Cash Flow ဆိုတာကို သတိထားစေချင်

Cash Flow ဆိုတာကို သတိထားစေချင်

ကျွန်တော် လွန်ခဲ့တဲ့ ၁၅နှစ်လောက်တုန်းက စင်ကာပူကနေ အလုပ်ထွက်ပြီး ရန်ကုန်မှာ  လုပ်ငန်းတစ်ခုလုပ်ဖို့စီစဉ်ဖူးတယ်။ ဘာလုပ်ငန်းလုပ်မယ်။ လုပ်ငန်းအတွက် ဖောက်သည်ဈေးကွက်ရှိ မရှိ လေ့လာပြီးပြီ။ ဈေးကွက်နဲ့နီးတဲ့နေရာမှာ လုပ်ငန်းရုံးခန်းဖွင့်မယ်။ ရောင်းချမယ့်ကုန်ပစ္စည်း ဝယ်ရမှာတွေ၊ ရုံးခန်း၊ မော်တော်ကားငှားခတွေ၊ ဝန်ထမ်းတွေပေးရမယ့် လခ၊ ရေဖိုး၊ မီးဖိုးကအစ အကုန်တွက်ချက်တယ်။ 

အဲဒီကုန်ကျစရိတ်တွေကို အသေးစိတ်တွက်ချက်ကြည့်ပြီးတော့ လက်ထဲမှာရှိတဲ့ငွေနဲ့ဆိုရင် လုံလောက်တယ်။ လုပ်ငန်းစဖို့ဆုံးဖြတ်ချက်ချရတော့မယ်။ ဆုံးဖြတ်ချက်ချဖို့ အချက်တစ်ချက်ဟာ စိတ်ထဲမှာလာခုနေတယ်။ 

အဒါက စာအုပ်တစ်အုပ်ထဲမှာဖတ်ဖူးခဲ့တဲ့ အချက်လေးတစ်ခုပါ။ စာအုပ်ထဲမှာ ဘာရေးထားသလဲဆိုတော့ ‘သင်လုပ်ငန်းတစ်ခု ထူထောင်မယ်ဆိုရင် လုပ်ငန်းအတွက် ရင်းနှီးရမယ့် ကုန်ကျစရိတ်တွေကို အသေးစိတ် တွက်ကြည့်ပါ။ အဲဒီကုန်ကျစရိတ်တွေရဲ့ အနည်းဆုံးငွေနှစ်ဆ သင်လက်ထဲမှာမရှိရင် လုပ်ငန်းမထူထောင်ပါနဲ့’ တဲ့။ 

ဒါပေမယ့်အဲဒီစာအုပ်ထဲမှာတော့ ဘာကြောင့် ရင်းနှီးမြှုပ်နှံမယ့် ငွေနှစ်ဆရှိဖို့လိုလဲ ဆိုတာတော့ ရှင်းပြမထားပါဘူး။ ကျွန်တော်လုပ်ငန်း မလုပ်ဖြစ်ပါဘူး။ အရင်လုပ်ပြီးထွက်ခဲ့တဲ့ ကုမ္ပဏီက ပြန်ခေါ်လို့ စင်ကာပူမှာ ပြန်လာလုပ်ဖြစ်ပါတယ်။ 

ဒါပေမယ့် လုပ်ငန်းတစ်ခုထောင်ရင် ရင်းနှီးကုန်ကျငွေရဲ့ နှစ်ဆလောက် လက်ထဲရှိထားရမယ်ဆိုတဲ့ ကိစ္စဟာ နှစ်အတော်ကြာခေါင်းထဲက ဖျောက်လို့မရဘူး။ 

နောက်ဆုံးတော့ ကုမ္ပဏီက ဌာနကြီးတစ်ခုရဲ့ငွေရေးကြေးရေးတွေကို ကိုယ်တိုင် ကိုင်တွယ်စီမံရတော့မှပဲ အဲဒါရဲ့အဖြေကို သွားတွေ့မိတော့တယ်။ 

အဖြေက Cash Flow ပါ။ မြန်မာလိုပြောရင်တော့ ငွေအဝင်အထွက်လည်ပတ်မှုလို့ ပြောရမယ်ထင်ပါတယ်။ အဓိပ္ပာယ်ကတော့ လစဉ် ကုန်ကျတဲ့ ငွေတွေထက် ပြန်ဝင်လာတဲ့‌ငွေဟာ ပိုရင်ပို မပိုရင် အနည်းဆုံး ညီနေဖို့လိုတယ်။ ရေတိုင်ကီထဲမှာ အချိန်ပြည့်ရေရှိနေဖို့ သုံးလိုက်တဲ့ ရေတွေအတွက် အမြဲ ရေဖြည့်ပေးနေရသလိုပေါ့။ လုပ်ငန်းတစ်ခုဟာ ငွေပြတ်သွားလို့မရပါဘူး။ ငွေပြတ်သွားရင် ဝန်ထမ်းတွေလစာ မပေးနိုင်တော့ဘူး။ ‌ရေဖိုး၊ မီးဖိုး စတဲ့စရိတ်တွေ မပေးနိုင်တော့ဘူး။ ပစ္စည်းထပ်ဝယ်ဖို့ ပိုက်ဆံ မရှိတော့ဘူး။ ငွေအပြတ်မခံနိုင်တော့ ဘဏ်တို့၊ တခြားသူတွေစီက အတိုးကြီးကြီးနဲ့ ချေးရတော့မယ်။ 

ဒါက လုပ်ငန်း စတင်ထူထောင်သူတိုင်း ကြုံရတတ်တယ်။ လုပ်ငန်းနည်းနည်းကြာသွားရင် ထွက်ငွေနဲ့ဝင်‌ငွေ ဟန်ချက်ညီသွားမှာပါ။ Cash Flow မှန်သွားပြီလို့ ဆိုရမှာပါ။ 

ဘာကြောင့် လုပ်ငန်းစတင်ထူထောင်ချိန်မှာ ဒီ Cash Flow ပြဿနာရှိရတာလဲ။ လုပ်ငန်းစထူထောင်စဉ်မှာ မိမိပစ္စည်းကိုဘယ်လောက်နဲ့ ဝယ်ပြီး ဘယ်လောက်နဲ့ ရောင်းလိုက်မယ်ဆိုရင် အမြတ် ဘယ်လောက်ကျန်မယ်လို့ တွက်ကြတယ်။ အစပိုင်းမှာ မှန်ပါလိ့မ်မယ်။ ပစ္စည်းကိုလက်ငင်းငွေချေစနစ်နဲ့ရောင်းပေးတာကိုး။ နည်းနည်းကြာလာတာနဲ့ဝယ်နေကြဖောက်သည်တွေကို အကြွေးပေးရတော့မယ်။ ဝယ်သူဘက်ကလည်း ပစ္စည်းတစ်ဆင်ပြန်ရောင်းပြီးမှငွေပေါ်မှာမို့ ပစ္စည်းများများဝယ်ရင် အကြွေးပေးကိုပေးရမယ်၊ အကြွေးနဲ့မရောင်းပေးဘူးဆိုရင် ဖောက်သည်တွေဟာ တစ်ခြား အကြွေးနဲ့ရောင်းပေးမယ့်သူတွေစီက သွားဝယ်ကြမှာပါ။ 

အကြွေးဆိုတာကလည်း ရင်းနှီးတဲ့ဖောက်သည်ရယ်၊ ပစ္စည်းအများကြီးဝယ်တဲ့အပေါ်မူတည်ပြီး အနည်းဆုံးတစ်လကနေ သုံးလထိပေးကြရတော့ အဲဒီကာလအတွင်းမှာ လုပ်ငန်းထဲကို ငွေမဝင်လာနိုင်လို့ အဲဒီကာလကို တောင့်ခံနိုင်ဖို့ ငွေပိုငွေလျှံရှိထားဖို့ လိုမယ်။ လိုအပ်ရင်ချေးဖို့ ဘဏ်တွေ၊ ငွေချေးပေးမယ့်သူတွေ ရှာထားရမယ်။ 

တကယ်တော့ Cash Flow ဆိုတာ လုပ်ငန်းစတင်ထူထောင်တဲ့ အချိန်မှာပဲ လိုအပ်တာ မဟုတ်ပါဘူး။ လုပ်ငန်း လည်ပတ်နေတုန်း ကာလမှာလည်း ကုမ္ပဏီမှာ ငွေကြေး ပြတ်မသွားအောင် ကြွေးရှင်တွေကိုဆက်ရမယ့် လရောက်တာနဲ့ အကြွေးပြန်ဆက်ဖို့ ဖုန်းနဲ့တစ်မျိုး၊ email နဲ့တစ်မျိုး တချို့မပေးချင်ဘူး ဆိုတဲ့ သူတွေကိုတော့ ရှေ့နေဆင့်ခေါ်စာတွေ ပို့ပြီး အကြွေးတောင်းရတယ်။ 

လုပ်ငန်းအတွက် အမြတ်ရအောင် ကြိုးစားရတာထက် အဲဒီ အကြွေးတောင်းရတဲ့ဒုက္ခကလည်း ခေါင်းစားလှပါတယ်။ ဘာကြောင့်လဲဆိုတော့ Cash Flow အပြတ်မခံနိုင်လို့ပါပဲ။ 

အင်မတန်ရောင်းကောင်းနေတဲ့ ဈေးဆိုင်ကြီးတစ်ခုဟာ စဖွင့်ပြီး လအနည်းငယ်အကြာမှာ ပိတ်သွာတာတွေ့ဖူးပါလိမ့်မယ်။ ဘာကြောင့်လဲ။ Cash Flow ပြဿနာပါ။ လည်ပတ်စရာ ငွေမရှိတော့လို့ လုပ်ငန်းကို ပိတ်လိုက်ရတာပါ။

ဗန်းမော်သိန်းဖေရေးသားထားသော မျှဝေလိုသောအတွေးများမှ ကူးယူဖော်ပြထားပါသည်။ 

OpenYourBusinessOnline

စီးပွားရေး

Related Posts