hapeye

ဤနည်းကိုလုပ်၊ နေရာတိုင်းမှာ ခရီးဦးကြို ပြုလုပ်လိမ့်မည် (အပိုင်း – ၃)

နယူးယောက် ယူနီဗာစီတီတွင် ဝတ္ထုတိုရေးနည်း သင်ခန်းစာကို ကျွန်ုပ်သည် သွားရောက်သင်ယူဖူး၏။ ထိုသို့ သင်ယူနေစဉ် တစ်နေ့တွင် ကော်လီးယား မဂ္ဂဇင်းစာတည်းသည် ကျွန်ုပ်တို့အတန်းသို့ လာရောက်၍ ဟောပြော၏။ သူ၏ စားပွဲခုံပေါ်ကို တစ်နေ့တစ်နေ့လျှင် ဝတ္ထုတိုတစ်ခုကို ဆွဲထုတ်ပြီးလျှင် ထိုဝတ္ထုတိုကို ရေးသားသူသည် လူများကို မေတ္တာရှိသောသူ ဟုတ်မဟုတ်ကို သူ သိသည်ဟု ထိုစာတည်းက ထုတ်ဖော်ပြောပြလေသည်။

‘အကယ်၍ ထိုဝတ္ထုတိုကို ရေးသောသူသည် လူများကို မေတ္တာမရှိလျှင် လူများလည်း ထိုဝတ္ထုတိုရေးသူ၏ ဝတ္ထုတိုများကို မေတ္တာရှိမည်မဟုတ်’ ဟူ၍ ဆက်လက် ပြောပြလေသည်။ ဤ အလုပ်ဝါရင့်ပြီးသော စာတည်းကြီးသည် ဝတ္ထုတိုရေးနည်းနိသျည်းများကို ဟောပြောစဉ် နှစ်ကြိမ်တိုင်တိုင် ရပ်ဆိုင်း၍ တရားစာပေ ဟောပြောသကဲ့သို့ ဖြစ်ရသည့်အတွက် ဝမ်းနည်းကြောင်းတောင်းပန်၏။

သင်တို့၏ ဓမ္မကထိကသည် ပြောပြမည်ဖြစ်သော တရားသဘောတွေကို ကျွန်ုပ်က ပြောပြနေတာပဲ၊ သို့ရာတွင် သင်တို့သည် နာမည်ကျော် ဝတ္ထုရေးဆရာဖြစ်လိုလျှင် လူများပေါ်တွင် စိတ်မဝင်စားဘဲ မဖြစ်နိုင်ကြောင်း ကြပ်ကြပ် မှတ်သားပါ’ ဟူ၍လည်း ပြောပြသေး၏။ အကယ်၍ ဝတ္ထုရေးရာတွင် ဤစကားသည် တစ်ဆလောက် မှန်ကန်ခဲ့ပါလျှင် လူများနှင့် မျက်နှာချင်းဆိုင်ကာ ပေါင်းသင်းဆက်ဆံရာတွင် ထိုစကားသည် သုံးဆလောက် ပို၍မှန်မည် ဖြစ်၏။

မျက်လှည့်ဆရာတို့၏ အကြီးအမှူး ပဉ္စလက်ဆရာတို့၏ ဘုရင်ဖြစ်သော ဟောင်းဝပ် သာစတန်သည် ဘရော့ဒဝေးအရပ်တွင် နောက်ဆုံးအကြိမ် ရောက်လာပြစဉ်က သူ၏ အဝတ်လဲသည့်အခန်းတွင် ကျွန်ုပ်သည် တစ်ညနေလောက် အချိန်ဖြုန်းဖူး၏။ သူသည် နှစ်ပေါင်း ၄၀ ကျော် ကမ္ဘာကို လှည့်၍ အကြိမ်ပေါင်းများစွာ သူ၏ အလွန်အံ့သြဖွယ်ကောင်းသော နည်းမျိုးစုံတို့ကို ပရိသတ်များ ပါးစပ်ဟောင်းလောင်းနေအောင် ပြသခဲ့ဖူး၏။ သူ၏ မျက်လှည့်ပွဲသို့ လာရောက်ကြည့်ရှုကြသော လူဦးရေမှာ သန်းပေါင်း ၆၀ ကျော်၍ ထိုပြပွဲအားလုံးမှ ဒေါ်လာငွေ ၂ သန်းလောက် အမြတ်ပေါ်ခဲ့လေသည်။

