84

ဆူပူပြောဆိုခြင်းကို စိတ်အချရဆုံး ကာကွယ်နည်း (အပိုင်း – ၁)

ဆူပူပြောဆိုခြင်းကို စိတ်အချရဆုံး ကာကွယ်နည်း (အပိုင်း – ၁)
များစွာသော လူတို့သည် တစ်ဖက်သားကို ကိုယ့်ဘက်သို့ပါအောင် ဆွဲရာတွင် စကားကိုဖောင်လောက်အောင် ပြောတတ်ကြလေသည်။ အထူးသဖြင့် ဈေးရောင်းသူများသည် အလွန်အရေးကြီးသော ဤအမှားကို ထပ်တလဲလဲ မှားတတ်ကြလေသည်။

တစ်ဖက်သားကို ဝအောင်ပြောပါစေ။ သူ့အကြောင်းကို သူသည် သင့်ထက်ပို၍ သိပါသည်။ ထို့ကြောင့် သူ့ကို မေးခွန်းများကိုသာ မေးပါ။ ထိုမေးခွန်းကို သူဖြေပါစေ။

သူ၏အဖြေသည် သင်၏စိတ်သဘောနှင့် မတိုက်ဆိုင်သောအခါ သင်သည် ကြားဝင်ဖြတ်ရန် လျှာယားနေလိမ့်မည်။ သို့ရာတွင် မဖြတ်လိုက်ပါနှင့်။ ဤကဲ့သို့ ကြားဝင်ဖြတ်ခြင်းတွင် အလွန်အန္တရာယ်များလေသည်။ သူ အလွန်ထုတ်ဖော်ပြောချင်သော အကြံအစည်များသည် သူ၏ခေါင်းထဲတွင် ရှိနေစဉ် သင်၏စကားများကို ဂရုစိုက်နိုင်လိမ့်မည်မဟုတ်။ ထို့ကြောင့် သူပြောသမျှစကားပေါ်တွင် ဘယ်လိုမျှ သဘောမထားဘဲ ဆိတ်ငြိမ်စွာ နားထောင်ပါ။ သူ့ခေါင်းထဲတွင် ရှိသော အကြံအစည်များကို အားရအောင်ပြောရန် အားပေးပါ။ ဤသို့ အားပေးခြင်းသည် မည်သည့်အကြောင်းကြောင့်မျှ မဟုတ်ဘဲ သူပြောချင်သည့်စကားကို ဝအောင် ပြောစေချင်သော စေတနာရိုးရိုးကြောင့်ပင် ဖြစ်ပါစေ။

အလုပ်လုပ်ရာတွင် ဤနည်းသည် အကျိုးရှိမရှိကို ကြည့်ကြဦးစို့။ အောက်ပါ အတ္ထုပ္ပတ္တိသည် မလွှဲမကင်းသော အကြောင်းတစ်ခုကြောင့် အထက်ပါနည်းကို မသုံးဘဲ မနေနိုင်သဖြင့် အသုံးပြုလိုက်ရသော လူတစ်ယောက်၏ အတ္ထုပ္ပတ္တိပင် ဖြစ်လေသည်။

နှစ်ပေါင်းအနည်းငယ်ခန့်က အမေရိကန်ပြည်၏ အကြီးဆုံးသော မော်တော်ကားကုမ္ပဏတစ်ခုသည် မော်တော်ကားများတွင် အသုံးပြုရန်အတွက် အဝတ်စများရောင်းသော ကုမ္ပဏီများနှင့် စကားကမ်းလှမ်းလျက် ရှိလေသည်။ အထည်ရောင်းသော ကုမ္ပဏီကြီးသုံးခုမှ နမူနာစများကို အဆိုပါ မော်တော်ကားကုမ္ပဏီသို့ ပို့လိုက်ရာ ဆိုင်ရာအရာရှိများက စမ်းသပ်ကြည့်ရှုပြီးလျှင် ချိန်းဆိုသော နေ့တစ်နေ့တွင် မော်တော်ကားကုမ္ပဏီမှ ကန်ထရိုက်ကို ရရန်အတွက် မိမိတို့၏ ကိုယ်စားလှယ်အသီးသီးကို စေလွှတ်၍ မိမိတို့၏ကုန်အတွက် နောက်ဆုံးလျှောက်လဲရန် အကြောင်းကြားလိုက်လေသည်။

