ဒေါသနဲ့အမုန်းတရားတွေ လျှော့ပါ

ဒေါသနဲ့အမုန်းတရားတွေ လျှော့ပါ

ဒေါသနဲ့အမုန်းတရားတွေ လျှော့ပါ – လူတစ်ယောက်ဟာ ဒေါသတွေ၊ အမုန်းတရားတွေနဲ့ ပြည့်နှက်နေရင် ပျော်ရွှင်ဖို့ မလွယ်ပါဘူး။ ဒေါသနဲ့ အမုန်းတရားဟာ သင့်ကို တမြိုက်မြိုက်လောင်ကျွမ်းစေပါတယ်။ ဒေါသဟာ သင်ချစ်တဲ့လူတွေနဲ့ ဝေးကွာအောင်လည်း ပြုလုပ်နိုင်စွမ်းရှိပါတယ်။ ဒေါသဟာ သင့်ရဲ့တစ်နေ့တာလုံးကို ဖျက်ဆီးပစ်နိုင်သလို သင့်ရဲ့ပျော်ရွှင်မှု တွေကိုလည်း ဖျက်ဆီးနိုင်စွမ်းရှိပါတယ်။ ဒေါသကြောင့် တစ်ဘဝလုံး ပျက်သွားတဲ့ သာဓကတွေလည်း များစွာရှိပါတယ်။ ဒေါသနဲ့အမုန်းတရားဆိုတာ လူသားတွေမှာ ရှိတတ်ကြပါတယ်။ အချိန်မီ ပြန်လည်ထိန်းသိမ်းတတ်ဖို့တော့ လိုအပ်ပါတယ်။ ဒေါသနဲ့ပတ်သက်ပြီး ဖတ်ဖူးတဲ့ပုံပြင်လေးတစ်ခု ပြောပြချင်ပါတယ်။

တစ်ခါတုန်းက သူတော်စင်ကြီးတစ်ပါးဟာ မြစ်ကမ်းနားတစ်နေရာကို ရောက်ရှိလာခဲ့ပါတယ်။ ထိုမြစ်ကမ်းနားမှာ မိသားစုတစ်စု ရန်ဖြစ်ပြီး အော်ဟစ်နေတာကိုတွေ့တော့ သူတော်စင်ကြီးက သူ့ရဲ့နောက်လိုက်တပည့်များကို မေးပါတယ်။ “လူတွေဟာ ဒေါသထွက်ရင် တစ်ယောက်နဲ့တစ်ယောက် ဘာလို့အော်ကြတာလဲ မင်းတို့ သိလား” လို့ မေးလာပါတယ်။ တပည့်ထဲက တစ်ယောက်က “မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့လို့ပါ” လို့ ဖြေလာပါတယ်။ ထိုအခါမှာ သူတော်စင်ကြီးက “ဟုတ်ပြီ၊ ဒါပေမဲ့ ဘေးချင်းကပ် လူတစ်ယောက်ကို ဖြည်းဖြည်းလေးပြောရင်လည်း ကြားနိုင်တာပဲ မဟုတ်လား။ ဘာလို့ အကျယ်ကြီး အော်ပြောကြတာလဲ” လို့ ထပ်မေးပြန်ပါတယ်။ တပည့်တွေလည်း အဖြေတွေမျိုးစုံဖြေကြပေမယ့် သူတော်စင်ကြီး သဘောကျတဲ့အဖြေကို ဘယ်သူမှ မပေးနိုင်ခဲ့ကြပါဘူး။ နောက်ဆုံးမှာတော့ သူတော်စင်ကြီးက ရှင်းပြပါတယ်။

“လူနှစ်ယောက် ဒေါသထွက်ပြီး စကားများကြတဲ့အခါမှာ သူတို့ရဲ့နှလုံးသားတွေဟာ ဝေးကွာသွားတတ်ကြပါ တယ်။ အဲဒီလိုဝေးကွာသွားတဲ့ အကွာအဝေးကို ကာမိအောင် တစ်ယောက်နဲ့တစ်ယောက် အော်ဟစ်ကြပါတယ်။ ပိုပြီး ဒေါသထွက်လာလေလေ ပိုပြီးဝေးလာလေလေပဲ။ ပိုပြီးဝေးလေလေ တစ်ယောက်ကိုတစ်ယောက် နားမလည်နိုင်တော့ပဲ ပိုပြီးအော်ဟစ်ရလေလေပဲ။ လူနှစ်ယောက်ချစ်နေတဲ့ အချိန်မှာရော စကားဘယ်လိုပြောလဲ သတိထားမိကြလား။ သူတို့ ညင်ညင်သာသာလေးပဲ ပြောကြတယ်။ သူတို့ရဲ့နှလုံးသားချင်းနီးနေတာကြောင့် စကားတွေကို အကျယ်ကြီးပြောဖို့ မလိုဘူး။ တစ်ခါတလေ နှလုံးသားချင်း အရမ်းနီးလွန်းတဲ့အခါ စကားတောင် ပြောဖို့မလိုဘဲ အကြည့်နဲ့ နားလည်နေကြတာတွေရှိတတ်ကြတယ်” လို့ သူတော်စင်ကြီးက တပည့် တွေကို ရှင်းပြပါတယ်။

ကျွန်တော်တို့ဘဝမှာလည်း ဒေါသထွက်တဲ့အခါ အဲဒီလိုဖြစ်တတ်ပါတယ်။ ဒေါသထွက်တဲ့အခါမှာ ထူပူပြီး ဘာမှမစဉ်းစားမိဘဲ လုပ်မိလုပ်ရာတွေ လုပ်တတ်ကြပါတယ်။ အခြားသူတစ်ယောက်ကို နာကျင်စေမယ့် အရာတွေလည်း လုပ်မိတတ်ကြပါတယ်။ ဒေါသ အရမ်းကြီးလာရင် အမုန်းတရားက နောက်က လိုက်ပါလာတယ်။ အမုန်းတရား အရမ်းကြီးလာရင် အငြိုးတွေက နောက်ကနေ လိုက်ပါလာတယ်။ ဒေါသ၊ အမုန်း၊ အငြိုးတွေရဲ့ နောက်ကွယ်မှာတော့ နောင်တတွေ ရရှိတတ်ပါတယ်။ ဒေါသကြောင့် တကယ်ချစ်ရတဲ့သူတွေကိုပါ ဆုံးရှုံးနိုင်ပါတယ်။ ဒေါသကြောင့် နှလုံးသားချင်း ဝေးသွားရင် ဘယ်တော့မှ ပြန်မနီးကပ်နိုင်တဲ့ အနေအထားတစ်ခုလည်း ရောက်ရှိသွားတတ်ပါတယ်။ ဒေါသကို ထိန်းချုပ်နိုင်ရင် အမုန်းနဲ့အငြိုးကိုလည်း အလိုအလျောက် ထိန်းချုပ်ပြီးရာ ရောက်ပါတယ်။

ဒေါသဆိုတာ ကိုယ် ဖြစ်စေချင်တဲ့အရာတွေ၊ ကိုယ် လိုချင်တဲ့အရာတွေ ဖြစ်မလာတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်တစ်ခုပါ။ ဥပမာ လူတစ်ယောက်က သင့်ကို ဆဲလိုက်တယ်။ သင် ဒေါသ ထွက်သွားတယ်။ တကယ်တမ်း ဖြစ်သင့်တာက သူ မဆဲသင့်ဘူးလို့ သင် ခံယူထားတယ်။ တကယ့်အဖြစ်အပျက်က သင် ခံယူထားတာနဲ့ ကွာခြားသွားတယ်။ အဲဒီမှာစပြီး ဒေါသထွက်ပါတော့တယ်။ အခြေခံအားဖြင့် မိမိ မျှော်မှန်းထားတဲ့ သို့မဟုတ် သတ်မှတ်ထားတဲ့ရလဒ်နဲ့ လက်တွေ့ဖြစ်ရပ် ကွာခြားသွားတဲ့အခါ ဒေါသထွက်လာပါတယ်။

ဒါပေမဲ့ နည်းနည်းလောက် ပြန်စဉ်းစားကြည့်ကြရအောင်ပါ။ လောကကြီးက သင် ဖြစ်စေချင်တဲ့အတိုင်း မဖြစ်ဘူးဆိုတာ သင် သိပြီးသားပါ။ လောကကြီးမှာ ထိန်းချုပ်လို့မရတဲ့အရာတွေ အများကြီးပါပဲ။ သင် စကားနည်းသလို သူများကို စကားနည်းအောင် လုပ်လို့မရဘူး။ သင် ယဉ်ကျေးသလို သူများကို ယဉ်ကျေးအောင်လည်း လုပ်ဖို့ မလွယ်ဘူး။ သင် စည်းကမ်းရှိသလို သူများကို စည်းကမ်းရှိအောင် လုပ်ဖို့လည်း မလွယ်ပါဘူး။ သူများတွေကို အတင်းမပြောအောင်လည်း ထိန်းလို့ မရပါဘူး။ လောကကြီးက သင် ဖြစ်စေချင်တဲ့အတိုင်း ဖြစ်မှာမဟုတ်ပါဘူး။ သင် ထိန်းချုပ်လို့ ရတဲ့အရာတချို့ကို ထိန်းချုပ်ပြီး လိုက်လျောညီထွေစွာ နေထိုင်ရမှာ ဖြစ်ပါတယ်။ ဒါမှသာ သင် ပျော်ရွှင်နိုင်မှာဖြစ်ပါတယ်။ ဒီစာအုပ်ထဲက အခန်း(၇) ၉၀/၁၀ နိယာမ ကို ပြန်ဖတ်ကြည့်ပါ။ ဒေါသရဲ့ဆိုးကျိုးနဲ့ပတ်သက်ပြီး ဆင်ခြင်စရာရမယ့် နောက်ထပ်ပုံပြင်လေးတစ်ပုဒ်ကို ထပ်ပြောပြချင်ပါတယ်။ အွန်လိုင်းမှာ လူတော်တော်များများ ဘာသာပြန်ပြီးသား ပုံပြင်လေးမို့ သိပြီးသားသူများလည်း ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ မသိသေးသူများအတွက် တကယ်ကို ကောင်းမွန်လှတဲ့ပုံပြင်လေးမို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

တစ်ခါတုန်းက ကျေးရွာတစ်ခုမှာ နေထိုင်တဲ့မိသားစု တစ်ခု ရှိပါသတဲ့။ သူတို့မှာ အရမ်းချစ်ရတဲ့သားငယ်လေး တစ်ယောက် ရှိပါတယ်။ သားငယ်လေးဟာ တဖြည်းဖြည်းနဲ့ အသက်ရလာချိန်မှာ ဒေါသအရမ်းထွက်တတ်တဲ့ ကောင်လေးတစ်ယောက် ဖြစ်လာပါတယ်။ သူဟာ ဒေါသထွက်လွယ်ပြီး အခြားကလေးတွေကိုလည်း အနိုင်ကျင့်တတ်လာပါတယ်။ အခြားကလေးတွေကို ပြောဆိုလုပ်တာမျိုးတွေလည်း ရှိလာတာမို့ မိဘနှစ်ပါးဟာ စိုးရိမ်လာခဲ့ပါတယ်။ သူ ဒေါသပြေသွားတဲ့အချိန်မှာ သူ ပြောခဲ့တဲ့စကားတွေကို မမှတ်မိတော့ပေမယ့် သူ့ရဲ့သူငယ်ချင်းတွေကတော့ မှတ်ထားပြီး သူ့ကို ရှောင်ကြဉ်လာခဲ့ပါတယ်။ မိဘတွေအနေနဲ့လည်း နည်းမျိုးစုံသုံးပြီး ဖျောင်းဖျကြပါတယ်။ ဒါပေမဲ့ ကလေးက ဒေါသကြီးမြဲ ကြီးဆဲပါပဲ။

