တက္ကစီဒရိုင်ဘာပေးတဲ့ အတွေးတစ်ခု

တက္ကစီဒရိုင်ဘာပေးတဲ့ အတွေးတစ်ခု

တက္ကစီဒရိုင်ဘာပေးတဲ့ အတွေးတစ်ခု – အခု ကျွန်တော် ပြောပြပေးချင်တဲ့အကြောင်းအရာလေးက Kent Nerburn ရေးတဲ့ “Make Me an Instrument of Your Peace” ဆိုတဲ့စာအုပ်ထဲက အကြောင်းအရာလေး ဖြစ်ပါတယ်။ စဉ်းစားစရာအပြည့်ပါဝင်နေတဲ့ တက္ကစီဆရာတစ်ဦးရဲ့အဖြစ်အပျက်လေး ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်က ကျွန်တော် အသက်မွေးဝမ်းကျောင်းအတွက် တက္ကစီမောင်းခဲ့ပါတယ်။ ကျွန်တော်က ညပိုင်းပဲ မောင်းခဲ့တာဖြစ်ပါတယ်။ ခရီးသည်တွေဟာ ကားထဲဝင်လာပြီးရင် နောက်ခန်းမှာ ထိုင်ကာ ကျွန်တော်နဲ့ စကားစမြည် ပြောလေ့ရှိကြပါတယ်။ တစ်ခါတလေ သူတို့ရဲ့ဘဝဇာတ်ကြောင်းတွေလည်း ကျွန်တော် ကြားရတတ်ပါတယ်။ နေ့ဘက်စီးတဲ့ ခရီးသည်နဲ့ ညဘက်စီးတဲ့ ခရီးသည်တောင် မတူပါဘူး။ ညဘက်စီးတဲ့ခရီးသည်တွေက ပိုပြီးရင်ဖွင့်လေ့ ရှိကြပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရင်ထဲကို ထိသွား စေလောက်တဲ့ အဖြစ်အပျက်တစ်ခုကတော့ တစ်သက်မှာ တစ်ကြိမ်ပဲ ရှိခဲ့ပါတယ်။ သြဂုတ်လရဲ့ ညတစ်ညမှာ ကျွန်တော် သွားကြိုခဲ့ရတဲ့ ခရီးသည်အဘွားကြီးရဲ့ အတွေ့အကြုံဟာ ကျွန်တော့်အာရုံထဲမှာ ယနေ့အထိ မေ့မရပါဘူး။

အဲဒီနေ့က အမျိုးသမီးတစ်ဦးက သူမကို လာရောက်ကြိုပေးဖို့ ကျွန်တော့်ဆီ ဖုန်းဆက်လာခဲ့ပါတယ်။ (စာကြွင်း- Uber; Grab ကဲ့သို့ တက္ကစီစနစ်မျိုး ဖြစ်သည်။)။ ကျွန်တော်ကတော့ ဒီလိုမနက်အစောကြီးဆိုတော့ ပါတီက ပြန်တဲ့သူ တွေလား၊ ဒါမှမဟုတ် ချစ်သူနဲ့သွားတွေ့ဖို့ မနက်အစောကြီး လေယာဉ်ထစီးတဲ့သူများလား စသဖြင့် ထင်နေခဲ့မိပါတယ်။ ဒါမှမဟုတ် မနက်အစောပိုင်း ဂျူတီဝင်ရတဲ့သူများလားပေါ့။ ကျွန်တော့်ကို လှမ်းခေါ်ထားတဲ့လိပ်စာကို ရောက်တဲ့အချိန်မှာတော့ အဆောက်အဦးတစ်ခုကို ကျွန်တော် တွေ့ခဲ့ပါတယ်။ အဆောက်အဦတစ်ခုလုံး မှောင်မည်းနေပြီး မြေညီထပ်ရဲ့ ပြတင်းပေါက်တစ်ခုကနေ ထွက်နေတဲ့ အလင်းရောင်တစ်ခုပဲ ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်။

