73b

ဆော့ခရတ္တိ ဘီစီ ၄၆၉-၃၉၉ (ပလေးတိုးနိဒါန်း)

ဆော့ခရတ္တိ ဘီစီ ၄၆၉-၃၉၉ (ပလေးတိုးနိဒါန်း)
ဆော့ခရတ္တိသည် အက်သင်းမြို့ဇာတိ ဖြစ်သည်။ အဖသည် ကျောက်ဆတ်သမားဖြစ်၍ အမိသည် ဝမ်းဆွဲဆရာမကြီး ဖြစ်သည်ဟု ဆိုသည်။ အိမ်ထောင်ကျသည်မှာ နောက်ကျလှသဖြင့် အသက် ၇၀ အရွယ် သူကွယ်လွန်သောအချိန်တွင် သူ့သားအကြီးဆုံးသည် အရွယ်ရောက်စသာဖြစ်၍ တတိယကလေးသည် နို့စို့အရွယ် ဖြစ်သည်။ ပျိုရွယ်စဉ်အခါကသော် စားနိုင်သောက်နိုင်ရှိဟန်ဖြစ်၍ အရွယ်အိုလာသောအခါ ပဲလပါနိဆစစ်ပွဲ၏ ဒဏ်ကြောင့် ဆင်းဆင်းရဲရဲဖြစ်လာသည်ဟု ဆိုသည်။

ဆော့ခရတ္တိသည် အသက်ရှစ်နှစ်အရွယ်မှ သုံးဆယ့်ရှစ်နှစ်အရွယ်အထိ ပရီကလိမင်းလက်ထက်တွင် နေထိုင်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ဂရိနယ်ချဲ့စစ်ပွဲများနှင့် ကြုံခဲ့ရသည်။ အရောင်းအဝယ်တိုးတက်လာ၍ အက်သင်းမြို့သူ မြို့သား လယ်ပိုင်ရှင် မြေပိုင်ရှင်တို့ ချမ်းသာလာကြသည်ကို မြင်ခဲ့ရသည်။ ဂရိဒီမိုကရေစီအုပ်ချုပ်ရေး ထွန်းကားခဲ့သည်ကို မြင်ခဲ့ရသည်။ စိတ်မာန်တက်ကြွလျက်ရှိသော၊ နယ်ချဲ့စိတ်ဓာတ် မွေးလာကြသော အထက်အလွှာ အက်သင်းမြို့သားတို့၏ အမူအရာတို့ကို မြင်ခဲ့ရသည်။ တစ်ဖန် ဂရိတို့၏ ဗိသုကာပညာ၊ ပန်းတမော့ပညာတို့ ဆန်းကြယ်လာသည်ကို မြင်ခဲ့ရသည်။ ဂရိစာပေ တိုးတက်လာသည်ကို မြင်ခဲ့ရသည်။ အက်သင်းမြို့တွင် ဆိုဖီဆရာတို့ ဝင်ထွက်သွားလာ ပြောဟောသင်ပြကြသည်ကို မြင်ခဲ့ရသည်။ ဆော့ခရတ္တိကိုယ်တိုင် ဆာမိုစစ်ပွဲတွင်လည်းကောင်း၊ ပေါတိဒိစစ်ပွဲတွင်လည်းကောင်း ပါဝင်တိုက်ခိုက်ခဲ့ရသည်။

တစ်ဖန် ဆော့ခရတ္တိသည် အသက်သုံးဆယ့်ကိုးနှစ်အရွယ်မှ အသက်ခြောက်ဆယ့်ငါးနှစ်အရွယ်အထိ အက်သင်းမြို့နိုင်ငံတွင် အကြီးအကျယ်အပြောင်းအလဲ ဖြစ်ခဲ့သည်တို့နှင့် ကြုံခဲ့ရပြန်သည်။ ထိုခေတ်သည် ဂရိလူမျိုးအချင်းချင်း တိုက်ခိုက်ကြသော ပဲလပါနိဆစစ်ပွဲခေတ် ဖြစ်သည်။ ထိုခေတ်တွင် မာနထောင်လွှားသော အက်သင်းမြို့နိုင်ငံကို လက်အောက်ခံနိုင်ငံများက ပုန်ကန်ကြသည်ကို မြင်ခဲ့ရသည်။ အက်သင်းမြို့နိုင်ငံတွင် နိုင်ငံရေးခေါင်းဆောင်ပိုင်းနှင့် အရင်းရှင်ပိုင်းတို့တွင် အကျင့်တရားပျက်ပြားလာသည်ကို မြင်ခဲ့ရသည်။ ရောဂန္တရကပ်ကြီး ဆိုက်သဖြင့် ပရီကလိမင်းနှင့် တိုင်းသူပြည်သား အမြောက်အမြား သေကြေပျက်စီးကြသည်ကို မြင်ခဲ့ရသည်။

အက်သင်းအုပ်စုကတစ်ဖက်၊ စပါတာအုပ်စုကတစ်ဖက် တိုက်ခိုက်ကြသော စစ်ပွဲများအနက် ဒီလီယန်စစ်ပွဲတွင်လည်းကောင်း၊ အန်ဖိပလိစစ်ပွဲတွင်လည်းကောင်း ဆော့ခရတ္တိကိုယ်တိုင် ပါဝင်တိုက်ခိုက်ခဲ့ရသည်။ အက်သင်းမြို့နိုင်ငံအတွင်းတွင် ဒီမိုကရေစီဘက်တော်သားများနှင့် မြေရှင်ပဒေသရာဇ်တို့ အာဏာလုကြသည်ကို မြင်ခဲ့ရသည်။ နောက်ဆုံးတွင် စပါတာမြို့နိုင်ငံ၏လက်အောက်သို့ အက်သင်းကျဆုံးသည်ကို မြင်ခဲ့ရသည်။ ထို့နောက် အသက်ခြောက်ဆယ်အရွယ်မှ အသက်ခုနစ်ဆယ်အရွယ်အထိ မင်းသုံးဆယ်အဖွဲ့ တက်လာသည်ကိုလည်းကောင်း၊ မင်းသုံးဆယ်အဖွဲ့ပျက်၍ ဒီမိုကရေစီ ပြန်တက်လာသည်ကိုလည်းကောင်း မြင်ခဲ့ရသည်။ ဒီမိုကရေစီ ပြန်တက်လာသော အခိုက်အတန့်တွင် စိတ်မချရမှု၊ မလိုတမာစိတ်ပြင်းထန်မှု၊ အချင်းချင်းမယုံကြည်မှုတို့ကြောင့် ဆော့ခရတ္တိ တရားအစွဲခံရ၍ သေဒဏ်အပေးခံလိုက်ရသည်။ ဤသို့ဖြင့် ဆော့ခရတ္တိ၏ ဘဝတစ်သက်တာ အတွေ့အကြုံသည် စုံခဲ့သည်ဟု ဆိုနိုင်သည်။

ဆော့ခရတ္တိပျိုရွယ်စဉ်အခါကသော် သဘာဝတွင် စိတ်ဝင်စား၍ လောကဓာတ်စကြဝဋ္ဌာအကြောင်းကို လေ့လာခဲ့သူဖြစ်သည်ဟု ဆိုသည်။ နောင်အခါတွင် လူ့လောကအခြေအနေကို ပြုပြင်လိုစိတ်ဖြစ်လာ၍ ရုပ်လောကသဘာဝဆိုင်ရာတို့ကို စွန့်လိုက်ပြီးလျှင် လူတို့၏ အကျင့်စရိုက်တို့တွင်လည်းကောင်း၊ အပြုအမူတို့တွင် လည်းကောင်း စိတ်ဝင်စားလာ၍ လူ့စိတ်၊ လူ့သဘာဝကို လေ့လာစုံစမ်းသူဖြစ်လာသည်။ ဆော့ခရတ္တိသည် ထိုအခါမှစ၍ ကွယ်လွန်သည်အထိ လူတို့၏ ကာယကံ၊ ဝစီကံ၊ မနောကံဟု ဆိုအပ်သော ကံသုံးပါးအမူအရာတို့၏အမှားအမှန်၊ အကောင်းအဆိုး၊ အကျိုးအပြစ်တို့ကို လေ့လာ၍ လူ့လောက ငြိမ်းချမ်းရေးလမ်း၊ လွတ်မြောက်ရေးလမ်းတို့ကို ပြခဲ့သည်ဟု ယူကြပါသည်။

ဆော့ခရတ္တိလေ့လာပုံသည် ဤသို့ဖြစ်သည်။ ဆော့ခရတ္တိတွင် ကျောင်းဟုသော်လည်းကောင်း၊ တက္ကသိုလ်ဟုသော်လည်းကောင်း ရှိသည်မဟုတ်ချေ။ သူလေ့လာရာအရပ်သည် လူစည်ကားရာဖြစ်သော ဈေးဖြစ်သည်။ ရုံးပြင်ကန္နားဖြစ်သည်။ ပွဲတော်များဖြစ်သည်။ လူငယ်လူရွယ်တို့ ကျက်စားရာ အားကစားရုံများ ဖြစ်သည်။ ထိုအရပ်များတွင် ဆော့ခရတ္တိသည် လူကြီး လူငယ်မရွေး၊ လူချမ်းသာ လူဆင်းရဲမရွေး ဆုံမိသောသူတို့နှင့် အခါအခွင့်သင့်တိုင်း ဆွေးနွေးခြင်း၊ မေးမြန်းစိစစ်ခြင်း ပြု၍ လေ့လာခြင်းဖြစ်သည်။ ဤနည်းဖြင့် ဆော့ခရတ္တိသည် ပညာကို ရှာလည်းရှာ၍ ပေးလည်းပေးသည်ဟု ယူရာသည်။

