ဘယ်လောက်ကြာကြာ စိတ်ညစ်မလဲ

ဘယ်လောက်ကြာကြာ စိတ်ညစ်မလဲ

ဘယ်လောက်ကြာကြာ စိတ်ညစ်မလဲ – တစ်ခါတုန်းက စာသင်ခန်းတစ်ခုထဲမှာ ပရော်ဖက်ဆာကြီးတစ်ယောက်ဟာ ရေထည့်ထားတဲ့ ဖန်ခွက်တစ်ခွက် ကို ကိုင်ထားပြီး ကျောင်းသားတွေရှေ့မှာ ရပ်နေခဲ့ပါတယ်။ သူက ရေဖန်ခွက်ကို အားလုံးမြင်အောင် မြှောက်ပြလိုက်ပြီး “ဒီဖန်ခွက် ဘယ်လောက်လေးမယ် ထင်လဲ” လို့ မေးလိုက်ပါတယ်။ ကျောင်းသားတွေကလည်း ၅ဝ ဂရမ်၊ ၁ဝဝ ဂရမ်၊ ၁၂၅ ဂရမ် အစရှိသဖြင့် အပြိုင်အဆိုင် ခန့်မှန်းပြီး ဖြေကြပါတယ်။ ဒီအချိန်မှာ ပရော်ဖက်ဆာကြီးက “ငါ မချိန်ရသေးဘဲနဲ့ အလေးချိန်အတိအကျကိုတော့ ပြောနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အဓိက ငါ ပြောချင်တာက ဒီဖန်ခွက်ကို မိနစ်အနည်းငယ်ကြာအောင် ငါ ကိုင်ထားရင် ဘာဖြစ်မလဲ” လို့ မေးလိုက်ပါတယ်။ ကျောင်းသားတစ်ဦးက “ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး” လို့ ဖြေပါတယ်။ “အိုကေ ဒါဆိုရင် တစ်နာရီကြာအောင် ကိုင်ထားရင်ရော ဘာဖြစ်မလဲ” လို့ ပရော်ဖက်ဆာကြီးက ဆက်မေးလိုက်ပါတယ်။ ကျောင်းသားထဲက တစ်ဦးက “ဆရာကြီး လက်ညောင်းပြီး ကိုက်လာပါလိမ့်မယ်” လို့ ဖြေပါတယ်။

အဲဒီတော့မှ ဆရာကြီးက “မင်း ပြောတာ မှန်ပါတယ်။ ငါ တစ်နေ့လုံး ကိုင်ထားရင်ရော ဘာဖြစ်မယ်ထင်လဲ” လို့ ဆက်မေးပါတယ်။ “ဆရာကြီး လက်တွေ ထုံကျင်ပြီး အကြောသေသွားနိုင်ပါတယ်။ ဆေးရုံကို သေချာပေါက် သွားရနိုင်ပါတယ်” လို့ ကျောင်းသားတစ်ဦးက ဖြေပါတယ်။ အဲဒီအဖြေကိုကြားတော့ အခြားကျောင်းသားတွေလည်း ပွဲကျသွားပြီး ထရယ်ကြပါတယ်။ ဆရာကြီးက “ကောင်းပြီ၊ ဒီတော့ အခု ငါ ပြောသွားတဲ့အချက်တွေထဲမှာ ဖန်ခွက်ရဲ့ အလေးချိန်ပြောင်းလဲသွားတာ ပါလား” လို့ မေးလိုက်ပါတယ်။ ကျောင်းသားအားလုံးကလည်း တညီတညွတ်တည်း “မပြောင်းလဲပါဘူး ဆရာကြီး” လို့ ဝိုင်းပြီး ဖြေကြပါတယ်။ “ဒါဆိုရင် ငါ့ကို အဓိကနာကျင်စေတာက ဘာလဲ” လို့ ဆရာကြီးက မေးခွန်းထုတ်လိုက်ပါတယ်။ ကျောင်းသားတွေလည်း ရုတ်တရက် ကြောင်သွားပါတယ်။ ဆရာကြီးက မေးခွန်းကို လွယ်သွားအောင် “ငါ မနာချင်ရင် ဘာလုပ်ဖို့လိုလဲ” လို့ ပြောင်းမေးလိုက်ပါတယ်။ ဒီတော့မှ ကျောင်းသားတွေက “ကိုင်ထားတဲ့ ဖန်ခွက်ကို ချလိုက်ရုံပါပဲ” လို့ ဖြေလာပါတယ်။ “မှန်လိုက်လေ” ဆိုပြီး ဆရာကြီးက နှစ်ထောင်းအားရ ပြောပါတယ်။

