အာရုံကြောလမ်းကြောင်းသစ်ရယူခြင်း

အာရုံကြောလမ်းကြောင်းသစ်ရယူခြင်း

(Getting a new groove)


သင် သင်တန်းတက်ပြီးသည့်အချိန်၊ သို့မဟုတ် စာတစ်အုပ်ဖတ်ပြီးသည့်အချိန်တွင် သင် အားတက်သရော မည်မျှရှိရှိ ၂၁ ရက်တာကာလတွင် ထိုအကြောင်းအရာကို အာရုံစူးစိုက်မှု မရှိလျှင် မည်သည့်ပြောင်းလဲချက်မှ ရှိမည် မဟုတ်ပါ။ ထို့ကြောင့်လည်း အလုပ်ရုံဆွေးနွေးပွဲများ ပြီးဆုံးသည့်အခါ ‘လုပ်ငန်းစီမံချက်’ ဆိုပြီး ဆွေးနွေးကြခြင်းဖြစ်သည်။

သင်၏ ချိုင့်မြောင်းအဟောင်းကို တွန်းလှန်ရန် ပထမ သုံးပတ် အချိန်ယူမည်ဖြစ်၍ ဆုတ်ဆိုင်းမှုတို့ကို မျှော်လင့်ထားပါ။ ယင်း အနေအထားအား သင့်အနေဖြင့် ပြောင်းလဲမှုကိုလက်မခံနိုင်သည့် ကျရှုံးမှုတစ်ခုဟု မှတ်ယူမည့်အစား ကိုယ်အင်္ဂါဆိုင်ရာ ဖြစ်စဉ်တစ်ခုအဖြစ်သိမှတ်ပါ။ သင်သည် သင့်ဘဝပြောင်းလဲမှု (ကောင်းဘက်၊ သို့မဟုတ် ဆန့်ကျင်ဘက်) ကို ဖန်တီးနိုင်သည်။ ကံကောင်းခြင်းနှင့် ကံကြမ္မာတို့က သေးငယ်သောကဏ္ဍအဖြစ် ပါဝင်မည်ဖြစ်သော်လည်း သုတေသနတွေ့ရှိချက်အရ ကျွန်ုပ်တို့၏ဘဝအတွက် ကျွန်ုပ်တို့သာ ရွေးချယ်စီစဉ်နိုင်ကြောင်း ဖော်ပြထားသည်။ ကျွန်ုပ်တို့သည်သာ တိုးတက်မှုအတွက် စွမ်းဆောင်နိုင်သလို ‘ပိုနေမြဲ၊ ကျားနေမြဲ’ လည်း ထားလိုက်နိုင်သည်။

စိတ်လှုပ်ရှားဖွယ်တစ်ခုပင်တည်း။ သို့သော် မေးရမည့် တကယ့်မေးခွန်းမှာ ‘လာမည့် ၂၁ ရက်တွင် သင် ဘာကြောင်းစဉ်းစားရန် စီစဉ်ထားသနည်း’။

သင်တွေးခေါ်ရာတွင် တိကျမှုရှိရန် ကျွန်မ အကြံပြုလိုပါသည်။ သင့်ကိုယ်သင် သင်မနှစ်သက်သည့်အရာတစ်ခု၊ သင်မလိုလားသည့်အရာတစ်ခု၊ သို့မဟုတ် သင်မယုံကြည်သည့် အရာတစ်ခုအကြောင်း သင်စဉ်းစားမိနေသည်ကို သတိပြုမိလျှင် ထိုအတွေးများကို ချက်ချင်းဖျက်ပစ်ပါ။ သင့်အတွေးများကို လွှမ်းမိုးစေလိုသော အကြောင်းအရာများကို စိတ်တွင် အဖန်ဖန်ရေရွတ်ပါ။

နမူနာတစ်ခုမှာ  –

‘ငါ့စိတ်တွေ အရမ်းပြန့်ကျဲနေတယ်။ ငါဘာဖြစ်လို့ နောက်ဆုံးအချိန်ကျမှကပ်ပြီး အလုပ်တွေကို ပြီးအောင်လုပ်တတ်တာလဲ’။

ထိုကိုယ်တိုင်ရေးရုပ်ပုံလွှာကို တည်တံ့စေမည့်အစား ထိုသူသည် အဆိုပါတွေ့ရှိချက်၊ သို့မဟုတ် လက္ခဏာကို ပြုပြင်ပုံသွင်းရန် ဆန္ဒရှိကောင်းရှိမည်။ အောက်ပါအတိုင်း တွေးခေါ်မည်။

‘ငါ နောက်ဆုံးအချိန်မှ အလုပ်တွေကို ပြီးအောင်လုပ်ရတဲ့ဖိအားကိုကြိုက်တယ်။ နောက်ကို အခုထက် ပိုစနစ်ကျအောင် ကြိုးစားနေတယ်။ အလုပ်ပြီးရမယ့်နေ့ထက် ပိုစောစောပြီးအောင် လုပ်သွားမယ်’။

ရိုးရှင်းသည့် ‘ငါငတုံးပဲ’ ဆိုသည့် အတွေးများသည်ပင် ထိခိုက်စေနိုင်သည်။ ထိုအစား ထိုမြောင်း၊ သို့မဟုတ် အတွေးပုံစံကို ဖျက်ပစ်ရန်မြင်ယောင်ပြီး ‘ငါ တစ်ခါတစ်လေ ဆီလျော်စွာ လှုပ်ရှားတယ်။ တစ်ခါတလေ ကမောက်ကမ ဖြစ်တယ်။ တခြားသူတွေလိုပါပဲ’ ဟုပြောပါ။

သင်၏ မသိစိတ်မှ သင့်ထံပို့သော မှာကြားချက်များကို ဆန့်ကျင်လျက် ဖန်တီးယူသော အပြောအဆိုများသည် အသုံးဝင်ပါသည်။ သင့်အကြောင်းကိုလည်းကောင်း၊ သင့်အလုပ်အကြောင်းကိုလည်းကောင်း၊ အချို့အကြောင်းအရာများကို လည်းကောင်း၊ သင် အချိန်အတော်များများတွင် ဆန့်ကျင်ဘက် အတွေးအခေါ်များရှိသည်ကို သင်သိပါက ထိုအတွေးတိပ်သားများကို ဖျက်ပစ်ပြီး သင်၏ အသိစိတ်မှ ပုံသွင်းလိုသလို မြင်နိုင်ရအောင် သင့်အတွက် ပရိုဂရမ်တစ်ခု ကိုယ်တိုင်ရေးဆွဲပါ။

ကျွန်ုပ်တို့အတွေးများသည် ကျွန်ုပ်တို့အပြုအမူကို ဖန်တီးသည်။ အပြုအမူတို့က အတွေးကိုဖန်တီးခြင်းမဟုတ်ပါ။

သင့်အတွေးများအပေါ် သင်အာရုံပိုစိုက်လေ အခြားလူများနှင့် အပြန်အလှန် တုံ့လှယ်ရာတွင် သင် အပြုသဘောပိုဆောင်သည်ကို ပိုတွေ့ရလေဖြစ်မည်။

မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁ သွယ် စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts