ သွားပြလိုက်မယ် …” ဟု အကူအညီတောင်းသည်။ အောင်ဘာလေက လည်း ကူညီဖို့ဆိုလျှင် ငြင်းတတ်သူမဟုတ်၍ စာအုပ်ကို ပေးလိုက်သည်။ ဟိုကောင်ကလည်း သူ့အလှည့်ကျတော့ ခပ်တည်တည်နှင့် သွားပြသည်။ ဆရာမသည် စာအုပ်ထဲမှ တွက်ထားသော ပုစ္ဆာတွေကိုကြည့်ပြီး …

“ဟင် … ဘယ်လိုလုပ်တွက်ထားတာလဲ၊ အကုန်တလွဲတွေချည်းပဲ၊ မနေ့ကသင်တုန်းက သေသေချာချာ ကြည့်မထားဘူးလား” ပြောရင်း ကြိမ်လုံးလှမ်းကိုင်သည်။ ဟိုကောင်ကလည်း ကြောက်ကြောက်လန့်လန့်မို့ သက်သာရာရလိုရငြား ပြောမိပြောရာ ထွက်သွားသည်။ “ဟို … ဟို … ဒါ ကျွန်တော်တွက်တာ မဟုတ်ဘူး၊ အောင်ဘာလေ တွက်ထားတာ” ဤသို့ဖြင့် အလိမ်ပေါ်ပြီး နှစ်ယောက်စလုံး အရိုက်ခံရလေသည်။ ဤကဲ့သို့သော အောင်ဘာလေသည် အရွယ်ရောက်လာတော့လည်း သူများကို ကူညီဆဲကူညီမြဲပင် ဖြစ်၏။ အသက်အရွယ်အလိုက် ကူညီပုံကတော့ ပြောင်းလဲလာသည်။ လူပျိုပေါက်အရွယ်တွင် ရည်းစားစာ မပေးရဲသော သူငယ်ချင်းအတွက် သူက ကိုယ်စားသွားပေးပေးသဖြင့် ထီးနှင့်အရိုက်ခံရဖူးသည်။

သူက လမ်းသွားလျှင်လည်း အမှတ်တမဲ့ မနေတတ်။ ဘယ်သူများ အကူအညီလိုမလဲဟု ကြည့်ရှုရှာဖွေရင်း သွားလေ့ရှိသူဖြစ်၏။ သွားရင်းလာရင်း ကားတစ်စီး ပျက်နေတာတွေ့လျှင် ဘာဖြစ်တာလဲ၊ ဘာလုပ်ပေးရမလဲ မေးသည်။ ကားတွန်းပေးဖို့ဆိုလျှင် ဝင်တွန်းပေးသည်။ ကားစက်နိုးသွားသည့်အခါ တချို့ လက်ဖက်ရည်ဖိုးပေးသည်။ သူကတော့ ယူလေ့မရှိ။ တချို့ ကားပိုင်ရှင်တွေကတော့ ကားပျက်နေတုန်းသာ မျက်နှာငယ်လေးနှင့် အကူအညီတောင်းတတ်သော်လည်း ကားစက်နိုးသွားပြီဆိုလျှင် လှည့်ကြည့်ပြီး ပြုံးပြနှုတ်ဆက်ဖို့တောင် သတိမရ။ တစ်ကြိုးတည်း ဝူးခနဲ မောင်းထွက်သွားတတ်သည်။ အောင်ဘာလေတစ်ယောက်မှာသာ နေပူကျဲကျဲမှာ တွန်းရသဖြင့် ချွေးသံရွှဲရွှဲနှင့် ဗွက်နစ်နေသောကားကို တွန်းပေးရင်း ဘီးယက်သဖြင့် ပုဆိုးမှာ ရွှံ့စက်စင်လျက် ကျန်ရစ်တတ်သည်။

တစ်ခါကလည်း မြေပဒေအရောင်းဆိုင်မှာ ချဉ်ပေါင် သခွားစသော မျိုးစေ့များ သွားဝယ်သည်။ သူ့အိမ်ဘေး ကွက်လပ်မှာ စိုက်ရန်ဖြစ်သည်။ ဆိုင်ကပိတ်ဖို့ ပြင်ဆင်နေပြီဖြစ်၍ တောင်းပန်ပြီးဝယ်ခဲ့ရသည်။ ဆိုင်မှ ပြန်ထွက်လာပြီးနောက် သည်ဘက်တွေ မရောက်တာကြာပြီဖြစ်၍ ကန်တော်ကြီးစောင်းမှာ ဟိုဟိုသည်သည် လျှောက်သွားနေမိသည်။ တစ်နေရာတွင် ကားတစ်စီးရပ်ထားတာ တွေ့ရ၏။ အက်စ်အီးလား ဘာလားတော့ သေသေချာချာမသိ။ ကားကတော့ အကောင်းစားဆိုတော့ သေချာသည်။ သည်လိုကားမျိုး တစ်စီးလောက်ရှိရင် ဇိမ်ပဲဟု စဉ်းစားနေတုန်း ကား၏ နောက်မီးပွင့်နေတာ သတိပြုလိုက်မိ၏။ ကားထဲမှာများ လူရှိနေမလားဟု ကားနားသို့ လျှောက်သွားပြီးကြည့်သည်။ အစိမ်းရင့်ရောင်မှန်တွေ အကုန်ပိတ်ထားသည်။ သို့ရာတွင် အထဲမှာတော့ လူရိပ်လိုလို ရိုးတိုးရိပ်တိတ်တွေ့သဖြင့် ကားကိုယ်ထည်ကို ပုတ်ပြီး ခေါ်လိုက်သည်။ ဘေးမှန်တစ်ချပ်မှာ ပါဝါနှင့်ဖြစ်၍ ညင်ညင်သာသာကလေး ပွင့်ကျသွားသည်။ ကားထဲမှာတော့ အသက်သုံးဆယ်ကျော်အရွယ် ခပ်ချောချော ခပ်တောင့်တောင့် လူရွယ်တစ်ယောက်နှင့် အသက်လေးဆယ်ကျော်လောက် ရှိမည့် အရုပ်ခပ်ဆိုးဆိုး မိန်းမတစ်ယောက်တို့ ထိုင်နေတာ တွေ့ရသည်။

“ဘာလဲ …” ကားထဲမှာ လူရွယ်က ခပ်ဆတ်ဆတ်မေးသည်။ အောင်ဘာလေက ကားနောက်မြီးဘက်ကို လက်ညှိုးထိုးပြပြီး “ဟို … ဟိုလေ … နောက်မီးလင်းနေတယ်” “ဘာပြောတယ် …” မိန်းမ၏ အထိတ်တလန့် ရေရွတ်သံ ထွက်လာ၏။ “ဪ … နောက်မီးလေ … နောက်မီး” “မင်းနဲ့ ဘာဆိုင်လို့လဲ …” လူရွယ်က ဟောက်လိုက်သည်။ အောင်ဘာလေ တွန့်ခနဲ ဖြစ်သွားပြီး “အဲ ဟုတ် … ဟုတ်ကဲ့၊ ဘာမှ မဆိုင်ပါဘူး …” ဟု ပြောပြီး ကုပ်ကုပ်ကလေး လှည့်ထွက်လာရသည်။ စိတ်ထဲကတော့ ‘သူတို့ကား ဘက်ထရီကုန်မှာစိုးလို့ အကောင်းနဲ့လည်း သတိပေးရသေးတယ်’ ဟု ရေရွတ်မိ၏။

မင်းလူ ရေးသားထားသော ရယ်မောခြင်းလက်ကျန် စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

OpenYourBusinessOnline

ရသ

Related Posts