32

ဤနည်းကိုလုပ်၊ နေရာတိုင်းမှာ ခရီးဦးကြို ပြုလုပ်လိမ့်မည် (အပိုင်း – ၆)

ဤနည်းကိုလုပ်၊ နေရာတိုင်းမှာ ခရီးဦးကြို ပြုလုပ်လိမ့်မည် (အပိုင်း – ၆) ~~~~
ကျွန်ုပ်မိတ်ဆွေများ၏ မွေးနေ့များကို ရအောင်ယူသော အလေ့အထတစ်ခုကို ကျွန်ုပ် လုပ်ထား၏။ ဘယ်လိုယူသည်ကို ပြောပါအံ့။ ကျွန်ုပ်သည် ဗေဒင်ပညာကို စိုးစဉ်းမှ အယုံအကြည်မရှိသော်လည်း ကျွန်ုပ်နှင့်တွေ့သော မိတ်ဆွေအား မွေးနေ့သည် လူ၏စိတ်နေစိတ်ထား အကျင့်စာရိတ္တနှင့် ဆက်သွယ်လျက်ရှိကြသည်ကို ယုံကြည်ပါသလားဟူ၍ မေးလေသည်။ ထို့နောက် မိတ်ဆွေ၏မွေးနေ့ကို မေးလိုက်၏။ ဥဒါဟရုဏ်အားဖြင့် ထိုအမေးခံရသူက သူ့မွေးနေ့သည် နိုဝင်ဘာ ၂၄ ရက်ဟု ပြန်ပြောသည် ဆိုပါစို့။ ကျွန်ုပ်၏ စိတ်တွင်းတွင် ‘နိုဝင်ဘာ ၂၄ ရက်’ ‘နိုဝင်ဘာ ၂၄ ရက်’ စသည်ဖြင့် ထပ်တလဲလဲ ရွတ်ဆိုလျက်ရှိ၏။ ထိုသူ ကွယ်သွားလျှင်သွားချင်း ထိုမွေးနေ့ကို ရေးမှတ်ထားလိုက်လေသည်။ ကျွန်ုပ်၏ ပြက္ခဒိန်တွင် ထိုမွေးနေ့များကို နှစ်စမှစ၍ အစဉ်အတိုင်း မှတ်သားထားသောကြောင့် ပြက္ခဒိန်ကိုကြည့်တိုင်း မွေးနေ့များကို အလွယ်တကူ သိနိုင်၏။ ကျွန်ုပ်မှတ်ထားသော မိတ်ဆွေများ၏ မွေးနေ့များသို့ ရောက်တိုင်း ဆုတောင်းမေတ္တာ ပို့သသည့် သံကြိုးစာသော်လည်းကောင်း၊ စာသော်လည်းကောင်း ထိုမိတ်ဆွေများထံသို့ ပို့လေ့ရှိ၏။ ထိုစနစ်သည် အလွန်အောင်မြင်၏။ စာရသော မိတ်ဆွေတိုင်းက သူတို့၏အကျိုးစီးပွားကို ကျွန်ုပ်သာလျှင် ဂရုစိုက်လုပ်သည်ဟု မကြာခဏ အထင်ခံရ၏။

ကျွန်ုပ်တို့သည် မိတ်ဆွေပေါများလိုလျှင် လူများနှင့် တွေ့သောအခါ အလွန်ဝမ်းမြောက်ရွှင်လန်းစွာနှင့် အားရပါးရ နှုတ်ခွန်းဆက်သကြပါစို့။ လူတစ်ဦးတစ်ယောက်သည် သင့်ထံသို့ တယ်လီဖုန်းနှင့် စကားပြောပါလျှင် အထက်တွင် ပြောပြသကဲ့သို့ စိတ်ရောကိုယ်ပါ ရွှင်လန်းဝမ်းမြောက်စွာနှင့် ပြန်၍ နှုတ်ဆက်ပါ။ ‘ဟယ်လို’ လို့ တုံ့ပြန်လိုက်သည်နှင့် တစ်ပြိုင်နက် ကြားရသူတစ်ဖက်သားစိတ်တွင် သူနှင့်စကားပြောရ၍ သင်သည် အလွန်အမင်း ဝမ်းသာသည်ဟူသော သဘောမျိုး ပေါက်စေနိုင်သည့် လေယူလေသိမ်းကို ပါပါစေ။ ကျေးဇူးပြု၍ နံပါတ်ကိုပြောပါ’ ဟူသော စကားကိုပြောလျှင် တယ်လီဖုန်းပြောလိုသူ၏ စိတ်ထဲတွင် ‘မင်္ဂလာပါရှင်၊ ဦးမင်း (သို့မဟုတ်) ဒေါ်ဒေါ် ၏ အကျိုးကို ဝမ်းမြောက်ဝမ်းသာစွာနှင့် ကျွန်မ သယ်ပိုးရွက်ဆောင်ပါရစေ’ ဟု မပြောသော်လည်း ပြောဘိသို့ ထင်မှတ်သွားစေနိုင်သည့် လေသံထားနည်းမျိုးကို ကျင့်သားရအောင် တယ်လီဖုန်းဆက်သားများအား ပြုပြင်ပေးရန်အတွက် နယူးယော့ တယ်လီဖုန်းကုမ္ပဏီက ကြပ်မတ်၍ ကျောင်းတစ်ကျောင်းဖွင့်ထားလေသည်။ မနက်ဖြန် တယ်လီဖုန်းဆက်လျှင် ထိုနည်းကို မှတ်ထားပါ။

ရောင်းရေးဝယ်တာ လုပ်ငန်းတွင် ဤနည်းသည် နေရာကျပါ၏လော။ အကူအညီ ရပါ၏လော။ ကျွန်ုပ်သည် သက်သေသာဓကပေါင်းများစွာ ပြနိုင်သော်လည်း အချိန်မရ၍ နှစ်ခုသာ ပြပါအံ့။

နယူးယောက်မြို့ရှိ ဘဏ်တိုက်ကြီးတစ်ခုတွင် အလုပ်လုပ်သူ ချား အာ ဝေါ်လတာ သည် အလုပ်တိုက်တစ်တိုက်၏ အတွင်းရေးမှူးများကို စုံစမ်းအစီရင်ခံရန် တာဝန်ကျနေ၏။ ထိုအရေးကြီးသော ကိစ္စနှင့် စပ်လျဉ်း၍ သူ့ကို ကူညီနိုင်မည့်လူသည် သူသိရသလောက်မှာ တစ်ဦးတည်းသာ ရှိ၏။ ထို့ကြောင့် သူသည် ထိုသူ့ထံသို့ သွား၏။ ထိုသူမှာ ကုမ္ပဏီကြီးတစ်ခု၏ ဥက္ကဌကြီး ဖြစ်လေသည်။ ဝေါ်လတာသည် အခန်းထဲသို့ ရောက်လျှင်ရောက်ချင်း လုံမငယ်တစ်ယောက်သည် ဥက္ကဌကြီး၏ အခန်းတွင်းသို့ တံခါးပေါက်ဝတစ်ခုမှနေ၍ ခေါင်းပြူလျက် ထိုနေ့အတွက် တံဆိပ်ခေါင်းတစ်လုံးမျှ မရပါဟု ဥက္ကဌကြီးအား ပြောလေသည်။

‘ကျွန်တော့်ရဲ့ ၁၂ နှစ်သားကလေးအတွက် တံဆိပ်ခေါင်းများကို စုပေးနေတယ်’ ဟု ဥက္ကဌကြီးက ဝေါ်လတာကို ပြောပြ၏။ ဝေါ်လတာသည် သူလာရရင်းကိစ္စကို ပြောပြ၍ လိုချင်သည့် အချက်များကို မေး၏။ ဥက္ကဌကြီးလည်း မဖြေချင့်ဖြေချင် ကွေ့လည်ကြောင်ပတ်လုပ်၍ ဖြေလေသည်။ သူသည် စကားများများ မပြောချင်။ သူ့ကို စကားပြောချင်အောင် သူ့ကို ဘယ်လိုလုပ်၍မျှလည်း ရပုံမပေါ်။ ထို့ကြောင့် မစ္စတာဝေါ်တာလည်း ခပ်မြန်မြန် နှုတ်ဆက်ပြီးနောက် ဘာမျှမပြီးပြတ်ဘဲနှင့် ဥက္ကဌကြီး၏ အခန်းတွင်းမှ ထွက်ခဲ့ရလေသည်။

