35

ဤနည်းကိုလုပ်၊ နေရာတိုင်းမှာ ခရီးဦးကြို ပြုလုပ်လိမ့်မည် (အပိုင်း – ၇)

ဤနည်းကိုလုပ်၊ နေရာတိုင်းမှာ ခရီးဦးကြို ပြုလုပ်လိမ့်မည် (အပိုင်း – ၇) ~~~~
အခြားသာဓကတစ်ခုကတော့ ဖီလဒယ်လဖီးယားမြို့မှ စီအမ်နက်ဖဲ(အငယ်) သည် ကြိတ်ဆက်ကုန်စုံဆိုင် အဖွဲ့ကြီးတစ်ခုသို့ ကျောက်မီးသွေးများကို တင်သွင်းရန် နှစ်ပေါင်းများစွာက ကြိုးစားခဲ့၏။ သို့ရာတွင် ထိုကြိတ်ဆက်ကုန်စုံဆိုင် အဖွဲ့ကြီးသည် ကျောက်မီးသွေးကို မြို့ပြင်ရှိ ကျောက်မီးသွေးရောင်းသမားတစ်ဦးထံမှ ဝယ်ပြီးလျှင် ထိုကျောက်မီးသွေးကို နက်ဖဲ၏ အရှေ့ဆိုင်တည့်တည့်မှ အရွဲ့တိုက်၍ သယ်ယူ၏။ တစ်ညတွင် ကျွန်ုပ်၏ အတန်းတစ်တန်းတွင် ထိုကြိမ်ဆက် ကုန်စုံဆိုင်များသည် တိုင်းပြည်၏ ဆူးငြောင့်ခလုတ်များ ဖြစ်ကြောင်းကို နက်ဖဲသည် စိတ်ထဲတွင်ရှိသရွေ့ အပြင်းအထန် ရှုတ်ချ ပြောဆိုလေသည်။

ဤကဲ့သို့ ပြောပြီးနောက် ထိုအဖွဲ့သို့ ကျောက်မီးသွေး မရောင်းရသည်မှာ အဘယ့်ကြောင့်ဖြစ်သည်ကို သူသည် တွေး၍ မရသေးချေ။ ထို့ကြောင့် နည်းသစ်တစ်ခုကို စမ်းသပ်ရန် ကျွန်ုပ် သူ့ကို အကြံပေးလေသည်။ ကျွန်ုပ်၏နည်းကို အကျဉ်းချုံး၍ ပြောပါအံ့။ ‘ကြိတ်ဆက်ကုန်စုံဆိုင်အဖွဲ့များသည် တိုင်းပြည်အား အကျိုးထက် အပြစ်ကို ပို၍ပေးလေသည်’ ဟူသော အဆိုကို စကားရည်လုပွဲ ကျင်းပရန် တစ်နေ့တွင် ကျွန်ုပ်တို့အတန်းသားများ စီစဉ်ကြ၏။

ကျွန်ုပ်၏အကြံပေးချက်အရ နက်ဖဲသည် အထက်ပါအဆိုကို ကန့်ကွက်သည့်ဘက်မှ နေ၏။ ကြိတ်ဆက် ကုန်စုံဆိုင်များကို ကာကွယ်ပြောဆိုနိုင်ရန် သူသည် သဘောတူ၏။ ထို့နောက် သူအလွန်မုန်းတီးသော ကြိတ်ဆက်ကုန်စုံဆိုင်၏ အမှုဆောင်တစ်ဦးထံသို့သွား၍ ‘ကျွန်တော်လာတာ ကျောက်မီးသွေးရောင်းရအောင် လာတာ မဟုတ်ပါဘူး၊ ကိစ္စကလေးတစ်ခုအတွက် ကျွန်တော့်ကို ကျေးဇူးပြုစမ်းပါလို့ တောင်းပန်ရအောင် လာတာပဲ’ ဟုပြော၏။

ထို့နောက် စီစဉ်ထားသည့် စကားရည်လုပွဲအကြောင်းကို ပြောပြပြီးမှ ‘အဲဒီတော့ ဒီကိစ္စအတွက်နဲ့ စပ်လျဉ်းပြီး ဦးမင်းကလွဲရင် ကျွန်တော့်ကို ကူညီနိုင်မယ့်လူ တခြားမှာ ကြည့်လို့တော့ မမြင်ဘူး၊ ဒီစကားရည်လုပွဲမှာ အနိုင်ရအောင် ကျွန်တော် ပြောချင်ပါတယ်၊ ကျေးဇူးပြုပြီး ဦးတတ်နိုင်သရွေ့ ကျွန်တော့်ကို ကူညီမစပါ’ ဟု နက်ဖဲက ဆက်၍ တောင်းပန်လေသည်။

မစ္စတာနက်ဖဲ၏ ဖြစ်ပျက်ပုံကို သူပြန်ပြောသည့် စကားအတိုင်း အောက်တွင် ဖော်ပြပါအံ့။

‘ကျွန်တော့်ကို ကူညီမစဖို့ ဒီလူ့ဆီမှာ တစ်မိနစ်တည်း ကျွန်တော်ခွင့်တောင်းတယ်၊ သူနဲ့ တစ်မိနစ်တည်း စကားပြောပါ့မယ်ဆိုလို့ သူ အတွေ့ခံတာ၊ ကျွန်တော်ပြောချင်တာကိုလည်း ပြောပြီးရော ကုလားထိုင်ပေါ် ထိုင်ပါဦးဆိုပြီး ကျွန်တော့်ကို သူပြောနေလိုက်တာ တစ်နာရီနဲ့ လေးဆယ့်ခုနစ်မိနှစ် ကြာသွားပါတယ်၊ သူတစ်ယောက်တည်း ပြောလို့ အားမရသေးဘူး၊ ကြိတ်ဆက်ကုန်စုံဆိုင်များအကြောင်းနဲ့ စပ်လျဉ်းပြီး စာအုပ်တစ်အုပ်ရေးဖူးတဲ့ အခြားအမှုဆောင် တစ်ယောက်ကိုခေါ်ပြီး အပြောခိုင်းလိုက်သေးတယ်၊ နောက်ပြီးတော့ ‘အမျိုးသား ကြိတ်ဆက်ကုန်စုံဆိုင် အသင်းကြီး’ ကို စာရေးပြီး ကျွန်တော်တို့ပြောရမယ့်အကြောင်းနဲ့ စပ်လျဉ်းတဲ့ စာအုပ်တစ်အုပ်ကိုလည်း မှာပေးလိုက်သေးတယ်၊ ဒီကြိတ်ဆက်ကုန်စုံဆိုင်တွေဟာ လူတို့ရဲ့ အကျိုးစီးပွားကို အဟုတ်တကယ် လုပ်နေတယ်လို့ သူ ကိုယ်တိုင်ကတော့ သေသေချာချာ ယုံနေတာပဲ၊ လူတွေအတွက် အကျိုးဆောင်ရတယ်ဆိုပြီး သူ့အလုပ်ပေါ်မျာ သူ ဂုဏ်ယူနေတာပဲ၊ ဟာ ကျွန်တော့်ကို ပြောနေရင်း သူ့ဟာသူ အတော့်ကို ပီတိဖြစ်နေတာပဲ၊ အဟုတ်ပြောတာပါ၊ သူ ဒီလို လျှောက်ပြီး ပြောတော့မှပဲ ရှေးက ကျွန်တော် မမြင်ဖူး မကြားဖူးတဲ့ ဟာတွေကို မြင်ဖူး ကြားဖူးရတော့တယ်၊ အဲဒီတော့မှပဲ ကျွန်တော့်အယူအဆဟာ တစ်ခါတည်း ပြောင်းသွားတာပဲ။

‘အခန်းထဲက ကျွန်တော် ထွက်လာတော့ ကျွန်တော့်ပခုံးကိုဖက်ပြီး တံခါးဝအထိ သူကိုယ်တိုင် လိုက်ပို့လိုက်သေးတယ်၊ ပြီးတော့မှ ‘စကားရည်လုပွဲမှာ ဘယ်နှယ့်နေတယ်ဆိုတာကို ပြန်ပြောပါဦး၊ မောင်ရင် နိုင်ပါစေလို့ ဦး ဆုတောင်းနေပါတယ်၊ သြော် ဒါထက် စကားမစပ် ဆောင်းကုန်ခါနီးလောက်ကျရင် ကျေးဇူးပြုပြီး ဦးနဲ့ တစ်ဆိတ်လောက် လာတွေ့ဦး၊ မောင့်ထံက ကျောက်မီးသွေး ဝယ်ချင်လို့ပါ’ လို့ ဆက်ပြောလိုက်သေးတယ်။