“ဘဝမှာ ရှိတဲ့ ပြဿနာတွေကလည်း တကယ်တော့ ဒီဖန်ခွက်လိုပဲကွဲ့။ မိနစ်အနည်းငယ်ကြာအောင် ခေါင်းထဲ ထည့်ထားရင် အဆင်ပြေသေးတယ်။ ဒါပေမဲ့ အချိန်အကြာကြီး ထည့်ထားရင်တော့ အဲဒီပြဿနာတွေက ကိုယ့်ကို နာကျင်အောင် စလုပ်လိမ့်မယ်။ အချိန်အကြာကြီး ခေါင်းထဲမှာ ထည့်ထားလေ ပိုဆိုးလေပဲ။ ဖန်ခွက်ကို အကြာကြီးကိုင်ထားရင် လက်အကြောထုံသွားနိုင်သလို ပြဿနာတွေကို အကြာကြီး ခေါင်းထဲထည့်ထားရင် စဉ်းစားနိုင်စွမ်းတွေပါ ထုံသွားတတ်တယ်။ ပြဿနာတွေ၊ စိန်ခေါ်မှုတွေက နေ့စဉ်ဘဝမှာ ရှိနေမှာပဲ။ ဒါပေမဲ့ မိုးချုပ်လို့ အိပ်စက်တဲ့အချိန်ကျရင်တော့ အဲဒါတွေကို ခေါင်းထဲကနေ ထုတ်ပစ်ဖို့လိုတယ်။ ဒါမှ နောက်မနက်နိုးလာရင် စိတ်ဖိစီးမှု မရှိဘဲ နိုးလာမှာ။ မနက်တိုင်း လန်းလန်းဆန်းနဲ့နိုးလာပြီး ဘဝရဲ့ ပြသာနာအသစ်တွေ၊ စိန်ခေါ်မှုအသစ်တွေကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မှာဖြစ်တယ်” လို့ ရော်ဖက်ဆာကြီးက ကျောင်းသားတွေကို ရှင်းပြခဲ့ပါတယ်။

ဒီအကြောင်းအရာလေးက ပေးတဲ့ Message လေးကို ကျွန်တော် အရမ်းသဘောကျမိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်ဟာ ဖန်ခွက်ကိုင်ထားရတာ ဝါသနာပါသူတစ်ယောက် ဖြစ်ခဲ့ဖူးလို့ပါ။ တစ်ခုခု စိတ်အနှောင့်အယှက်ဖြစ်သွားရင် တော်တော်နဲ့ ပျောက်လေ့မရှိပါဘူး။ အကြာကြီးစဉ်းစားလေ့ရှိခဲ့ဖူးပါတယ်။ ကြာကြာ စဉ်းစားလေ ပိုစိတ်ညစ်လေလေပါပဲ။ ဒါပေမဲ့ ကိုယ် ကိုင်ထားတဲ့ ဖန်ခွက်ကို ကိုယ်ကိုယ်တိုင် လက်က ချနိုင်တယ်ဆိုတာကို မေ့နေခဲ့ပါတယ်။ မကျေနပ်စရာရှိရင် တစ်ခါတလေ တစ်ပတ်လောက်အထိ စိတ်မကြည်တတ်ပါဘူး။ အဲဒီအကျင့်ကြောင့်ပဲ မပျော်ရွှင်ခဲ့ရတာ များပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဒီပုံပြင်လေးထဲကလို စပြီး ကျင့်သုံးကြည့်ခဲ့တယ်။ စိတ်ထဲမှာ အကြာကြီး ထည့်ထားတာဟာ တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးနေတာနဲ့အတူတူပါပဲ။ ချက်ချင်းထုတ်ပစ်နိုင်လောက်အောင် မရင့်ကျက်သေးပေမယ့် စိတ်ထဲက ထုတ်ပစ်တာ အရင်ကထက်တော့ မြန်လာခဲ့ပါတယ်။ တကယ်လည်း ဒီအလေ့အကျင့်က အကျိုးရှိပါတယ်။ ပြဿနာ တော်တော်များများက ကိုယ် မတွေးတော့ရင် မရှိတော့ပါဘူး။ သူတို့ နေထိုင်တာ ကိုယ့်စိတ်ထဲမှာပဲဖြစ်ပါတယ်။ သူတို့ကို နေစရာမရှိအောင် နှင်ထုတ်လိုက်ရင် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတတ်ပါတယ်။ အရမ်းလွယ်တဲ့အလေ့အကျင့်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တဖြည်းဖြည်း လေ့ကျင့်ယူသင့်ပါတယ်။ တကယ်အကျိုးရှိတဲ့အလေ့အကျင့်မို့ပါ။

သင် ငယ်ငယ်တုန်းက အရှက်ရခဲ့တဲ့ အဖြစ်အပျက်တစ်ခု ခေါင်းထဲမှာ ရှိနေသေးလား။ အဲဒီအဖြစ်အပျက်ကို စဉ်းစားလိုက်ရင် ဘာဖြစ်လေ့ရှိလဲ။ ရှက်လာပြီး နေရထိုင်ရခက် ဖြစ်လာတယ်မဟုတ်လား။ တကယ်တမ်းစဉ်းစားကြည့်ရင် အဲဒီအဖြစ်အပျက်က အခု မရှိတော့ပါဘူး။ အဲဒီအဖြစ်အပျက်က ပြီးဆုံးသွားပါပြီ။ သင့်ဘဝ အပေါ် သက်ရောက်မှုလည်း မရှိနိုင်တော့ပါဘူး။ ပြောင်းလဲယူလို့လည်း မရတော့ပါဘူး။ ဒါပေမဲ့ သင် စဉ်းစားတိုင်း သင့်ကို အဲဒီ အဖြစ်အပျက်က ဒုက္ခပေးပါတယ်။ တကယ်တော့ သင်က အဲဒီအဖြစ်အပျက်ကို နောက်တစ်ကြိမ် ခေါင်းထဲမှာ ဖန်တီးလိုက်တာပါ။ မရှိတော့တဲ့အရာကို ပြန်ပြီးဆွဲခေါ်ကာ ပါဝါပေးလိုက်တာပါ။ သင်သာ မစဉ်းစားတော့ရင် လုံးဝကို အသက်မဲ့နေတဲ့အရာပါ။ သင် မကိုင်ထားဘဲ အောက်ချထားလည်း ရတဲ့ ဖန်ခွက်တစ်ခုပါ။ သင့်အနေနဲ့ အဲဒီအရာတွေကို ဆုပ်ကိုင်မထားဖို့ဘဲ လိုအပ်ပါတယ်။ ဒါဟာ ဥပမာပဲဖြစ်ပြီး အခြားအရာတွေလည်း အများကြီး ရှိပါသေးတယ်။ ရည်းစားဟောင်းကြောင့် အအိပ်ပျက်၊ အစားပျက်ဖြစ်တာမျိုး၊ အရင်က မှားခဲ့ဖူးတဲ့အရာတစ်ခုကြောင့် စိတ်လေနေတာမျိုး စသဖြင့်ပါ။ ဒါတွေဟာ တကယ်တော့ အတိတ်ကြီးကို မကောင်းမှန်း သိလျက်နဲ့ ဆုပ်ကိုင်ထားတာပါ။ ညောင်းမှန်းသိလျက်နဲ့ ဖန်ခွက်ကြီးကို ကိုင်ထားသလိုပါပဲ။ အဲဒီဖန်ခွက်ကို အောက်ချဖို့ သင့်မှာ အစွမ်းရှိပါတယ်။ မကောင်းတဲ့အတိတ်တွေနဲ့ မငြိတွယ်အောင် ရုန်းထွက်ဖို့ သင့်မှာ အစွမ်းရှိပါတယ်။ သင် လုပ်ကြည့်ဖို့ပဲ လိုအပ်တာဖြစ်ပါတယ်။

ဘဝမှာ ပြဿနာတွေ၊ မလှတဲ့အတိတ်တွေ ကြုံတဲ့အခါ ခေါင်းထဲမှာ အမြဲထည့်မထားဖို့ လိုပါတယ်။ တွေးသင့်တဲ့အခါတွေး၊ ပူသင့်တဲ့အခါ ပူပြီးရင် ပျော်သင့်တဲ့အခါ ပျော်ပါ။ လူ့ဘဝဟာ တကယ်တော့ အများဆုံးနေရရင် ရက်ပေါင်း ၃၀၀၀၀ ခန့်ပဲ ရှိပါတယ်။ အဲဒီထဲက ဘယ်နှရက်လောက်ကိုများ ဖန်ခွက်ကြီး ကိုင်ပြီး သင်နေခဲ့ပြီးပြီလဲ။ ကိုယ့်ကိုယ်ကိုယ် ဘာကြောင့်မပျော်လဲဆိုတဲ့ မေးခွန်းတွေများစွာတော့ သင် မေးခဲ့ပြီး သင့်လက်ထဲက ဖန်ခွက်ကြီးကိုရော ခဏလောက်ဖြစ်ဖြစ် ချခဲ့ဖူးပါသလား။ ဒီစာလေး ဖတ်ပြီးရင် ပြန်စဉ်းစားပါ။ မနက်ဖြန် သင် သေမယ်ဆိုရင် သင် အခုတွေးနေတဲ့ ပြဿနာကို တွေးဦးမှာလား။ တကယ်တော့ မနက်ဖြန်ဆိုတာ မသေချာပါဘူး။ လူတွေဟာ အမြဲတမ်း သေဆုံးနေပါတယ်။ ကျွန်တော်ကတော့ ဖန်ခွက်ကြီးကိုင်ပြီး မချိမလှ မသေချင်ပါဘူး။ ကျွန်တော်လည်း သာမန်လူမို့ ဒေါသထွက်ပါတယ်။ စိတ်အနှောင့်အယှက်ဖြစ် တတ်ပါတယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံး အဲဒီမကောင်းတဲ့အရာကြီးကို အကြာကြီး ဆုပ်ကိုင်မထားမိအောင် ကြိုးစားပါတယ်။ ဒီနေ့ကစပြီး သင်လည်း ဖန်ခွက်ကြီးကို အညောင်းခံပြီး အကြာကြီး မကိုင်ထားပါနဲ့တော့။

စာရေးဆရာ မိုးရှင်း(IMT) ရေးသားထားသော လက်ဆောင် စာအုပ်မှ ကူးယူဖော်ပြသည်။

ရသ

OpenMoreOnline



Related Posts