‘အမှန် ပြောရမည်ဆိုလျှင် ကျွန်တော်သည် ဘာလုပ်ရမှန်းကို မသိတော့ပါ၊ ဒါနဲ့ ဖြုန်းကနဲဆို ထိုဥက္ကဌကြီးသို့ သူ့အတွင်းရေးမှူးက ပြောသောစကားများနှင့်တကွ တံဆိပ်ခေါင်းအကြောင်း၊ ၁၂ နှစ်သားအရွယ် ကလေးအကြောင်းတို့ကိုပါ သတိရလာပါတယ်၊ ထို့နောက် ကျွန်တော်တို့ ဘဏ်တိုက်၏ နိုင်ငံခြားဌာနက အရပ်ရပ်မှလာတဲ့ တံဆိပ်ခေါင်းများကို စုဆောင်းနေကြောင်း ပြေးပြီး သတိရပြန်တယ်။

‘နောက်တစ်နေ့ နေ့လယ်အချိန်လောက်တွင် ထိုဥက္ကဌကြီး၏ အလုပ်ရုံးခန်းသို့သွားပြီး ကျွန်တော့်မှာ သူ့သားကလေးဖို့ တံဆိပ်ခေါင်းများ ပါလာသည့်အကြောင်းကို အခန်းအပြင်ဘက်က ပြောခိုင်းလိုက်ပါတယ်။ ဒီစကားကြားတော့ ထွက်ပြီး ပျာပျာသလဲ နှုတ်ဆက်တာပဲ၊ ဥပဒေပြုအဖွဲ့အတွက် ဝင်ပြီး အရွေးခံရရင်တောင် ရွှင်ရွှင်ပျပျ ကျွန်တော့်လက်ကို ဒါထက်ပိုပြီး ဆွဲငင်နှုတ်ဆက်မှာ မဟုတ်ဘူး။ သူ့မျက်နှာကလည်း ပြုံးပြုံး ပြုံးပြုံးနဲ့ ပီတိတွေ သိပ်ဖြစ်နေတာပဲ၊ ပြီးတော့မှ ‘ကျွန်တော့်သား ဂျော့ဖြင့် ဒါကို သိပ်ကြိုက်မှာပဲ’ လို့ တံဆိပ်ခေါင်းတွေကို ကိုင်ကြည့်ရင်း တစ်ပြောတည်း ပြောနေတော့တာပဲ။

‘သူ့သားရဲ့ ဓာတ်ပုံကို ကြည့်လိုက်ကြ၊ တံဆိပ်ခေါင်းတွေအကြောင်းကို ပြောလိုက်ကြနဲ့ နာရီဝက်လောက် ကြာသွားတယ်၊ နောက်ပြီးတော့မှ ကျွန်တော်က ဘာမှမပြောရဘဲနဲ့ လိုချင်တာတွေကို တစ်နာရီကျော်ကျော် လျှောက်ပြီးပြောပါတယ်၊ သူသိတာတွေလည်း အကုန်ပြောလိုက်သေးတယ်၊ သူ့အလုပ်သမားတွေဆီကလည်း စုံစမ်းပေးလိုက်သေးတယ်၊ ပြီးတော့လည်း သူ့မိတ်ဆွေတွေဆီကလည်း တယ်လီဖုန်းနဲ့ ထပ်ပြီး စုံစမ်းပေးလိုက်သေးတယ်၊ ဟာ မပြောပါနဲ့တော့၊ ကျွန်တော် လိုချင်တဲ့အကြောင်းတွေ၊ စာရင်းတွေ၊ အစီရင်ခံစာတွေ စာပေးစာယူလုပ်တဲ့ စာတွေကို ပေးလိုက်တာ တစ်ပုံကြီးပဲ၊ သတင်းထောက်များရဲ့ စကားနဲ့ ပြောရရင် ကျွန်တော်ဟာ သူများမရနိုင်တဲ့ သတင်းထူးတစ်ခုကို ရတာပဲ’ စသည်ဖြင့် မစ္စတာ ဝေါ်လတာက ပြောပြလေသည်။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန် ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

Open More Online

Related Posts