‘ဒီစကားတွေကြားရတော့ ကျွန်တော့်မှာ အတော် အံ့အားသင့်နေတယ်၊ ကျောက်မီးသွေးဝယ်ဖို့ ကျွန်တော်က ဘာစကားတစ်ခွန်းမျှ မပြောရဘဲနဲ့ သူက ဝယ်ချင်တယ်လို့ စပြောတယ်၊ ကျောက်မီးသွေးရောင်းချင်တဲ့ ကျွန်တော့်ရဲ့ ဆန္ဒကို သူ စိတ်ဝင်စားအောင် ကျွန်တော် ၁၀ နှစ်လောက် ကြိုးစားခဲ့ဦးတော့ သူ့ကိစ္စထဲမှာ နှစ်နာရီလောက် ကျွန်တော် စိတ်ဝင်စားလိုက်တာတောင် ခရီးမရောက်တာကို တွေ့ပါတယ်’ ဟူ၍ မစ္စတာနက်ဖဲက ပြောပြလေသည်။

စင်စစ်မှာ မစ္စတာနက်ဖဲသည် နည်းသစ်ကို ရှာ၍ တွေ့သည်မဟုတ်။ ခရစ်တော် မမွေးမီ နှစ်ပေါင်းတစ်ရာလောက်က ရောမတိုင်းသား လင်္ကာဆရာကြီး ပတ်ဗလိ လီယပ်ဆိုင်းရပ်ဆိုသူက ‘အခြားလူများသည် ကျွန်ုပ်တို့ အပေါ်မှာ စိတ်ဝင်စားသောအခါသာ ထိုသူများအပေါ်တွင် ကျွန်ုတို့ကလည်း စိတ်ဝင်စားလေသည်’ ဟူ၍ ပြောဆိုခဲ့ဖူး၏။

ထို့ကြောင့် သင့်ကို လူကြိုက်များစေလိုလျှင် နည်းအမှတ် ၁ သည် အောက်ပါအတိုင်းဖြစ်၏။ အခြားလူများအပေါ်တွင် အဟုတ် အဟတ် စိတ်ဝင်စားပါ။

အကယ်၍ သင်သည် သင့်ကိုယ်ကို ချစ်မြတ်နိုးဖွယ်ရာ လူရည်သန့်လာအောင်သော်လည်းကောင်း၊ လူများနှင့် ဆက်ဆံရာတွင် ပို၍ ထိရောက်စွာ အသုံးပြုနိုင်မည့် စွမ်းရည်သတ္တိကို တိုးတက်ကြီးမားအောင်သော်လည်းကောင်း ပြုလုပ်လိုပါလျှင် ဒေါက်တာ ဟင်နရီလင့် ရေးသော ‘သာသနာကို ဖက်ရန်’ စာအုပ်ကိုဖတ်ဖို့ သင့်ကို တိုက်တွန်းပါရစေ။ စာအုပ်အမည် ကြားရရုံနှင့် လန့်မနေပါနှင့်။ သပိတ်သံ အိတ်သံပါသောစာအုပ်မဟုတ်ပါ။ ထိုစာအုပ်ရေးသောသူသည် လူရည်သန့်အောင် ပြုလုပ်နည်းများအတွက် ဆည်းပူးကြသော တပည့်သုံးထောင်ကျော်တို့ကို ထိထိရောက်ရောက် ကယ်တင်ယူဆောင်ခဲ့သော စိတ်ပညာပါရဂူကြီးတစ်ဆူ ဖြစ်ပါသည်။ ထိုစာအုပ်ကို ‘ဥပဓိရုပ်မွေးမြူနည်း’ ဟု လွယ်လွယ်နှင့် အမည်ပေးနိုင်ကြောင်း ဒေါက်တာလင့်ကိုယ်တိုင် ကျွန်ုပ်အား ပြောဖူး၏။ ထိုစာအုပ်သည် လူရည်သန့်မှုအကြောင်းကို ရေးထားသော စာအုပ်ဖြစ်သည်။ ထိုစာအုပ်သည် စိတ်ဝင်စားဖွယ်ကောင်း၍ နည်းကောင်းများပါဝင်သည်ကို သင် တွေ့ရလိမ့်မည်။ ထို စာအုပ်ကို ဖတ်ပြီးနောက် စာအုပ်တွင်ပါသော နည်းများကို အသုံးချကြည့်လျှင် လူများနှင့် ဆက်ဆံရာတွင် သင့်စွမ်းရည်သည် တိုးတက်လာလိမ့်မည်မှာ မလွဲဧကန်ပင် ဖြစ်၏။

သင်၏ စာကြည့်တိုက်တွင်သော်လည်းကောင်း၊ စာအုပ်ဆိုင်တွင်သော်လည်းကောင်း ထိုစာအုပ်ကို မရနိုင်ခဲ့ပါလျှင် ထိုစာအုပ်ကို ပုံနှိပ်ထုတ်ဝေသောတိုက် သို့ ဒေါ်လာငွေ ၂၅ တင်ပို့၍ မှာထားနိုင်ပါသည်။

သုတ

Open More Online

Related Posts