တစ်နေ့မှာတော့ ဖခင်ဖြစ်သူဟာ သူ့သားကိုခေါ်ပြီး သံတွေ ထည့်ထားတဲ့ အိတ်တစ်အိတ်ကို ပေးခဲ့ပါတယ်။ သားဖြစ်သူ စိတ်ဆိုးတဲ့အခါတိုင်း ခြံစည်းရိုးနံရံကို သံတစ်ချောင်း ရိုက်သွင်းဖို့ ပြောခဲ့ပါတယ်။ သားဖြစ်သူက မလုပ်ချင်ပေမယ့် ဖခင်စကားမို့ မငြင်းပယ်ဘဲ နာခံခဲ့ပါတယ်။ ပထမဆုံးနေ့မှာပဲ သံအချောင်း ၃ဝ လောက် ခြံစည်းရိုးနံရံကို ရိုက်သွင်းပစ်ခဲ့ပါတယ်။ နောက်နေ့တွေမှာလည်း နေ့တိုင်းလိုလို ဒေါသထွက်တိုင်း နံရံပေါ်မှာ သံချောင်းတွေ ရိုက်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့ထက်တစ်နေ့ ရိုက်သွင်းတဲ့သံချောင်းအရေအတွက် နည်းလာပါတယ်။ သံချောင်းရိုက်သွင်းတာထက် ဒေါသကို ထိန်းရတာ ပိုလွယ်ကြောင်း တွေ့လာပါတယ်။ နောက်ဆုံးတော့ သံချောင်းတစ်ချောင်းမှ မရိုက်သွင်းဖြစ်တဲ့ရက်တွေ ရောက်လာပါတယ်။ ဖခင်ကို အဲဒီအကြောင်း ပြောပြချိန်မှာတော့ ဖခင်က သားဖြစ်သူကို နံရံပေါ်က သံချောင်းတွေကို ပြန်နုတ်နိုင်ပြီဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ကောင်လေးဟာ နေ့တိုင်း သံချောင်းတွေကို ပြန်နုတ်ပြီးနောက် ခြံစည်းရိုးနံရံပေါ်မှာ နုတ်မရတဲ့ သံချောင်း အနည်းငယ်ပဲ ကျန်ရှိပါတော့တယ်။ ဖခင်ဖြစ်သူက တစ်နေ့မှာတော့ သားဖြစ်သူနဲ့အတူ ခြံစည်းရိုးကို အတူတူလာကြည့်ပါတယ်။ “သားငယ် ခြံစည်းရိုးပေါ်မှာ ဘာတွေတွေ့လဲ” လို့ သားဖြစ်သူကို မေးပါတယ်။ သားဖြစ်သူကလည်း “အပေါက်တွေနဲ့ နုတ်မရတဲ့သံအချို့ပါ အဖေ” လို့ ပြန်ဖြေပါတယ်။

ဒီတော့မှ ဖခင်ဖြစ်သူက သားဖြစ်သူကို ဆုံးမ စကားဆိုပါတယ်။ “သား တကယ်တော့ သားရဲ့ဒေါသတွေဟာ အဲဒီသံချောင်းတွေနဲ့တူပြီး ဒီခြံစည်းရိုးနံရံဟာ မင်း ဒေါသထွက်တိုင်း ပြောဆိုလုပ်မိတဲ့သူတွေနဲ့ တူတယ်။ သား ရိုက်ခဲ့တဲ့ သံတွေ ပြန်နုတ်ခဲ့ပေမယ့် ဒီခြံစည်းရိုးနံရံဟာ အရင်ကနဲ့ ဘယ်တော့မှ မတူနိုင်တော့ဘူး။ အပေါက်တွေ ရှိနေတဲ့အပြင် နုတ်မရတဲ့သံတွေတောင် ကျန်နေတာကို သား တွေ့လိမ့်မယ်။ ဒီလိုပဲ သား ဒေါသကြောင့်ပြောလိုက်တဲ့စကားတွေဟာ လူတွေရဲ့ရင်ဘတ်ထဲမှာ အမာရွတ်တွေနဲ့ ကျန်ခဲ့လိမ့်မယ်။ လူတစ်ယောက်ကို အနာတရဖြစ်အောင် လုပ်လိုက်ရင် ဘယ်လောက်ပဲ ပြန်တောင်းပန်တောင်းပန် သူ့မှာ အမာရွတ်တော့ ကျန်ခဲ့ဦးမှာပဲ။ ကိုယ်ထိလက်ရောက် ကျူးလွန်တာဟာ ဆိုးရွားသလို စကားလုံးနဲ့ ကျူးလွန်တာဟာလည်း အတူတူပဲ။ သူငယ်ချင်းတွေနဲ့ ချစ်ရသူတွေဆိုတာ ဘဝရဲ့ အဖိုးတန်ရတနာတွေ သားရဲ့။ သူတို့က သားကို ပျော်ရွှင်စေတယ်၊ သူတို့က သားကို အားပေးနှစ်သိမ့် တယ်၊ သားရဲ့ ခံစားချက်တွေကို ဝေမျှနားထောင်ပေးတယ်၊ သားက သူတို့ကို အကြင်နာတရားနဲ့ တုံ့ပြန်ရင် သူတို့ သားအပေါ်ထားတဲ့ မေတ္တာတရားဟာလည်း တဖြည်းဖြည်း တိုးပွားလာတတ်တယ်။ သားက သူတို့အပေါ် ဒေါသတွေနဲ့ဆက်ဆံရင်တော့ ပြန်ရတဲ့ ရလဒ်က မကောင်းတတ်ဘူး သားရဲ့။ ဒါကြောင့် သား သူများကို ပြောတဲ့စကားတွေကို အခုအချိန်ကစပြီး သတိထားပါ” လို့ ဖခင်ဖြစ်သူက ဆုံးမခဲ့ပါတယ်။ ဒီတော့မှ သားဖြစ်သူလည်း သူ ပြောခဲ့တဲ့စကားတွေ ဘယ်လောက်ဆိုးမှန်း နားလည်သွားပါတော့တယ်။

