ဘယ်အချိန်မှာ ပျော်ဖို့ စဥ်းစားထားလဲ

ဘယ်အချိန်မှာ ပျော်ဖို့ စဉ်းစားထားလဲ

ဘယ်အချိန်မှာ ပျော်ဖို့ စဉ်းစားထားလဲ – ကျွန်တော် သင်္ဘောသားဘဝက အထက်အရာရှိတစ်ယောက် ပြောတာလေး ပြန်သတိရမိတယ်။ တစ်ခါ စကားလက်ဆုံကျရင်း သူက သူ့ဘဝအကြောင်း ကျွန်တော့်ကို ပြောပြတယ်။ “ညီရယ် အစက လစာမကောင်းတုန်းက ကျပ်တည်းသလို လစာကောင်းလာတော့လည်း သူ့အထွာနဲ့သူ ကျပ်တည်းတာပါပဲ။ အစက အိမ်က သေးသေးလေး၊ တီဗွီလည်း မရှိ၊ ကားလည်း မရှိ၊ မိန်းမက ချွေတာသုံးစွဲပြီး နေခဲ့တယ်။ အခုတော့ ဖုန်းတွေ ပေါ်လာ၊ ကားတွေရှိလာ၊ တီဗွီတွေ ရှိလာတော့လည်း အသုံးစရိတ်တွေက ဝင်ငွေတက်လာသလို လိုက်တက်လာတာပါပဲ။ သေချာပြန်စဉ်းစားကြည့်တော့ မထူးပါဘူးကွာ” တဲ့။ သူ ပြောသွားတဲ့စကားက တကယ်ကို မှန်ပါတယ်။ လူတစ်ယောက်မှာ ဝင်ငွေတွေ တိုးလာတာနဲ့ ထွက်ငွေတွေကလည်း များလာပါတယ်။ ပိုက်ဆံတွေများလို့ ငွေရှာတာ ရပ်တော့မယ်ဆိုတဲ့ သူဌေးတော်တော်ရှားပါတယ်။ အားလုံးက ဒီထက်သာအောင် အမြဲကြိုးစားရင်းနဲ့ပဲ ဘဝကုန်ဆုံးသွားတတ်ကြပါတယ်။ ဒီတော့ ဘယ်အချိန်ပျော်ကြမှာလဲ၊ သင်ရော ဘယ်အချိန်ပျော်ဖို့ စဉ်းစားထားလဲ။ စဉ်းစားရင် ကြာပါတယ်။ အခု ပျော်ဖို့ပဲ ကြိုးစားပါ။ နေ့တိုင်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါ။

သင့်အပေါ် ခြင်နားရင် သင် ဘာလုပ်လဲ။ မောင်းထုတ်မယ် သို့မဟုတ် ရိုက်မယ်မဟုတ်လား။ အဲဒီလိုပဲ သင့်ရဲ့ ပျော်ရွှင်ခြင်းကို ထိခိုက်မယ့်အရာတွေ သင့်စိတ်ပေါ်မှာ လာနားရင် မောင်းထုတ်ပစ်ပါ။ အနားမခံပါနဲ့။ သူတို့ကတော့ အနည်းနဲ့အများ လာနားကြမှာပါပဲ။ အကြာကြီး လာမနားအောင် လုပ်ရမှာက သင့်တာဝန်ပါ။ သူတို့ကို အကြာကြီး နားခွင့်ပေးလိုက်ရင်တော့ သင်ပဲ ကျန်းမာရေးချို့ယွင်းလာမှာပါ။ ကိုယ် သွားချင်တဲ့ပန်းတိုင်ကိုရောက်အောင် သွားပါ။ သွားနေစဉ် နေ့တိုင်းမှာလည်း ပျော်အောင်နေပါ။ ချာလီချက်ပလင်က တစ်ခါ ပြောဖူးတယ်။ “မရယ်ဘဲနေတဲ့ နေ့တစ်နေ့က ဖြုန်းတီးပစ်လိုက်တဲ့ နေ့တစ်နေ့ပဲ” တဲ့။ ဒါကြောင့် နေ့တိုင်း ပြုံးမိအောင် ပြုံးပါ။ ရယ်မိအောင် ရယ်ပါ။ ပျော်ရွှင်ခြင်းဟာ အဝေးကြီးမှာ မဟုတ်ပါဘူး။ သင့်အနားမှာပဲ ရှိပါတယ်။ သင် တွေ့အောင် ကြည့်ဖို့ပဲ လိုတာပါ။

စာရေးဆရာ မိုးရှင်း(IMT) ရေးသားထားသော လက်ဆောင် စာအုပ်မှ ကူးယူဖော်ပြသည်။

ရသ

OpenMoreOnline

Related Posts