ငြင်းဆန်ခြင်းအနုပညာ

ငြင်းဆန်ခြင်းအနုပညာ

ငြင်းဆန်ခြင်းအနုပညာ – “ကျွန်တော် မပျော်ဘူးဗျာ…၊ အလုပ်မှာ ကျွန်တော့်အလှည့်ကျတော့ ခိုင်းတာတွေ အကုန်လိုက်လုပ်ပေးတယ်။ အကူအညီတောင်းတိုင်း ကူညီပေးတယ်။ မနိုင်ရင်တောင် Over Time လုပ်ပေးတယ်။ အခုတော့ အဲဒီအရာတွေအားလုံးက ကျွန်တော့်တာဝန်တွေ ဖြစ်လာတယ်။ ကျွန်တော် ငြင်းလို့မရတော့ဘူး။ ကျွန်တော့်မှာ Stress တွေ အရမ်းများနေတယ်”

သူငယ်ချင်းတစ်ယောက် ကျွန်တော့်ကို ရင်ဖွင့်ခဲ့တဲ့စကား ဖြစ်ပါတယ်။ ဒီလိုစကားမျိုးကြားရတာ သူတစ်ယောက်တည်းဆီကတော့ မဟုတ်ပါ။ ကျွန်တော့်ဘဝမှာ ခဏခဏ ကြားခဲ့ဖူးတဲ့စကားပါ။ သဘောကောင်း၊ အားနာရာကနေ နောက်ဆက်တွဲဖြစ်လာတဲ့ ဆိုးကျိုးတွေပါ။ မြန်မာလူမျိုးများဟာ No ပြောရမှာ အင်မတန်ကြောက်ရွံ့လေ့ ရှိကြပါတယ်။ နိုင်ငံခြားသားများနဲ့ အလုပ်လုပ်တိုင်း ဒီပြဿနာ အမြဲတက်ပါတယ်။ မန်နေဂျာက ပေးတဲ့တာဝန်တွေကို Yes Yes နဲ့ပြောသွားပြီး တကယ်တမ်းမှာ မပြီးကြပါဘူး။ ပြီးရင် နောက်ကွယ်မှာ ဘော့စ် အရမ်းခိုင်းကြောင်း ပြောတာမျိုး ကြုံဖူးခဲ့ပါတယ်။ တစ်ခါက ကျွန်တော့်ရဲ့ဘော့စ် ပိုလန်သူက သူ့နိုင်ငံက မုန့်အချို့ဝယ်လာပါတယ်။ ရုံးက ဝန်ထမ်းတွေကို ကျွေးပါတယ်။ ကျွန်တော်က တစ်ခုယူစားပြီး မကြိုက်လို့ ဆက်မစားပါဘူး။ ကြိုက်လားလို့ မေးတော့ “ငါတို့နိုင်ငံက အရသာမျိုးနဲ့မတူဘဲ အရသာစိမ်းနေတော့ သိပ်မကြိုက်ဘူး” လို့ ပွင့်ပွင့်လင်းလင်း ပြောမိပါတယ်။ သူကလည်း “ဟုတ်တယ်၊ ငါတို့ မုန့်တွေကို လူတိုင်း မကြိုက်ကြဘူး။ ဒီကမုန့်တွေနဲ့ အရသာ ကွာတယ်” လို့ ပြောလာပါတယ်။ ကျွန်တော်တို့ဝန်ထမ်းထဲက တစ်ယောက်ကတော့ ကြိုက်တယ်ဆိုပြီး စားကာ ဘေစင်ထဲမှာ သွားထွေးထုတ်လိုက်ပါတယ်။ အဲဒီမှာ ပိုလန်သူက တွေ့သွားပါတယ်။ ဘော့စ်နဲ့ ကျွန်တော်က ခင်တော့ ဘော့စ်က နောက်ကွယ်မှာ ပြန်မေးပါတယ်။ ငါ သတိထားမိသလောက် နင်တို့ မြန်မာလူမျိုးတွေက No သိပ် မပြောကြဘူးနော်တဲ့။ ငါတို့ဆီမှာနဲ့ ယဉ်ကျေးမှုကွာလို့ များလားတဲ့။ ကျွန်တော်လည်း ဒီက အလေ့အထ၊ အကျင့်စရိုက်တွေကို အတတ်နိုင်ဆုံး ရှင်းပြလိုက်ပါတယ်။ ဒါပေမဲ့ သူ နားမလည်ပါဘူး။ သူတို့ဆီမှာ မကြိုက်ရင် မကြိုက်ဘူးပဲ ပြောကြပါတယ်။ ဒီမှာတော့ အားနာခြင်း ဆိုတဲ့အရာကြောင့် Yes အရမ်းပြောကြပါတယ်။ အဲဒီ Yes ကြောင့် ရတဲ့ဒုက္ခတွေလည်း မနည်းပါဘူး။

ကိုယ် တကယ်သဘောမကျဘဲ Yes ပြောရတာ တစ်ခါတစ်ရံတော့ ရှိတတ်ပါတယ်။ တစ်ခါတစ်ရံကို ကျွန်တော် မဆိုလိုပါဘူး။ ဒါပေမဲ့ အမြဲတမ်းလိုလို အားနာနေရင်တော့ သင်ပဲ စိတ်ညစ်ရပါလိမ့်မယ်။ ရှေ့တင်တော့ Yes လုပ်လိုက်ပြီး နောက်ကွယ်ရောက်တာနဲ့၊ စိတ်ညစ်သွားတာမျိုး သင် ကြုံဖူးမှာပါ။ လူတိုင်းကို ပျော်ရွှင်အောင် လုပ်ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သင်က အမြဲလုပ်ပေးနေကျဆိုရင် အားလုံးဟာ သင့်ပခုံးပေါ် တဖြည်းဖြည်းရောက်လာပါလိမ့်မယ်။ အရမ်းလေးလာတဲ့တစ်နေ့ကျမှ သင် စိတ်ညစ်လာပါလိမ့်မယ်။ ဒါဆို အမြဲငြင်းခိုင်းနေတာလားဆိုတော့ မဟုတ်ပါဘူး။ ကိုယ့်တာဝန်ကိုယ် ကျေအောင်တော့ အမြဲလုပ်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ် ကူညီနိုင်တာကိုတော့ ကူညီပါ။ ပေါပေါလောလောရနေတဲ့လူလိုတော့ မဖြစ်သွားပါစေနဲ့။ အဲဒီလိုဖြစ်သွားရင် လူတွေက သင့်ကို ခပ်ပေါပေါရတဲ့ အရာတစ်ခုလိုပဲ ဆက်ဆံလာပါလိမ့်မယ်။

အကယ်၍ သင်က အရမ်းကူညီတတ်သူ၊ ကူညီခြင်းကြောင့် လုံးဝစိတ်မညစ်သူဆိုရင်တော့ သင့်သဘောပါ။ အခုစာက ကျွန်တော့်လို သာမန်စိတ်ထားနဲ့ လူတွေအတွက် အကြံပေးထားခြင်းဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ခံယူချက်က မိမိမှာ လုံလောက်တဲ့ပျော်ရွှင်မှုရှိမှ မိမိ ပတ်ဝန်းကျင်ကို တစ်သက်လုံး ရေရှည်အကျိုးပြုသွားနိုင်မယ်လို့ ခံယူထားလို့ပါ။ ရေကုန်ရေခန်းကိုယ်ကျိုးမကြည့်ဘဲ ကူညီပြီးနောက်ပိုင်း စိတ်ဓာတ်ကျသွားမှာ ကျွန်တော် မလိုလားပါဘူး။ ကျွန်တော့်မှာ ကိုယ်ကျိုးစွန့်ပြီး ကူညီချင်တဲ့ မြင့်မြတ်သောစိတ်ထား မရှိဘူးလို့ ဆိုလာရင်လည်း စိတ်မဆိုးပါဘူး။ ကျွန်တော်က အတ္တနည်းနည်း ရောစပ်ထားတဲ့ သာမန်လူတစ်ယောက်ပါ။ ကျွန်တော် ကူညီနိုင်တဲ့ အရာတွေဆို အစွမ်းကုန်ကူညီပါတယ်။ ကျွန်တော် ငြင်းဖို့ လိုအပ်တဲ့ အခါမှာလည်း အားမနာတတ်ပါဘူး။ မိမိ မလုပ်ချင်တဲ့အရာတစ်ခုကို သဘောတူလိုက်ခြင်းက မိမိကိုယ်ကို ညာသလို အခြားသူကိုလည်း ညာလိုက်သလိုပါပဲ။