ကျွန်တော်တို့ လက်တွေ့ဘဝမှာလည်း ဒီပုံပြင်လေးထဲက အတိုင်းပါပဲ။ ဒေါသထွက်ချိန်မှာ ပြောလိုက်တဲ့စကားလုံးတွေဟာ ကိုယ့်အတွက် ဘာမှမဟုတ်ဘူး ထင်ရပေမယ့် သူများအတွက်တော့ သံနဲ့ အရိုက်ခံရသလိုပါပဲ။ ကိုယ်က ရိုက်တာ ပြင်းရင် တစ်ခါတလေ ပြန်နုတ်မရတဲ့ သံမျိုးတွေ ဖြစ်သွားတတ်ပါတယ်။ ပြန်နုတ်လို့ရခဲ့ရင်တောင် အမာရွတ်လေးတွေ ကျန်ရစ်နေခဲ့တတ်ပါတယ်။ ဒေါသကို ကိုယ်က မထိန်းနိုင်ရင် ဒေါသက ကိုယ့်ကို ပြန်လည်ထိန်းချုပ်ပြီး ချောက်ထဲ တွန်းချတတ်ပါတယ်။ အခုအချိန်ကစပြီး သင့်ရဲ့ဒေါသတွေကို အတတ်နိုင်ဆုံး ထိန်းချုပ်ဖို့ ကြိုးစားကြည့်ပါ။ ဘဝဟာလည်း အရင်ကထက် ပိုပြီး အေးချမ်းလာပါလိမ့်မယ်။

အငြိုးအတေးထားခြင်းဟာလည်း ဒေါသလိုပဲ လူကို ပူလောင်စေပါတယ်။ တစ်ခါတလေ မိသားစုဝင် အချင်းချင်းတွေ အငြိုးကြီးစွာနဲ့ တစ်သက်လုံး စကားမပြောဘဲ နေသွားကြတာတွေ မြင်ဖူးပါတယ်။ သေဆုံးသွားတော့မှ နောင်တတွေနဲ့ ဆက်လက်နေထိုင်ကြရ ပါတော့တယ်။ အငြိုးအတေးတွေ ရှိနေတဲ့သူက ဘယ်တော့မှ အေးချမ်းတဲ့စိတ်ကို ပိုင်ဆိုင်လေ့မရှိပါဘူး။ အတတ်နိုင်ဆုံး ခွင့်လွှတ်တတ်တဲ့စိတ်ကို မွေးမြူပါ။ လွယ်တော့ မလွယ်ပါဘူး။ ဒါပေမဲ့ ခွင့်လွှတ်တယ်ဆိုတာ သင့်ကို အများကြီးကောင်းကျိုးပြုပါတယ်။ သူများကို ခွင့်လွှတ်တယ်ဆိုပေမယ့် တကယ်တမ်း သင့်အတွက်လည်း အများကြီးကောင်းကျိုးရပါတယ်။ သင့်ခေါင်းထဲမှာ မကောင်းတဲ့ အငြိုးအတေးတွေ မရှိတော့တဲ့အတွက် အများကြီး ပေါ့သွားတာကိုလည်း သင် ခံစားရပါလိမ့်မယ်။ ဒေါသနဲ့ အငြိုးအတေးတွေ တတ်နိုင်သမျှ လျှော့နိုင်ကြပါစေ။

“လူတစ်ယောက်၏စိတ်ထားကြီးကျယ်မြင့်မြတ်မှုကို

ထိုသူ စိတ်တိုသောအရာများအား ကြည့်ခြင်းဖြင့် သိနိုင်သည်”

Abrahan Lincoln

စာရေးဆရာ မိုးရှင်း(IMT) ရေးသားထားသော လက်ဆောင် စာအုပ်မှ ကူးယူဖော်ပြသည်။

ရသ

OpenMoreOnline

Related Posts