လက်လွတ်မခံသင့်တဲ့ အခွင့်အရေး

လက်လွတ်မခံသင့်တဲ့ အခွင့်အရေး (Part 1)

ကျွန်မမှာ ငယ်ငယ်ကတည်းကရှိတဲ့ အကျင့်တစ်ခုကို ပြောပြမယ်…။ မိုးလင်းလာရင် ငိုတာပဲ…။ အမေ့မျက်နှာကို မတွေ့ရရင် ငိုတယ်။ အိပ်ရာထဲက မထွက်ချင်လို့ ငိုတယ်။ ကျောင်းမသွားချင်လို့ ငိုတယ်။ နို့ဗူးမစို့ရလို့ ငိုတယ်…။ မယ်မယ်ရရ အကြောင်းပြချက်မရှိဘဲ ငိုတာပေါ့…။ အဲဒီအကျင့်က ကြီးလာတော့လည်း အဲလိုပဲ…။ ငိုသာ မငိုတော့တာ… စိတ်တွေနောက်ကျိပြီး အိပ်ရာက ထလာတတ်တာပဲ…။

အင်း… ဒီနေ့အလုပ်မှာ ဘာလုပ်ရဦးမယ်…။ ဒီနေရာကို ဒီလမ်းကချည်း နေ့တိုင်းသွားနေရတာ…။ ငါအရမ်းပျင်းလာပြီ…။ ကားတွေကလည်း ကျပ်လိုက်တာ…။ လုံချည်က မီးပူမတိုက်ရသေးပြန်ဘူး…။ စိတ်ညစ်လိုက်တာ…။

ကျွန်မရဲ့ မနက်ဇာတ်လမ်းက တစ်ပတ်မှာ လေးရက်လောက် ဒီပုံစံပဲ…။ သဘောကတော့ အရှိန်မရသေးဘူး…။ ကျွန်မ တကယ်မနိုးသေးဘူး…။ အဲဒီအချိန်မှာ အလိုလို စိတ်တိုနေတတ်တယ်…။ အလုပ်ရောက်ပြီး လူတွေသူတွေနဲ့ နှုတ်ဆက်…စကားလေး ဘာလေးပြောပြီးမှ ကျွန်မ ပုံမှန်ဖြစ်လာတတ်ပါတယ်…။

နောက်ပိုင်းမှာတော့ စိတ်အကြောင်းကို အရမ်းစိတ်ဝင်စားလာတယ်…။ သိချင်လာတယ်…။ လေ့လာတယ်…။ လိုက်လုပ်ကြည့်တယ်…။

မနက်ခင်းရဲ့ အတွေးစတွေဟာ တစ်နေ့တာအတွက် ဘယ်လောက်အရေးကြီးသလဲဆိုတာ သိလာပါတယ်…။ မနက်ကတည်းက စိတ်မကြည်နေဘူးဆိုရင် အလုပ်လုပ်လို့ မကောင်းတော့ဘူး…။ မနက်ခင်းမှာ ကြည်လင်နေတယ်ဆိုရင် တစ်နေ့တာပတ်လုံး အချိန်တော်တော်များများ အဆင်ပြေနေတာ များပါတယ်…။

အခုနောက်ပိုင်းမှာ… ကြည်လင်တဲ့ စိတ်နဲ့နိုးထပြီး စာတွေအမြဲရေးနိုင်လာပါတယ်…။ စိတ်ကိုလည်း အခါအားလျော်စွာ Detox လုပ်ဖြစ်ပါတယ်…။ ၃ရက် တစ်ပတ်စသည်ဖြင့် ဦးနှောက်ရဲ့ တွေးပုံတွေးနည်း စဉ်းစားပုံစဉ်းစားနည်းကို အကျင့်ပါအောင် အဖန်တလဲလဲ လေ့ကျင့်ပေးတဲ့ သဘောပါပဲ…။

အဆင့် ၁)

ကျွန်မတို့ ဒီနေ့ဘာတွေ ဘယ်လိုတွေးကြမလဲ…။

ဦးနှောက်က အများဆုံး တွေးလေ့တွေးထရှိတဲ့၊ အဆိုးမြင်တတ်တဲ့ အတွေးတွေ Negative Thoughts တွေကို တတ်နိုင်သမျှ Manage လုပ်ပါ။ စီမံကွပ်ကဲပါ…။

ဒီရက်တွေ အတွင်းမှာ စိတ်ထဲမှာ ဘာကိုတွေးနေသလဲဆိုတာကို သေသေချာချာ စောင့်ကြည့်မယ်။ ကိုယ့်ရဲ့စိတ်ကို ကြည်လင်ချမ်းမြေ့စေတဲ့ အတွေးတွေကိုပဲ လက်ခံမယ်။

မကောင်းတဲ့ အကုသိုလ်အတွေးတွေ ဝင်လာတဲ့အခါတိုင်း ကောင်းတဲ့ ကုသိုလ်အတွေးတွေနဲ့ အစားထိုးနိုင်ဖို့ ကြိုးစားမယ်။

ပြဿနာတွေကိုချည်း အာရုံစိုက်နေမယ့်အစား ဖြေရှင်းတဲ့နည်းလမ်းတွေကို ရှာဖွေဖို့ အာရုံပြောင်းမယ်။

အမှားတွေကို တွေးမိတဲ့အခါတိုင်း အမှားရဲ့အရင်းအမြစ်ကိုပဲ ရှာဖွေမယ်။ နောက်တစ်ခါ… မမှားအောင်လုပ်မယ်။ အမှားကနေ သင်ခန်းစာယူမယ်။

အဆင့် ၂)

နောက်တစ်ဆင့် ကိုယ့်ရဲ့ အတွေးတွေနဲ့ စကားပြောကြည့်ပါ…။

စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့အတွေးတွေကို သတိနဲ့စိုက်ကြည့်ပေးရင် အင်မတန် စိတ်ဝင်စားစရာကောင်းတာကို တွေ့ရတယ်။

ဒီအတွေးတွေ ခေါင်းထဲရောက်လာဖို့ ဘယ်သူက ရွေးချယ်ပေးလိုက်တာလဲ…။ဒီအတွေးတွေဟာ မှန်ကန်ရဲ့လား…။ ကိုယ့်အတွက် ကောင်းမွန်တဲ့ ခံစားချက်… ကြည်လင်တဲ့ ခံစားချက်ကို ပေးနိုင်တာရော သေချာရဲ့လား…။

အပိုင်း(၂) အား ဆက်လက်ဖတ်ရှုရန် >> လက်လွတ်မခံသင့်တဲ့ အခွင့်အရေး (Part 2)

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း

Related Posts