ယဉ်ကျေးမှုကို သူ့နေရာနှင့်သူ၊ သူ့ဌာနနှင့်သူ ရှိရပေမည်သာ ဖြစ်၏။ အိမ်တွင် ယဉ်ကျေးခြင်း၊ ကျောင်းနေအရွယ်တွင် ကျောင်းတွင် ယဉ်ကျေးခြင်း ၊ ကစားရာတွင် ယဉ်ကျေးခြင်း၊ လမ်းတွင် ယဉ်ကျေးခြင်း၊ မြို့ရွာရပ်ကွက်တွင်းတွင် ယဉ်ကျေးခြင်း ဟူ၍သာ လဒေသအလိုက် ရှိပေမည်။
မိဘတို့ကား နေ့စဉ်ထိတွေ့နေရသောသူများ ဖြစ်သဖြင့် ယဉ်ကျေးခြင်းကို ပုံဖော်ပေးနိုင်သူတို့မှာ အမိအဖပင် ဖြစ်သည်။ ကျောင်းနေအရွယ်တွင် ဆရာသမားတို့က ပြည့်ဝစွာ ပုံဖော်ပေးရပြန်လေ၏။ ထို့ကြောင့် သားသမီးများ မကောင်းလျှင် မိဘခေါင်းကျ၍၊ တပည့်မကောင်းလျှင် ဆရာခေါင်းကျလေ၏။ မိဘ၊ ဆရာ၊ ကျောင်းသားတို့ သုံးပွင့်ဆိုင် လုပ်ဆောင်လိုက်နာကြမှသာလျှင် ယဉ်ကျေးမှုနှင့် မိမိလိုချင်ရာကို ပုံသွန်းလောင်းနိုင်ကြမည် ဖြစ်သည်။
ကျောင်းနေအရွယ်တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ဟူ၍ အရွယ်ပိုင်းခြားရှိသော်လည်း … နုနယ်သော မူလတန်းအရွယ်တို့အား ဆရာ၊ ဆရာမတို့ ပုံစံသွန်းလောင်းရသည်မှာ ခက်ခဲမှု သိပ်မတွေ့ရပေ။ ချော့ခြင်း၊ ချောက်ခြင်း နှစ်လီ၊ ဆရာ၊ ဆရာမတို့သည် ယဉ်ကျေးမှုမျိုးစေ့ကို ချပေးကြသည်။ ကျောင်းနေအရွယ်တို့အတွက် ကျောင်းတွင် ယဉ်ကျေးမှုရှိအောင် စည်းကမ်းရှိရှိ ကိုင်တွယ်ကြသည်။ ကျောင်းနေပျော်၍ စာတော်ရမည်အပြင် ဖော်ပြပါကျောင်းတွင် ယဉ်ကျေးမှုတို့ကို လိုက်နာကြရပေမည်။
* စာသင်ခန်းသို့ အချိန်မှန်စော၍ ရောက်ရမည်။ နောက်ကျ၍ရောက်လျှင် နောက်ကျခြင်းကို ခွင့်ပြုပါရန် အတန်းပိုင်
ဆရာ/ ဆရာမအား ခွင့်တောင်းရမည်။
* အတန်းထဲတွင် စာကျယ်ကျယ်ဖတ်ခြင်း၊ စကားများခြင်း၊ ဆော့ခြင်း စသည်တို့ကို မလုပ်မိစေရန် သတိပြုရာ၏။
* အခြားသော ကျောင်းသားများအား အနှောင့်အယှက်ဖြစ်အောင် မလုပ်မိစေရန် သတိပြုရာ၏။
* စာအုပ်ကို လှန်သည့်အခါ၊ ဖွင့်သည့်အခါ တံတွေးဆွတ်၍ ဖွင့်ခြင်းလှန်ခြင်း မပြုပါနှင့်။ စာရွက်ထောင့်မှ လက်နှင့်
ပွတ်ယူလှန်ရပါမည်။
* စာရွက်ကို ချိုးခေါက်၍မှတ်ခြင်း၊ စာအုပ်ကို မှောက်ခုံထားခြင်း မပြုလုပ်ရ။ မှတ်သားလိုလျှင် စာရွက်လွတ်၊ သို့မဟုတ်
တစ်စုံတစ်ခုဖြင့် ညှပ်၍ မှတ်သားထားပါ။
* စာရွက်များ ဆုတ်ဖြဲခြင်း၊ ခြစ်ပစ်ခြင်း မပြုရ။
* ကျောင်းစာအုပ်တွင် မလိုအပ်သောပုံ၊ ကဗျာ၊ သီချင်းနှင့် ပြင်ပစာတို့ ရေးသားခြင်းမပြုရ။
