Digital Life ကို ပြန်လည်တည်ဆောက်ပါ

Digital Life ကို ပြန်လည်တည်ဆောက်ပါ (Part 2)

Facebook ပေါ်မှာ အဆီကျဆေးဆိုတဲ့ Page တစ်ခုကို တစ်ခါဝင်ကြည့်လိုက်တာနဲ့ အဆီကျဆေး…အမျိုးစုံ ရောင်းချနေတဲ့ Page မျိုးစုံက သူတို့ Wall ထဲကို ကျွန်မတို့ ဝင်မကြည့်ဘဲ မနေနိုင်တော့လောက်အောင် တစ်ချိန်လုံး ဆွဲဆောင်နေကြလိမ့်မယ်။ အစားအသောက်နဲ့ ပတ်သက်တာတစ်ခုခု ဝင်ကြည့်လိုက်တာနဲ့ အစားအသောက်တွေချည်းပဲ…တစ်ချိန်လုံး ပေါ်လာနေလိမ့်မယ်။ အဝတ်အစားဆိုရင်လည်း ဒီလိုပဲ။

ဒါကြောင့်… ဒီသတင်းအချက်အလက်တွေကို ကန့်သတ်ထားဖို့ တကယ်လိုအပ်တယ်။ အဓိက ကတော့ Media အသီးသီးကို အသုံးပြုနေတဲ့အချိန် ပမာဏကို သတ်မှတ်ထားလိုက်ဖို့ပါပဲ။

ကိုယ့်ရဲ့ အရည်အသွေး Quality of Life နဲ့…၊ စိတ်နေကောင်း ကျန်းမာခြင်း Well being ကို အထောက်အကူ မပေးဘဲ… ပိုက်ဆံ ကုန်ရုံလောက်ပဲ…၊ မျက်စိတွေ ဝေဝါးသွားရုံလောက်ပဲ…၊ အချိန်တွေကုန်သွားရုံလောက်ပဲ…၊ အကုသိုလ် ပေးရုံလောက်ပဲ… တစ်ချိန်လုံးလာပြီး စေ့ဆော်နေတတ်တဲ့ စာမျက်နှာတွေ… လူပုဂ္ဂိုလ်တွေရှိရင် လုံးဝကျောခိုင်းပစ်လိုက်တာ အကောင်းဆုံးပဲ။

တစ်နေ့မှာ Facebook နှစ်နာရီ သုံးတယ်ဆိုရင် တစ်လမှာ နာရီပေါင်း ခြောက်ဆယ် ဖြစ်နေပါပြီ။ နာရီပေါင်း ခြောက်ဆယ်ဆိုတာ ကျွန်မတို့အတွက် ပညာရပ်အသစ်တွေ လေ့လာရှာမှီးဖို့ လုံလောက်တယ်။ စာအုပ်တွေ အများကြီးဖတ်နိုင်တယ်။

တကယ်တော့ ကျွန်မတို့ Media အမျိုးမျိုးတွေကို သုံးစွဲနေကြတာဟာ တစ်နေ့မှာ နှစ်နာရီထက် မနည်းရှိပါတယ်။ အချိန်တွေက အရမ်းနှမြောစရာ ကောင်းပါတယ်။

ကျွန်မကတော့ အခုနောက်ပိုင်း အလုပ်တွေ…၊ ချိန်းဆိုထားမှုတွေ ရှိနေတဲ့ နေ့မျိုးတွေကလွဲလို့…ပုံမှန်ဆိုရင် မနက်ပိုင်းမှာ စာရေးတာ…တရားနာတာ…အလုပ်ကိစ္စ ဖြေကြားပေးတာ…စသည်ဖြင့် လုပ်ပြီးပြီဆိုတာနဲ့ Digital ကမ္ဘာကြီးကနေ တစ်နေကုန် အဆက်အသွယ် ဖြတ်တောက်ပစ်လိုက်ပါတယ်။ ညနေဘက် လေးနာရီ…ငါးနာရီလောက်မှ ပြန် Connect လုပ်ပြီး ဖြေကြားစရာရှိတာတွေကို ဖြေကြားပေးပါတယ်။ ပြီးရင် နောက်တစ်နေ့ မနက်အထိ Digital ကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ်တောက်ထားလိုက်ပါတယ်။ Digital Detox တစ်ပတ်ကို သုံး…လေးရက်တော့ လုပ်တယ်။

သိမ်းထားတဲ့ Information တွေဆိုရင်လည်း တချို့ဟာတွေဆို မေ့တောင်နေပြီ။ ဒါမျိုးတွေကို အချိန်ယူပြီး ပယ်ဖျက်ပစ်ရပါတယ်။ ဓာတ်ပုံတွေလည်း ဆယ်ပုံမှာ နှစ်ပုံလောက်ပဲ သိမ်းထားလိုက်တယ်။ ဒီနေ့ဒီအချိန်မှာ ဒီလို အမှတ်တရလေး ရှိခဲ့တယ်ဆိုရင် လုံလောက်ပြီ။ ဒါတွေဟာလည်း တစ်ချိန်တော့ ပျောက်ကွယ်သွားမဲ့… အရာတွေပါပဲ။

Digital World နဲ့ အဆက်အသွယ်ဖြတ်တောက်လိုက်တဲ့အခါမှာ သတင်းအချက်အလက်တွေ ဝင်မလာနိုင်တော့ဘူး။ ကျွန်မတို့ ဦးနှောက်ထဲမှာ နေရာလွတ်ကလေးတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ We create a space in our brains.

အကျိုးရှိရာ ရှိကြောင်းလေးတွေ…၊ ပျော်စရာလေးတွေ…၊ အကောင်းမြင်တတ်တဲ့ အတွေးတွေ…၊ တကယ့် လက်တွေ့ဘဝနဲ့ ဆက်စပ်နေမှုတွေကို… ဒီနေရာလွတ်ကလေးထဲကို ထည့်ပါမယ်…။

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း

Related Posts