ဆော့ခရတ္တိသည် အရုပ်ဆိုးသည်။ မျက်လုံးပြူးကျယ်ကျယ် ဖြစ်သည်။ နှာခေါင်းတို၍ လန်နေသည်ဟု ဆိုသည်။ ပညာစကားဆွေးနွေးရာတွင် နှိမ့်ချ၍ ပြောတတ်သည်။ မသိကျူးကျွန်ပြု၍ မေးတတ်သည်။ မဖောက်မပြန်သောတရားကို ဆုပ်ကိုင်တတ်သည်။ ဂရိတို့ အလေးပြုသော ဂုဏ်သိက္ခာတရားအပေါင်းတွင် ဝိဇ္ဖာ အသိတရားသည် ပဓာနဖြစ်၏ဟု ယုံကြည်သူဖြစ်သည်။ ဆော့ခရတ္တိသည် အစားကိုလည်း မမှု၊ အဝတ်ကိုလည်း မမှု၊ ရရာနှင့် ရောင့်ရဲတတ်သည်။ အပူအချမ်း ခံနိုင်သည်။ ကာယဗလ ကောင်းသည်။ သူရသတ္တိနှင့် ပြည့်စုံသည်။ သူ့တာဝန်ကျလာ၍ သူပါဝင်တိုက်ခိုက်ခဲ့သော ပေါတိဒိစစ်ပွဲတွင် အသက်ဆံဖျားထား၍ ရဲဘော်၏အသက်ကို ကယ်ခဲ့ဖူးသူ ဖြစ်သည်။ ဒီလီယမ်စစ်ပွဲတွင် စစ်ရှုံးသဖြင့် တစ်တပ်လုံးဆုတ်လာသော်လည်း သူတစ်ယောက်တည်း ငှက်ကြီးဝံပိုကဲ့သို့ အေးအေးဆေးဆေး လမ်းလျှောက်လာခဲ့သူ ဖြစ်သည်ဟု အဆိုရှိသည်။

ဆော့ခရတ္တိတွင် ထူးခြားသောအချက်နှစ်ချက်ရှိသည်ဟု ဆိုသည်။ တစ်ချက်မှာ ဆော့ခရတ္တိသည် တစ်ခါတစ်ရံ ယောဂီပုဂ္ဂိုလ်ကဲ့သို့ ပြုမူလေ့ရှိခြင်း ဖြစ်သည်။ မြောက်ဘက်တစ်ခွင် သရေရှင်အရပ်တွင် စစ်မှုထမ်းနေစဉ် ဆော့ခရတ္တိသည် ဆောင်းလအအေးဒဏ်ကို စိုးစဉ်းမျှမမှု။ လဟာပြင်တွင် နှစ်ဆယ့်လေးနာရီကြာအောင် မတ်တပ်ရပ်လျက် ပြဿနာတစ်ခုကို အာရုံပြုခဲ့ဖူးသည်သာ အဆိုရှိသည်။ အခါတစ်ပါးတွင် မိတ်ဆွေတစ်ဦး၏ အိမ်သို့ အလာလမ်းတွင် တစ်စုံတစ်ခုကို အာရုံစိုက်ကာ အတန်ကြာမျှ မတ်တပ်ရပ်၍ နေခဲ့ဖူးသည်ဟုလည်း အဆိုရှိသည်။ နောက်တစ်ချက်မှာ သူ့စိတ်ကို အသံတော်နတ်နိမိတ်က စောင့်ရှောက်လျက် ရှိသည်ဟု သူ့နှုတ်က ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သည်။ သူပြုမည့် အမှုကိုသော်လည်းကောင်း၊ သူ့စိတ်အကြံကိုသော်လည်းကောင်း အသံတော်နိမိတ်က ကြိုက်လျှင် ခပ်မဆိတ်နေ၍ မကြိုက်လျှင် သူ့ကို တားဆီးတတ်ကြောင်း ပြောခဲ့ဖူးသည်ဟု အဆိုရှိသည်။ ပလေးတိုးသည် ထိုအချက်ကို ဖော်ပြခဲ့သည်။

ဂရိတရားခုံရုံးတွင် ဆော့ခရတ္တိအပေါ်တွင် မဲဆန္ဒပေး၍ ချမှတ်ခဲ့သော သေဒဏ်သည် မတည်ငြိမ်သေးသောခေတ်တွင် အထင်လွဲအမြင်လွဲဖြစ်ကြ၍ ချမှတ်ခဲ့သော သေဒဏ်ဖြစ်သည်ဟု ယူဆကြသည်။

ဆော့ခရတ္တိ ဘီစီ ၄၆၉-၃၉၉ (ပလေးတိုးနိဒါန်း)

ဆရာဇော်ဂျီ ဘာသာပြန်ဆိုထားသော ပလေးတိုးနိဒါန်း မှ ကူးယူဖော်ပြသည်။

အတွေးအခေါ်

Open More Online

Related Posts