ကျွန်ုပ်သည် မစ္စတာသာစတန်၏ အောင်မြင်ကြောင်း နည်းလမ်းကောင်းများကို မေးမြန်းကြည့်၏။ ဤကဲ့သို့ သူအောင်မြင်ရသည်မှာ ကျောင်းမှ ရရှိခဲ့သော ပညာကြောင့် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ငယ်ရွယ်စဉ်ကပင် အိမ်မှ ထွက်ပြေးပြီးနောက် ‘တေလေ’ လုပ်၍ ကြီးပြင်းလာရသောကြောင့်တည်း။

ကျောင်းမှရသော ပညာကြောင့်မဟုတ်လျှင် အခြားမျက်လှည့်ဆရာများထက် မျက်လှည့်အတတ်ကို ပို၍တတ်သောကြောင့်လော။ မဟုတ်ပါ။ မျက်လှည့်ပြနည်း နိဿရည်းများကို ရေးသားထားသော စာအုပ်ပေါင်း မြောက်မြားစွာ ပေါ်ထွက်နေပြီဖြစ်၍ သူ့လောက်တတ်သောသူ အမြောက်အမြားရှိမည်ဟု သူက ပြောပြ၏။ သို့ရာတွင် အခြားသူများတွင် မရှိသော အရာနှစ်ခု သူတွင်ရှိ၏။ ပထမအရာကား သူ၏ မင်ကောင်းခြင်းပင်ဖြစ်၏။ သူသည် ဟန်ပြအလွန်ကောင်း၏။ လူ့သဘောကို နားလည်၏။ သူ၏ ကိုယ်ဟန်လက်ဟန် သံနေသံထားမှ စပြီး မျက်ခုံးကို ပင့်တင်သည်အထိ ဇာတ်စင်ပေါ်တွင် သူလုပ်ရမည့် ဟန်အမူအယာဟူသရွေ့ကို ပွဲမဝင်မီ  အပြင်က ကျင်းပလေ့ရှိသောကြောင့် ထိုအမူအရာတို့သည် ပရိသတ်များကို အတော် ‘ထိ’ လေသည်။ ဒုတိယအရာသည်ကား ပွဲကြည့်သူ ပရိသတ်များအပေါ်တွင် ‘များစွာသော မျက်လှည့်ဆရာတို့သည် ပရိသတ်များကို ကြည့်ပြီး ကနေ့ညတော့ အမဲတွေလာကြပြီ၊ ဒင်းတို့ကို အရူးလုပ်လိုက်ဦးမှပဲ စသည်ဖြင့် သူတို့ကိုယ်ကိုသူတို့ ပြောနေကြတာပဲ’ ဟူ၍ သာစတန်က ကျွန်ုပ်အား ပြောပြဖူး၏။

သို့ရာတွင် သာစတန်၏နည်းမှာမူကား အထက်ပါနည်းမျိုးစုံနှင့် လုံးလုံး ဆန့်ကျင်လျက်ရှိ၏။ ဇာတ်စင်ပေါ်သို့ရောက်လာတိုင်း ‘ဒီလူတွေ လာကြည့်ပေလို့ ငါဟာ ထမင်းတစ်လုတ် ချောင်ချောင် စားနေရတယ်၊ သူတို့ရဲ့ ကျေးဇူးဟာ အင်မတန် ကြီးပါပေတယ်၊ ဒီကျေးဇူးရှင်တွေကို ငါတတ်တာတွေ မှန်သမျှ အစွမ်းကုန်ပြရမှာပဲ’ ဟူ၍ သူသဘောထားကြောင်း ကျွန်ုပ်အား ပြောပြဖူး၏။

ပရိသတ်ရှေ့တွင် ရပ်တိုင်း ရပ်တိုင်း ‘ငါ့ပရိသတ်များသည် ချမ်းသာကြပါစေ’ ဟူ၍ အစဉ်မပြတ် မေတ္တာပို့သည် ဟူ၍လည်း သူက ပြောပြဖူး၏။ ဒီစကားကို မယုံဖူးလား။ ရယ်ရာကောင်းမည်လို့ ဆိုမည်လား။ ဒါတော့ သင်ထင်ချင်သလို ထင်နိုင်၏။ ကျွန်ုပ်မှာမူကား ကမ္ဘာပေါ်တွင် အကျော်စောဆုံးသော မျက်လှည့်ဆရာကြီးတစ်ဦး၏ နည်းကောင်းတစ်ခုကို ကျွန်ုပ်ကြားရသမျှ တစ်လုံးမျှ အပိုမပါဘဲ သင့်အား ဖောက်သည်ချလိုက်ခြင်းသာ ဖြစ်သည်။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts