ကိုယ့်ကိုယ်ကိုယ် လက်ခံခြင်း

ကိုယ့်ကိုယ်ကိုယ် လက်ခံခြင်း

ကိုယ့်ကိုယ်ကိုယ် လက်ခံခြင်း – ပျော်ချင်ရင် အရင်ဆုံးလုပ်ရမှာက သင့်ကိုယ်သင် လက်ခံဖို့ပါ။ သင့်ရဲ့ အားနည်းချက် သို့မဟုတ် သင့်ရဲ့ဖြစ်တည်မှုကို လက်မခံနိုင်သေးသရွေ့ ပျော်ရွှင်ဖို့ မလွယ်ပါဘူး။ ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ဖူးခဲ့လို့ သိနေတာပါ။ ကျွန်တော်က ငယ်ငယ်လေးကတည်းက အခြားကလေးတွေထက် နဖူးကျယ်ပါတယ်။ မိဘတွေကတော့ မဟာနဖူး၊ ပညာရှိဖြစ်မယ့်ကောင်ဆိုပြီး အားမငယ်အောင် အားပေးပါတယ်။ ဒါပေမဲ့ အားငယ်တာက အားငယ်တာပါပဲ။ နာမည်ပြောင်များစွာခေါ်တာ ငယ်ငယ်ကတည်းက ခံခဲ့ရပါတယ်။ ကျွန်တော့် ငယ်ဘဝ၊ ကျောင်းသားဘဝဟာ ပျော်စရာမရှိခဲ့ပါဘူး။ အမြဲတမ်း မလုံခြုံသလို၊ အားငယ်သလို ခံစားခဲ့ရပြီး မနက်တိုင်း ကျောင်းသွားချင်စိတ် မရှိခဲ့ပါဘူး။ ကျောင်းမှာလည်း အမြဲထောင့်ကျကျနေရာတွေမှာ ထိုင်လေ့ရှိပါတယ်။ ကျွန်တော့်ငယ်ဘဝရဲ့ အဖော်က ကျောင်းစာနဲ့ကာတွန်းစာအုပ်တွေပဲ ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ဘယ်တုန်းကမှ ကိုယ့်ကိုယ်ကိုယ် လက်မခံခဲ့ပါဘူး။

ဒီလိုနဲ့ ရေကြောင်းသိပ္ပံစတက်တော့လည်း ဒီလိုပါပဲ။ ကျောင်းထဲမှာ အနိုင်ကျင့်တတ်တဲ့ ကျောင်းသားတွေ ပါဝင်ပါတယ်။ သူတို့ စနောက်တာကို အမြဲခံခဲ့ရပါတယ်။ တစ်နေ့ ကျောင်းသားတစ်ယောက်က လာစတာကို ကျွန်တော် ဒေါသထွက်သွားတဲ့အချိန်မှာ ဘေးမှာရှိတဲ့ သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို စကားတစ်ခွန်း ပြောခဲ့ပါတယ်။ “မင်းက အဲ့ဒါမင်းအားနည်းချက်လို့ထင်တော့ အဲ့ဒါကို ထိတိုင်း မင်း နာပြီပေါ့။ မင်း မထင်ရင် အဲ့ဒါ မင်းအားနည်းချက် မဟုတ်တော့ဘူး” ဆိုပြီး ကျွန်တော့်ကို ပြောခဲ့ပါတယ်။ အဲဒီအချိန် ကတော့ အဲဒီစကားကို နားမဝင်ခဲ့ပါဘူး။ အသက်ကြီးလာတော့မှ အဲဒီစကား ဘယ်လောက်မှန်လဲ သိလာရပါတယ်။

ကျွန်တော် အဲဒီအချိန်တုန်းက စိတ်ထဲမှာ ကိုယ့်ရဲ့ဘဝနဲ့ အခြားသူတွေရဲ့ဘဝကို နှိုင်းယှဉ်ပြီး အမြဲလိုလို စိတ်အားငယ်ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် သူများနဲ့ အမြဲနှိုင်းယှဉ်နေခဲ့ပါတယ်။ ကျွန်တော့်ရဲ့ အတွေးအခေါ်တွေကို ပြောင်းလဲစေခဲ့တာကတော့ စာရေးဆရာ မြတ်ငြိမ်း ဘာသာပြန်ထားတဲ့ “ကိုယ့်ကိုယ်ကိုယ် ကိုးကွယ်” ဆိုတဲ့စာအုပ်ပဲ ဖြစ်ပါတယ်။ Robin Seiger ရေးတဲ့ “Natural Born Winner” ကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ အဲဒီအချိန်ကစလို့ ငါလိုလူမျိုး ကမ္ဘာပေါ်မှာ တစ်ယောက်ပဲရှိပြီး ငါဟာ ဘယ်သူနဲ့မှ မတူဘူးဆိုတာ ယုံကြည်လာခဲ့ပါတယ်။ ကိုယ့်ဘဝနဲ့ သူများဘဝတွေကို နှိုင်းယှဉ်တာ ရပ်လိုက်ပါတယ်။ အရင်က လူတောမတိုးရဲတဲ့လူက အဲဒီစာအုပ်ဖတ်ပြီးနောက်ပိုင်း လူတောတိုးရဲလာပါတယ်။ ကိုယ့်ကိုယ်ကိုယ် လက်ခံခဲ့ပါတယ်။ အချိန်မှပဲ လောကကြီးနဲ့စပြီး အသားကျလာခဲ့ပါတော့တယ်။ အစက ကိုယ်နဲ့ မသက်ဆိုင်တဲ့နေရာတစ်ခုကို ရောက်နေသလို ခံစားနေခဲ့တာဖြစ်ပေမယ့် အဲဒီအချိန်မှာတော့ မျှော်လင့်ချက်တွေ အရောင်သန်းလာခဲ့ပါတယ်။

မတက်ရဲတဲ့ သင်တန်းတွေ စတက်ခဲ့တယ်။ အစက စကားမပြောရဲခဲ့ပေမယ့် နောက်ပိုင်း စကားပြောရဲလာခဲ့တယ်။ အဲဒီလို ကိုယ့်ကိုယ်ကိုယ်လက်ခံပြီးနောက်ပိုင်း ကိုယ့်ကို ဘယ်လိုစစ စိတ်မဆိုးတော့ပါဘူး။ စိတ်မဆိုးတော့တာနဲ့တစ်ပြိုင်နက် စတဲ့သူတွေလည်း နည်းသွားပါတယ်။ အချို့ဆို သတိတောင် မထားမိပါဘူး။ ကိုယ် ငယ်စဉ်က စိတ်ထဲမှာ ပုံကြီးချဲ့ခဲ့တဲ့ အားနည်းချက်ဆိုတဲ့ အရာကြီးဟာ ကိုယ့်ကိုယ်ကိုယ်လက်ခံလိုက်ချိန်မှာတော့ ပါဝါကင်းမဲ့သွားပါတော့တယ်။ သူ မဟုတ်တော့သလိုပါပဲ။ စိတ်ထဲမှာတောင် သူ့ကို သတိမရတော့ပါဘူး။ အားနည်းချက်ဆိုတာ သတိရလေ ကြီးမားလေပဲ ဖြစ်ပါတယ်။ တကယ်တော့ အားနည်းချက်က ချဲ့ကားပြီး အစိုးရိမ်လွန်တတ်တဲ့ သင့်ရဲ့စိတ်ကြောင့်သာ အင်အားကြီးမားလာတာဖြစ်ပါတယ်။ သင့်ကိုယ်သင် လက်မခံခြင်းဟာ ပျော်ရွှင်ခြင်းနဲ့ သင့်ကို တားဆီးထားတဲ့ ကျောက်ဖျာတံခါးကြီးတစ်ချပ် ဖြစ်ပါတယ်။ အဲဒီ တံခါးကို ဖွင့်ချင်ရင် အရင်ဆုံး ကိုယ့်ကိုယ်ကိုယ်လက်ခံရမှာ ဖြစ်ပါတယ်။

အဲဒီလို ကိုယ့်ကိုယ်ကိုယ် လက်မခံရဲသေးတဲ့အထဲမှာ သင်ပါနေလား။ သင့်ကိုယ်သင် မလိမ်ပါနဲ့။ ပါနေရင် ဒီစာအုပ်ဖတ်ပြီးတာနဲ့ သင့်ကိုယ်သင် လက်ခံအောင် စပြီး ကြိုးစားကြည့်ပါ။ အားနည်းချက်ကို လက်ခံရမှာကြောက်လို့ စိတ်ညစ်နေတယ်ဆိုရင် ရေရှည်မှာ ဒီထက်ပိုပြီး စိတ်ဆင်းရဲရဖို့ပဲ ရှိပါတယ်။ ပျော်ရွှင်တဲ့ဘဝလေး ပိုင်ဆိုင်ချင်ရင် သင့်ကိုယ်သင် အခုပဲ လက်ခံလိုက်ပြီး ဘဝကို ရဲရင့်စွာ ရင်ဆိုင်ကြည့်လိုက်ပါ။

စာရေးဆရာ မိုးရှင်း(IMT) ရေးသားထားသော လက်ဆောင် စာအုပ်မှ ကူးယူဖော်ပြသည်။

ရသ

OpenMoreOnline


Related Posts