No ပြောတယ်ဆိုတဲ့နေရာမှာလည်း ရိုင်းပျစွာမပြောဘဲ ယဉ်ကျေးစွာ ပြောလို့ရတဲ့နည်းတွေ ရှိပါတယ်။ ဥပမာ သင့်ကို တစ်ယောက်ယောက်က အကူအညီတစ်ခုတောင်းတယ် ဆိုပါစို့။ သင်ကလည်း မကူညီချင်ဘူးဆိုရင် No လို့ တုံးတိမပြောဘဲ အခြား ကူညီပေးနိုင်မယ့်သူတစ်ယောက်ကို လမ်းညွှန်ပေးနိုင်ပါတယ်။ ဘယ်အချိန်၊ ဘယ်လိုအနေအထားမျိုးမှာ No ပြောမယ်ဆိုတာကတော့ သင့်အပေါ်ပဲ မူတည်ပါတယ်။ သင်ကိုယ်တိုင် စည်းမျဉ်းချမှတ်နိုင်ပါတယ်။ သူများတွေကို အမြဲစိတ်ချမ်းသာအောင် ကူညီဖို့ဆိုတာ သင်ဆိုတဲ့ ကာယကံရှင် အရင်စိတ်ချမ်းသာနေမှ ဖြစ်မှာပါ။ သူများတွေကို ဂရုစိုက်သလို မိမိကိုယ်ကိုလည်း ဂရုစိုက်ပါ။ အတ္တမကြီးဖို့ဘဲ လိုတာပါ။ သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်း နားလို့ရပေမယ့် သစ်ပင်ကြီး အချိန်မတိုင်ခင် ပြိုလဲသေဆုံးသွားရင်တော့ ငှက်တစ်ကောင်တောင် နားလို့ မရတော့ပါဘူး။ လူတိုင်း သဘောကျအောင်သာ အမြဲ Yes လုပ်နေရရင် သင် လိုချင်တဲ့ပန်းတိုင်ရောက်မှာ မဟုတ်ပါဘူး။

“ဘာတွေ မလုပ်မလဲ ဆုံးဖြတ်ရတာဟာလည်း

ဘာတွေလုပ်မလဲ ဆုံးဖြတ်ရတာနဲ့

တန်းတူအရေးကြီးပါတယ်”

Steve Job

လူအချို့က သူတို့ရဲ့ဘဝမှာ ဘာတွေလုပ်မလဲဆိုတဲ့ ဆုံးဖြတ်ချက်သာ အရေးကြီးတယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာ ဘာတွေ မလုပ်မလဲ သို့မဟုတ် ဘယ်အချိန် No ပြောမလဲဆိုတဲ့ အချက်ကလည်း ညီတူညီမျှ အရေးကြီးနေပါတယ်။ သင့်ရဲ့ ဘဝဟာ သင့်ရဲ့ဆုံးဖြတ်ချက်တွေနဲ့ ဖွဲ့စည်းထားတာပါ။ သင့်ဆုံးဖြတ်ချက်တွေ ကောင်းရင်ကောင်းသလို သင့်ဘဝဟာလည်း တိုးတက်ကောင်းမွန်လာတာ ဖြစ်ပါတယ်။

စာရေးဆရာ မိုးရှင်း(IMT) ရေးသားထားသော လက်ဆောင် စာအုပ်မှ ကူးယူဖော်ပြသည်။

ရသ

OpenMoreOnline

Related Posts