* စာဖတ်နေစဉ်တွင် ၎င်း၊ တွေးဆစဉ်းစားနေစဉ်တွင် ၎င်း၊ ပါးစပ်ထဲသို့ လက်ထိုးသွင်းခြင်း၊ မိမိလက်သည်းကို ကိုက်ခြင်းတို့ မပြုလုပ်ရ။
* ကျောင်းသူများသည် နီးစပ်ရာကျောင်းသူအချင်းချင်း အုပ်စုဖွဲ့၍
တစ်ယောက်ယောက်ကို မခေါ်မပြော၊ ဝိုင်းပယ်ခြင်းမျိုး မပြုရ။
ဝိုင်းပယ်ထားခြင်းခံရသော ကျောင်းသူသည် အထီးကျန်ဆန်၍ စိတ်ဆင်းရဲခြင်း
ဖြစ်တတ်သဖြင့် ထိုအပြုအမူမျိုးကို ရှောင်ကြဉ်ပါ။
* အချင်းချင်းနာမည်တုဖြင့် ပြောင်လှောင်ခေါ်ဝေါ်ခြင်းကဲ့သို့သော ရိုင်းပျသည့် အပြုအမူမျိုးကို ရှောင်ကြဉ်ရမည်။
* တစ်ယောက်နှင့်တစ်ယောက် ပြောင်လှောင်ခြင်း၊ သရော်ခြင်း၊ ရန်စခြင်း
မပြုရ။ တစ်ဦးတစ်ယောက်က ပြုလုပ်လျှင် ယဉ်ကျေးသိမ်မွေ့စွာ သတိပေးရမည်။
* သတ်မှတ်ထားသော ကျောင်းဝတ်စုံကို သန့်ရှင်းစွာ ဝတ်ဆင်ရမည်။
* ရင်ထိုးတံဆိပ်၊ ကျောင်းသားကဒ်တို့ကို ထင်သာမြင်သာရှိစေရန် ချိတ်ဆွဲထားရမည်။
* သူတစ်ပါးအား ထိခိုက်နာကျင်စေမည့် ကော်စေ့သေနတ်ဖြင့်ပစ်ခြင်း၊
သားရေကွင်းဖြင့် ပစ်ခြင်း၊ ဆီးစေ့ဖြင့်ပစ်ပေါက်ခြင်း၊ စသည်တို့ကို မပြုရာ။
* မိမိခုံ၊ မိမိပတ်ဝန်းကျင်အား ညစ်ပေစေနိုင်သော ပီကေ၊ ဆီးထုပ်
အစရှိသည်တို့ကို စားပြီးပါက၊ စားကြွင်းစားကျန်များကို အမှိုက်ပုံတွင်းသို့
စွန့်ပစ်ရာ၏။
* အငြင်းအခုံသန်ခြင်း၊ အနိုင်ကျင့်ခြင်း၊ အုပ်စုဖွဲ့ခြင်းတို့ကို မပြုရာ။
* ကျောင်းသို့ ချွန်ထက်သောအရာ၊ မာကျောသောအရာနှင့် စာရေးကိရိယာနှင့် မသက်ဆိုင်သော အပိုပစ္စည်းများ ယူဆောင်လာခြင်း မပြုရာ။
* အတန်းဖော်သူငယ်ချင်း အချင်းချင်း မျှဝေစားခြင်း၊ တိုင်ပင်နှီးနှောခြင်း၊ ကူညီရိုင်းပင်းခြင်းများ ရှိရာ၏။
* တစ်နေ့စာကို တစ်နေ့ပြီးပြတ်အောင် ပြုလုပ်ခြင်းပြု၍ သူတစ်ပါးစာကို ကူးရေးခြင်း၊ ခိုးချခြင်းမျာ မပြုရာ။
* ကျောင်းသားသစ်များကို ကူညီဖေးမရမည်။ ငယ်သောကျောင်းသားတို့အား စောင့်ရှောက်ရမည်။
* ကျောင်းသူကလေးများနှင့် ရောနှော၍နေရပါလျှင် မိမိနှမ၊ အစ်မကဲ့သို့
သဘောထား၍ လေးစားစောင့်ရှောက်ရာ၏။ သူတစ်ပါးအတုယူလောက်လောက်သော
အကျင့်စာရတ္တစံပြဖြစ်အောင် အစဉ်သတိပြုလုပ်ဆောင်ပါ။
* ဆရာ/ ဆရာမများ၏ သင်ကြားမှုအပေါ် သရော်နောက်ပြောင်ခြင်း မပြုလုပ်ရာ၏။
* စာသင်ကြားနေမှုကို အနှောင့်အယှက်ဖြစ်စေမည့် အပြုမူမျိုးကို ရှောင်ကြဉ်ရာ၏။
* ကျောင်းဝန်းအတွင်း ကောက်ရသော ပစ္စည်းတို့အား သက်ဆိုင်ရာ ဆရာ/ ဆရာမများထံ သွားရောက်အပ်နှံရမည်။
* စာသင်ခန်းသန့်ရှင်းရေးနှင့် သောက်ရေ၊ သုံးရေ တည်ထားခြင်းတို့ကို အလှည့်ကျပြုလုပ်ရမည်။
* ကျောင်းခန်းတွင်း အတန်းခေါင်းဆောင်နှင့် အခြားခေါင်းဆောင်တို့ ချမှတ်ထားသော စည်းကမ်းကို မသွေမတိမ်း လိုက်နာကြရာ၏။
* အသင်း ၄-သင်းခွဲလျှင် ကျသည့်အသင်းတွင် မိမိတာဝန်ကို ကျေပွန်စွာ လိုက်နာဆောင်ရွက်ကြရမည်။
* တပည့်ဝတ္တရား(၅)ပါးရှိလေ၏။
၁။ ညီညာထကြွ
၂။ ဆုံးမနာယူ
၃။ လာမူကြိုဆီး
၄။ ထံနီးလုပ်ကျွေး
၅။ သင်တွေးအံရွတ်-တပည့်ဝတ်၊
မချွတ်ငါးခုသာ။
၁။ ခရီးဦးကြိုဆိုခြင်း။
ဆရာလာသည်ကို မြင်လျှင်မြင်ချင်းနေရာမှ ထ၍ ရိုသေသောအားဖြင့်
မတ်တပ်ရပ်နေရမည်။ ဆရာထိုင်မှ ထိုင်ရမည်။ ဆီးကြိုနှုတ်ဆက်ရမည်။
ဆရာသယ်ဆောင်လာသော ပစ္စည်းဝတ္ထုတို့ကို လှမ်းယူ၍ သယ်ဆောင်ပေးရမည်။
နေရာထိုင်ခင်းကို ခင်းကျင်းသုတ်ခါပေးရမည်။
၂။ ဆရာ့ထံပါးချဉ်းကပ်ခြင်း။
ဆရာကိုကြောက်လန့်၍ ရှောင်ဖယ်ရှောင်ဖယ် လုပ်မနေရ။ ဆရာ့ထံမှ ဆုံးမသြဝါဒယူရန်၊ အတတ်ပညာယူရန် ချဉ်းကပ်ရမည်။
၃။ လေးစားစွာနားစိုက်ထောင်ခြင်း။
ဆရာမ၏ ဆုံးမသြဝါဒနှင့် လမ်းညွှန်ချက်များကို ရိုသေလေးစားစွာ နားစိုက်ထောင်ခြင်း၊ နာယူမှတ်သားခြင်း ပြုရမည်။
၄။ ဆရာကိုပြုစုလုပ်ကျွေးခြင်း။
ဆရာအား ခြေဆုပ်လက်နယ်ပြုခြင်း၊ ကိစ္စကြီးငယ် ပြုလုပ်ပေးခြင်း၊
ဆရာ၏အဝတ်ကို လျှော်ပေးခြင်း၊ ဆရာအတွက် သောက်ရေ၊ ချိုးရေ ခပ်ပေးခြင်း စသည့်
ဗာဟီရအလုပ်များကို ပြုလုပ်ပေးရမည်။
၅။ အတတ်ပညာကို ဂရုတစိုက်တန်ဖိုးထား၍ သင်ယူခြင်း။
ဆရာက ရှေ့မှတစ်ခွန်းဆိုပြပါက တပည့်သည် ဆယ်ကြိမ်မက ရွတ်ဆိုခြင်း၊
ဆရာက တစ်ကြိမ်မက ပြုလုပ်ပြပါက တပည့်က အကြိမ်ပေါင်းများစွာ
ပြုလုပ်လေ့ကျင့်ခြင်း၊ ဆရာက ဂဏန်းသင်္ချာတစ်ပုဒ်ကို တစ်ကြိမ်တွက်ပြပါက
တပည့်က ထိုပုစ္ဆာမျိုး ဆယ်ခုကို ဆယ်ကြိမ်မက တွက်၍ လေ့ကျင့်ခြင်း၊ ဆရာက
အလွတ်ကျက်ရန် ခိုင်းလျှင် အလွတ်ရအောင် ကျက်မှတ်ခြင်းတို့ဖြစ်သည်။
တပည့်တို့သည် စည်းကမ်းတကျ ဝတ္တရားနှင့်အညီ
သင်ယူတတ်မြောက်လေသကဲ့သို့ ဆရာတို့မှာလည်း ဆရာဝတ္တရားနှင့်အညီ
သင်ပြဆောင်ရွက်ကြရသည်။