တက္ကစီမောင်းသူ အများစုက ဒီလိုအခြေအနေမျိုးဆို ဟွန်းတစ်ချက်၊ နှစ်ချက်လောက် တီးပါလိမ့်မယ်။ ဘာမှ ထူးခြားမလာရင် မောင်းထွက်သွားပါလိမ့်မယ်။ မနက် ၂ နာရီခွဲကြီးမှာ မှောင်နေတဲ့ အဆောက်အဦကြီးနား နေရတာ တက္ကစီမောင်းသူတစ်ယောက်အတွက် အန္တရာယ်ရှိပါတယ်။ ကျွန်တော်ကတော့ များသောအားဖြင့် တံခါးနားအထိ သွားပြီး တံခါးဘဲလ်တီးကြည့်လေ့ ရှိပါတယ်။ တစ်ခါတလေ အရေးကြီး အခြေအနေတစ်ခုကြောင့် အပြင်မှာ ထွက်မစောင့်နိုင်တာလည်း ရှိနိုင်တာပဲလေ။ ကျွန်တော့်အဖေ သို့မဟုတ် အမေ နေမကောင်းရင် ကျွန်တော်လည်း တက္ကစီဆရာကို ဒီလိုပဲ အိမ်ပေါက်ဝက တံခါးဆီ လာပြီး ဘဲလ်တီးစေချင်မှာပဲ။ ကျွန်တော်က နေမကောင်းတဲ့အဖေ သို့မဟုတ် အမေအနားကနေ ခွာပြီး တံခါးအပြင်မှာ သွားစောင့်လို့မှ အဆင်မပြေတာ။ ဒါကြောင့် ကျွန်တော် အမြဲကိုယ်ချင်းစာပြီး တံခါး ဘဲလ်တော့ သွားတီးလေ့ရှိပါတယ်။

ကျွန်တော် တံခါးဆီကို လျှောက်သွားပြီး တံခါး ခေါက်လိုက်ပါတယ်။ အသက်ကြီးကြီး အမျိုးသမီးတစ် ယောက်ရဲ့ “ခဏလေး” ဆိုတဲ့ အသံကို ကျွန်တော် ကြားလိုက်ပါတယ်။ အထဲကနေ တံခါးဝဆီကို တစ်စုံတစ်ခု တရွတ်တိုက်ဆွဲလာတဲ့ အသံကို ကျွန်တော် ကြားနေရပါတယ်။ ခဏအကြာမှာ တံခါးပွင့်လာပါတယ်။ ကျွန်တော် မြင်လိုက်ရတာကတော့ အသက် ၉ဝ နား ကပ်နေတဲ့ အဘွားအရွယ် အမျိုးသမီးကြီးတစ်ယောက်ပဲ ဖြစ်ပါတယ်။

သူမဟာ ၁၉၄၀ ခုနှစ်လောက်က အမျိုးသမီးတွေ ဝတ်ဆင်တဲ့ ဇာဦးထုပ်လေးကိုလည်း ဆောင်းထားတာ တွေ့ရပါတယ်။ သူမ ကိုကြည့်ရတာ အရင်ခေတ်က အမျိုးသမီးကြီးလိုပါပဲ။ သူမရဲ့ ဘေးမှာတော့ နိုင်လွန်ခရီးဆောင်အိတ်လေး ဆွဲလာပါတယ်။ သူမ နေတဲ့အခန်းကလည်း နှစ်ပေါင်းများစွာ လူမနေတဲ့အခန်းနဲ့ တူနေပါတယ်။ အထဲမှာ ပရိဘောဂတွေကို အဝတ်စရှည်ကြီးတွေနဲ့ အုပ်ထားတာ တွေ့ရပါတယ်။ နံရံပေါ်မှာလည်း နာရီ မရှိပါဘူး။ အခန်းရဲ့ထောင့်တစ်ခုမှာတော့ ဓာတ်ပုံတွေနဲ့၊ တိုလီမုတ်စတွေ စုထားတဲ့စက္ကူပုံး တစ်ပုံးကို တွေ့ရပါတယ်။

“အဘွားရဲ့အိတ်လေး ကားဆီ သယ်ပေးလို့ရမလား လူလေး” လို့ အဘွားက မေးတော့ ကျွန်တော် အိတ်ကို ကားဆီ အရင်ပို့လိုက်ပြီး အဘွားကို တွဲဖို့ ပြန်လာခဲ့ပါတယ်။ သူက ကျွန်တော့်လက်မောင်းကို ကိုင်ပြီး ဖြည်းဖြည်းချင်း ကားဆီ လျှောက်လာပါတယ်။ သူမက လျှောက်နေတုန်းမှာ ကျွန်တော့်ကို ကျေးဇူးတင်ကြောင်း တဖွဖွပြောနေခဲ့ပါတယ်။ “ရပါတယ် အဘွားရယ်၊ ကျွန်တော်က သက်ကြီးရွယ်အို ခရီးသည်တွေကို ကျွန်တော့်အဖေ၊ အမေကို ဆက်ဆံသလိုပဲ ဆက်ဆံလေ့ရှိပါတယ်” လို့ ပြောတော့ “လိမ္မာလိုက်တဲ့ ကလေး” လို့ ကျွန်တော့်ကို သူမ ချီးကျူးပါတယ်။

တက္ကစီပေါ် ရောက်တဲ့အခါမှာတော့ သူမက ကျွန်တော့်ကို လိပ်စာတစ်ခုပေးပြီး “မြို့ထဲက မောင်းပေးလို့ ရမလား လူလေး” လို့ မေးလာပါတယ်။ “မြို့ထဲကဆိုရင် အမြန်မရောက်နိုင်ဘူး အဘွား” လို့ ကျွန်တော် ပြန်ပြော တော့ သူမက “ရပါတယ်ကွယ်၊ အမြန်မရောက်တာ ကိစ္စမရှိပါဘူး။ အဘွား အမြန်မလိုပါဘူး။ အဘွားက နာတာ ရှည်ဆေးရုံကိုသွားမလို့ပါ” လို့ ပြောလာပါတယ်။ ကျွန်တော် နောက်ကြည့်မှန်ကတစ်ဆင့် အဘွားကို ကြည့်မိတော့ သူမရဲ့မျက်လုံးတွေဟာ မျက်ရည်တွေနဲ့ ရွှန်းစိုနေပါတယ်။ သူမက အသံတိုးတိုးလေးနဲ့ “အဘွားမှာ မိသားစုတွေလည်း မရှိတော့ဘူးလေ။ ကြာကြာမနေရတော့ဘူးလို့ ဆရာဝန်ကလည်း ပြောထားတယ်” လို့ ပြောလာတော့ ကျွန်တော့်ရင်ထဲ စို့သွားပါတယ်။

ကျွန်တော် မသိမသာလေး ကားက မီတာကို ပိတ်ထားလိုက်ပါတယ်။ သူမဆီက တက္ကစီခယူမှာ မဟုတ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ “အဘွား ကျွန်တော် ဘယ်လမ်းကို မောင်းရမလဲ” လို့ မေးတော့ သူမက လမ်းတွေ ပြပေးပါတယ်။ နှစ်နာရီလောက်ကြာအောင် ကျွန်တော်တို့မြို့ထဲ ပတ်မောင်းကြပါတယ်။ အရင်တုန်းက သူမ အလုပ်လုပ်ဖူးတဲ့နေရာတွေကိုလည်း ကျွန်တော့်ကို ပြပါတယ်။ သူမနဲ့သူမအမျိုးသား နေထိုင်ခဲ့ဖူးတဲ့နေရာကိုလည်း ပြပါတယ်။ ပရိဘောဂဂိုဒေါင်ကြီးတစ်ခုရှေ့အရောက်မှာတော့ သူမ ကျွန်တော့်ကို ကားရပ်ခိုင်းခဲ့ပါတယ်။ ထိုဂိုဒေါင်ကြီးက အရင်တုန်းက သူမ အကလေ့ကျင့်တဲ့အခန်းကျယ်ကြီး ဖြစ်ခဲ့ဖူးကြောင်း ရှင်းပြပါတယ်။ တစ်ခါတလေ အချို့ အဆောက်အဦးတွေ၊ အချို့လမ်းထောင့်တွေရောက်ရင် ကျွန်တော့်ကို ကားအရှိန်လျှော့ခိုင်းပြီး သူမ အမှောင်ထုထဲကို လွမ်းလွမ်းဆွေးဆွေး ငေးကြည့်နေတတ်ပါတယ်။