ဂျီဗီအာဆိုသူ အထည်ကိုယ်စားလှယ်တစ်ဦးသည် မော်တော်ကားကုမ္ပဏီရှိရာမြို့သို့ မရောက်မီ လမ်းကတည်းက လည်ချောင်းရောဂါ အပြင်းအထန် စွဲကပ်လျက်ရှိ၏။ သူကိုယ်တိုင် ပြန်ပြောသည့်အကြောင်းကို အောက်တွင် ဖတ်ပါလေ။

ကျွန်ုပ်ပြောရန် အလှည့်သို့ရောက်သောအခါ ကျွန်ုပ်တွင် အသံမရှိတော့ချေ။ စကားတိုးတိုးပြောရန်ပင် မစွမ်းနိုင်ပါ။ ကျွနု်ပ်သည် အခန်းထဲသို့ ဝင်သွားသောအခါ အထည်ဘက်ဆိုင်ရာလူကြီး၊ အဝတ်ဝယ်သော တာဝန်ခံအရာရှိ၊ အရောင်းဘက်ဆိုင်ရာ ဒါရိုက်တာလူကြီး၊ ကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် ရင်ဆိုင်တွေ့လျက်ရှိလေသည်။ ကျွန်ုပ်လည်း တတ်နိုင်သရွေ့ ဖျစ်ညှစ်ပြီး စကားပြောရန် ကြိုးစားပါသော်လည်း ကြွက်သံလို အသံထွက်ရုံမှတစ်ပါး မတတ်နိုင်တော့ချေ။

သူတို့သည် စားပွဲခုံတစ်ခုတွင် ဝိုင်း၍ ထိုင်နေကြသည်ဖြစ်ရာ ကျွန်ုပ်သည် အောက်ပါစကားတို့ကို စက္ကူတစ်ရွက်ပေါ်တွင်ချ၍ ရေး၏။

‘လူကြီးမင်းများ ခင်ဗျာ၊ ကျွန်တော့်မှာ အသံဝင်နေတာကြောင့် ကျွန်တော်သည် စကားမပြောနိုင်ပါ’

ထိုအခါ ‘ကိုင်း ဒါဖြင့် မောင်ရင်၊ မောင်ရင့်အစား ကျုပ်ကပဲ ပြောရတော့တာပေါ့’ ဟု ဥက္ကဌကြီးက ကျွန်ုပ်အား ပြော၏။ ထို့နောက် ဥက္ကဌသည် ကျွနု်ပ်၏ နမူနာစများကို တစ်ခုပြီးတစ်ခု ထုတ်၍ပြပြီးလျှင် သူတို့ကောင်းကြောင်းကို ချီးကျူး၏။ ကျွန်ုပ်၏အဝတ်စများနှင့် စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးကြရာ ဥက္ကဌကြီးမှာ ကျွန်ုပ်၏ကိုယ်စား ပြောရသည်ဖြစ်သောကြောင့် ကောင်းကြောင်းကိုသာ ခုခံ၍ ပြော၏။ ကျွန်ုပ်မှာမူကား ပြုံးရုံ၊ ခေါင်းညိတ်ရုံနှင့် လက်ဟန်ခြေဟန် ပြရုံမှတစ်ပါး ဆွေးနွေးပွဲတွင် မည်သို့မျှဝင်၍ မနွှဲနိုင်တော့ချေ။

ဤထူးခြားသော ဆွေးနွေးပွဲပြီးသောအခါ အဝတ်ကိုက်ငါးသိန်းကျော်ရရှိသော ကန်ထရိုက်ကို ကျွန်တော်ပင် ရရှိခဲ့၏။ ကန်ထရိုက်၏တန်ဖိုးမှာ စုစုပေါင်း ဒေါ်လာပေါင်း ၁ သန်းနှင့် ၆ သိန်းဖိုးမျှ ရှိလေသည်။ ကျွန်ုပ်၏တစ်သက်တာတွင် ဤမျှကြီးမားသော ကန်ထရိုက်ကို မရခဲ့ဖူးချေ။

အကယ်၍သာ ကျွန်တော် အသံမဝင်ခဲ့ပါလျှင် ဘယ်နည်းနှင့်မျှ ဤကန်ထရိုက်ကို ကျွန်ုပ် မရနိုင်ဟု ကျွန်ုပ်သည် ကောင်းစွာ သိရှိ၏။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်ထင်နေတာက တစ်မျိုး၊ ဟိုရောက်သွားသောအခါ တွေ့ရတာက တစ်မျိုးဖြစ်နေသောကြောင့်ပင်တည်း။ ထို့ကြောင့် တစ်ခါတစ်ရံ တစ်ဖက်သားကို အပြောခိုင်းခြင်းဖြင့် မည်မျှအကျိုးရှိသည်ကို ကျွန်ုပ်သည် မမျှော်လင့်ဘဲနှင့် တွေ့ရှိရလေသည်။

‘ဖီလဒယ်လဖီးယား လျှပ်စစ်ကုမ္ပဏီ’ ဂျိုးဆက် အက်စဝက် ဆိုသူလည်း ဤနည်းကို တွေ့ခဲ့ဖူးလေသည်။ မစ္စတာဝက်သည် ဒတ်ချ်လူမျိုး လယ်သမားများနေထိုင်နေသော ခရိုင်ရှိ ဆိုင်ခွဲများကို လှည့်လည်စစ်ဆေးရန်အတွက် ရောက်ရှိလာလေသည်။ အလွန်သားနားသော လယ်သမားတစ်ဦး၏ အိမ်တစ်လုံးကို ဖြတ်လျှောက်လာပြီးနောက် ‘ဒီအရပ်ကလူတွေက ဘာဖြစ်လို့ လျှပ်စစ်ဓာတ်ကို အသုံးမပြုကြသလဲ’ ဟု ထိုခရိုင်တာဝန်ခံ ကိုယ်စားလှယ်ကို မစ္စတာဝက်က မေးမြန်း၏။

‘ဟာ ဒီငနဲတွေဟာ ကပ်စေးနှဲကော်တရာတွေပဲ၊ သူတို့ကို ဘာမျှရောင်းလို့မရဘူး၊ ပြီးတော့လည်း ကျွန်တော်တို့ကုမ္ပဏီကို သူတို့စိတ်နာနေကြတယ်၊ ကျွန်တော်လည်း စမ်းကြည့်ဖူးပါပြီ၊ နေရာမကျတာနဲ့ လက်လျှော့ထားလိုက်ရတယ်’ ဟု ခရိုင်ကိုယ်စားလှယ်က ရှုံ့မဲ့၍ ပြန်ပြော၏။

ထိုသူပြောသမျှ စကားလည်း မှန်ပေလိမ့်မည်။ သို့ရာတွင် စမ်းကြည့်ချင်သေးသောကြောင့် မစ္စတာဝက်သည် ထိုလယ်သမား၏ အိမ်တံခါးကို ခေါက်၏။ တံခါးပွင့်လာပြီးလျှင် မစ္စက် ဒြပ်ကင် ဘရော့ ဆိုသူ အိမ်ရှင်မသည် တံခါးပေါက်မှ ထွက်ကြည့်လေသည်။

ကျွန်ုပ်တို့၏ ခရိုင်ကိုယ်စားလှယ်ကိုမြင်သည်နှင့် တစ်ပြိုင်နက် အိမ်ရှင်မသည် တံခါးကို အတင်းဆောင့်ပိတ်လိုက်၏။ ကျွန်တော်တံခါးကို နောက်တစ်ကြိမ် ထပ်၍ခေါက်ရာ ထိုအိမ်ရှင်မသည် တံခါးကို ဖွင့်ပြီးလျှင် ကျွန်ုပ်တို့နှင့်တကွ ကုမ္ပဏီကိုပါ ရန်တွေ့တော့သည်။

‘မစ္စက် ဒြပ်ကင်ဗရော့၊ ဒီလိုအနှောင့်အယှက် ပေးရလို့ ကျွန်တော် ဝမ်းနည်းပါတယ်၊ ခုလာတာကတော့ လျှပ်စစ်ရောင်းဖို့ မဟုတ်ပါဘူး၊ ခင်ဗျားဆီက ကြက်ဥတွေကို ဝယ်ချင်လို့ပါ’ ဟု ကျွန်ုပ်က ပြန်ပြော၏။

ထိုအခါမှ တံခါးကို ခပ်ကျယ်ကျယ်ဖွင့်ပြီးလျှင် အိမ်ရှင်မသည် ကျွန်ုပ်တို့အား မယုံသင်္ကာရှိသော မျက်နှာထားနှင့် အကဲခတ်လျက်ရှိ၏။

‘ခင်ဗျားတို့ရဲ့ အင်မတန်လှတဲ့ ဒေါ်မိနစ် ကြက်မျိုးကို မြင်ရတာနဲ့ ကြက်ဥတစ်ဒါဇင်လောက် ဝယ်ချင်တဲ့စိတ်တွေ ပေါ်လာပါတယ်’ တံခါးသည် အနည်းငယ်ပို၍ ကျယ်စပြုလာလေပြီ။ ‘ကျွန်မရဲ့ ကြက်တွေဟာ ဒေါ်မိနစ်အမျိုးလို့ ရှင် ဘယ့်နှယ်လုပ် သိပါသလဲ’

‘ကျွန်တော်ကိုယ်တိုင် ကြက်မွေးဖူးတာပဲ၊ အမှန်ပြောရရင် ဒီကြက်တွေထက်လှတဲ့ ဒေါ်မိနစ်အမျိုးကို ကျွန်တော် တစ်ခါမျှ မတွေ့ဖူးသေးဘူး’

‘ဒါဖြင့် ရှင့်ကြက်ဥတွေကို ရှင် ဘာဖြစ်လို့ မသုံးသလဲ’

‘ဟာ ကျွန်တော် လိတ်ဟွန်း ကြက်တွေက အဖြူဥတွေကိုသာ ဥတယ်၊ မစ္စက်ဒြပ်ဗင်ရော့လည်း အချက်အပြုတ်ဘက်မှာ နားလည်သားပဲ၊ ကိတ်မုန့်လုပ်တဲ့နေရာမှာ အဖြူဥတွေနဲ့ အညိုဥတွေဟာ ဘယ်မှာယှဉ်လို့ရမလဲ၊ နောက်ပြီးတော့ ကျွန်တော့်မိန်းမကလည်း ကိတ်မုန့်လုပ်တဲ့နေရာမှာ အတော်ဂုဏ်ယူပါတယ်’

ထိုအချိန်တွင် အိမ်ရှင်မသည် စိတ်အတော်ချလောက်ပြီဖြစ်၍ တံခါးဖွင့်ပြီးလျှင် ကျွန်ုပ်တို့ရှိရာသို့ ရွှင်ရွှင်ပျပျနှင့် ထွက်လာ၏။ ထိုအတောအတွင်း ဟိုဟိုဒီဒီ ကြည့်လိုက်ရာ ကြက်ခြံနှင့်တကွ အလွန်သပ်ရပ်ပုံပေါ်သော နွားခြံတစ်ခုကိုလည်း တွဲထားသည်ကို တွေ့ရ၏။

‘မစ္စက် ဒြပ်ကင်မရော့၊ အမှန်ပြောရရင် ခင်ဗျား ယောက်ျားလုပ်နေတဲ့ နွားခြံထက် ခင်ဗျားရဲ့ကြက်တွေက ပိုပြီး ပိုက်ဆံရလိမ့်မယ်လို့ ကျွန်တော်လောင်းရဲတယ်ဗျာ’

အိမ်ရှင်မသည် အကြိုက်ကိုတွေ့လေပြီ။ အမှန်စင်စစ် ကြက်တွေက နွားထက် ပိုက်ဆံပို၍ ရ၏။ ထိုအကြောင်းကို ဂုဏ်ဖော်ချင်သည်မှာ ကြာလှလေပြီ။ သူ့ယောက်ျား လူပြိန်းကြီးကမူကား ထိုအကြောင်းကို ဘယ်အခါမှ ဝန်မခံချေ။

ဆူပူပြောဆိုခြင်းကို စိတ်အချရဆုံး ကာကွယ်နည်း

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

အတွေးအခေါ်

Open More Online

Related Posts