နေရောင်ထွက်လာတဲ့အချိန်မှာတော့ “လူလေး အဘွား ပင်ပန်းနေပြီ၊ ဆေးရုံကို သွားကြရအောင်” လို့ ပြော လာပါတယ်။ ကျွန်တော်တို့နှစ်ယောက် ငြိမ်ငြိမ်သက်သက်နဲ့ ဆေးရုံဆီကို မောင်းလာခဲ့ပါတယ်။ ဆေးရုံရောက်သွားတော့ အသက်ကြီးကြီး လူနှစ်ယောက်ထွက်လာပြီး အဘွားကို တွဲခေါ်သွားကြပါတယ်။ ကျွန်တော်ကတော့ ကားနောက်ဖုံးကို ဖွင့်ပြီး အဘွားရဲ့အိတ်ကို တံခါးဝအထိ လိုက်ပို့ပေးလိုက်ပါတယ်။ အဘွားက ဝှီးချဲလ်တစ်ခုပေါ် ရောက်နေပြီဖြစ်ပြီး ကျွန်တော့်ကို “လူလေး အဘွား ဘယ်လောက်ပေးရမလဲ” လို့ သူမရဲ့ပိုက်ဆံအိတ်ကို နှိုက်ရင်း မေးလာပါတယ်။

“ပေးစရာ မလိုပါဘူး အဘွား” လို့ ကျွန်တော်ပြောတော့ “မင်းလည်း ဒီအလုပ်နဲ့ အသက်မွေးနေတာပဲကွယ်၊ ယူပါ” လို့အဘွားက ပြောလာပါတယ်။ “အခြားခရီးသည်တွေနဲ့ ကျွန်တော် ဝင်ငွေရှာလို့ရပါတယ် အဘွား” လို့ ကျွန်တော် ပြန်ဖြေလိုက်ပါတယ်။ ကျွန်တော် ခပ်ကြာကြာတွေးမနေတော့ဘဲ အဘွားကို ခါးကုန်းပြီး ဖက်လိုက်ပါတယ်။ အဘွားကလည်း ကျွန်တော့်ကိုပြန်ပြီး တင်းကျပ်စွာ ဖက်ထားပါတယ်။ “မင်းက အဘွားကို ပျော်ရွှင်စရာ အခိုက်အတန့်လေး ပေးခဲ့တယ်။ မင်းကို အဘွား ကျေးဇူးတင်ပါတယ်ကွယ်” လို့ ပြောလာပါတယ်။ ကျွန်တော် အဘွားလက်လေးကို ခဏဆုပ်ကိုင်ပြီးနောက် ပြန်လည်ထွက်ခွာလာပါတယ်။

ကျွန်တော့်ရဲ့နောက်မှာတော့ တံခါးတစ်ချပ် ပိတ်သွားတဲ့အသံကို ကြားလိုက်ရပါတယ်။ ကျွန်တော့်အတွက် တော့ အဲဒီတံခါးသံဟာ ဘဝတစ်ခု ချုပ်ငြိမ်းသွားတဲ့အသံလိုပါပဲ။ ကျွန်တော် အဲဒီညက တက္ကစီဆက်မဆွဲဖြစ်တော့ပါဘူး။ အိမ်ကိုပဲ ရည်ရွယ်ချက်မဲ့စွာ ပြန်လာခဲ့ပါတယ်။ ခေါင်းထဲမှာလည်း အတွေးတွေ ပြည့်နှက်နေခဲ့ပါတယ်။ အဲဒီနေ့တစ်နေ့လုံး ကျွန်တော် စကားတောင် ကောင်းကောင်း မပြောနိုင်ခဲ့ပါဘူး။

အကယ်၍ အဘွားဟာ ကျွန်တော်နဲ့မတွေ့ဘဲ စိတ်မရှည်တဲ့တက္ကစီဒရိုင်ဘာနဲ့ တွေ့ခဲ့ရင် …၊ ကျွန်တော်သာ သူမရဲ့ အိမ်ရှေ့မှာ ဟွန်းတီးရုံတီးပြီး မောင်းထွက်ခဲ့ရင်… ကျွန်တော် မတွေးရက်တော့ပါဘူး။ ကျွန်တော့်ဘဝမှာ အဘွားကို ကြိုမိခဲ့တဲ့လုပ်ရပ်လောက် မှန်ကန်ပြီး အားရတဲ့လုပ်ရပ် မရှိခဲ့ဖူးပါဘူး။ ကျွန်တော်တို့လူသားတွေ အားလုံးဟာ ဘဝရဲ့အကြီးအကျယ်ဆုံး အခိုက်အတန့်တွေကို ပြင်းပြင်းထန်ထန် ရှာဖွေကြပေမယ့် တကယ်တမ်း အနားရောက်လာတဲ့အခါမှာ သတိမထားမိတတ်ကြပါဘူး။ ဘဝရဲ့ အကြီးမားဆုံး အခိုက်အတန့်တွေဟာ အသေးအမွှား ယောင်ဆောင်ပြီး ကျွန်တော်တို့နားကို မထင်မှတ်ဘဲ ရောက်လာတတ်ကြပါတယ်။

အထက်ပါ အကြောင်းအရာလေးကတော့ Make Me an Instrument of Your Peace ဆိုတဲ့စာအုပ်လေးထဲမှာ ပါဝင်တဲ့ အကြောင်းအရာလေး ဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးက ကျွန်တော့်ကို အတွေးများစွာ ပေးခဲ့ပါတယ်။ ရင်ထဲကိုလည်း ထိပါတယ်။ ဒီစာအုပ်ကို ဖတ်နေတဲ့ စာဖတ်သူတွေလည်း အတွေးတစ်စုံ တစ်ခု ရသွားမယ်လို့ ကျွန်တော် ယူဆပါတယ်။ ကျွန်တော်တို့လူတွေရဲ့ဘဝဟာ တကယ်တော့ ဆုံးဖြတ်ချက်တွေနဲ့ ဖွဲ့စည်းထားတာပါ။

မနက်မိုးလင်းကတည်းက ဆုံးဖြတ်ချက်တွေ ချရပါတယ်။ မနက်စာ ဘာစားမလဲ၊ ဘာအဝတ်အစားဝတ်မလဲ၊ ဘယ်ဖိနပ်စီးမလဲ စသဖြင့် ဆုံးဖြတ်ချက်တွေ များစွာ ချရလေ့ရှိပါတယ်။ တစ်ခါတလေ အသေးအမွှားလို့ သင် ထင်လိုက်တဲ့အရာလေးတွေက သူတစ်ပါးအတွက် ကြီးကြီးမားမားကြီးတွေ ဖြစ်နေတတ်ပါတယ်။ သင့်ရဲ့ကူညီဖေးမမှုလေးတစ်ခုကြောင့် တစ်ပါးသူတစ်ယောက် ပျော်ရွှင်သွားနိုင်ပါတယ်။ တက္ကစီဒရိုင်ဘာဟာ သာမန်ခရီးသည်လို့ပဲထင်ပြီး ဟွန်းတီးရုံတီးကာ ကားမောင်းထွက်သွားခဲ့ရင် ဒီအဘွားအိုကြီး သူ့လောက် စိတ်ရှည်တဲ့သူနဲ့ တွေ့ချင်မှ တွေ့မှာပါ။

ဘဝကုန်ဆုံးတော့မယ့် အဘွားကြီးကို ခဏတာလေး ပျော်ရွှင်အောင် လုပ်ပေးနိုင်ခဲ့တဲ့ ကုသိုလ်က မနည်းပါဘူး။ သူ့အနေနဲ့လည်း ဒီလုပ်ရပ်ကို တစ်သက်လုံး အမှတ်ရနေတော့မှာ ဖြစ်ပါတယ်။ ဝမ်းသာစရာဖြစ်ရပ်တစ်ခု မဟုတ်ပေမယ့် သူ့လုပ်ရပ်က သူ့ဘဝအတွက် ဂုဏ်ယူစရာပါ။ ကျွန်တော်တို့အားလုံးလည်း ဘဝမှာ နောင်တရနိုင်မယ့်အရာတွေကို အတတ်နိုင်ဆုံး ရှောင်ရှားရင်း မိမိ တတ်နိုင်တာလေးနဲ့ သူတစ်ပါးကို ပျော်ရွှင်အောင် ကူညီလို့ရပါတယ်။ ပျော်ရွှင်မှုဆိုတာ မျှဝေခံစားမှ ပြန်လည်ရရှိတဲ့အရာတစ်ခုလည်း ဖြစ်ပါတယ်။ အားလုံးပဲ မျှဝေခံစားတတ်ကြပါစေ။

စာရေးဆရာ မိုးရှင်း(IMT) ရေးသားထားသော လက်ဆောင် စာအုပ်မှ ကူးယူဖော်ပြသည်။

ရသ

OpenMoreOnline



Related Posts