အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှု

အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှု၌ အသက်ပေးခဲ့ရသူ သတင်းထောက် ဦးတင်ကြိုင်

၉ အောက်တိုဘာ၊ ၁၉၈၃ နံနက် ၁၀ နာရီ၊ ၂၅ မိနစ်ခန့်တွင် ရန်ကုန်မြို့ အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှု က ၉ အောက်တိုဘာ၊ ၂၀၁၃တွင် အနှစ်(၃၀) တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပါသည်။

တောင်ကိုရီးယား သမ္မတ၏ ချစ်ကြည်ရေးခရီးစဉ်

တောင်ကိုရီးယားသမ္မတ မစ္စတာ်ချန်ဒူးဝမ်နှင့် အဖွဲ့ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အုတ်ဂူသို့ လွမ်းသူ့ပန်းခွချရန် လာရောက်စဉ် မစ္စတာ ချန်ဒူးဝမ်နှင့်အဖွဲ့ အာဇာနည်ကုန်းသို့ မရောက်မီ ယင်းသို့ ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ ဗုံးပေါက်ကွဲမှုကြောင့် (၁၉) ဦး သေဆုံးကာ (၄၈) ဦး ဒဏ်ရာရရှိခဲ့သည်။ ပေါက်ကွဲမှု ဖြစ်ပွားသည်ကို သိလျှင်သိချင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ ဥက္ကဌကြီး ဦးနေဝင်းသည် အစိုးရ ဧည့်ဂေဟာသို့ သွားရောက်ကာ သမ္မတကြီး ချန်ဒူးဝမ်အား အလွန်ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။

ပြန်လည်ထွက်ခွာ

ဗုံးပေါက်ကွဲမှုနှင့် ကြုံတွေ့ရပြီးနောက် ဧည့်သည်တော် တောင်ကိုရီယား သမ္မတကြီး မစ္စတာချန်ဒူးဝမ်နှင့် အဖွဲ့သည် မူလခရီးစဉ်များကို ဖျက်သိမ်းလိုက်ပြီးနောက် ယင်းနေ့ ညနေ ၄ နာရီ၊ ၃၅ မိနစ်တွင် အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာသွားပါသည်။ ဧည့်သည်တော် သမ္မတကြီး ချန်ဒူးဝမ်နှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေးအဖွဲ့အား နိုင်ငံတော်သမ္မတကြီး ဦးစန်းယုနှင့် ဇနီး၊ နိုင်ငံတော်ကောင်စီ အတွင်းရေးမှုး ဦးအေးကိုနှင့်ဇနီး၊ နိုင်ငံတော်ကောင်စီဝင် ဦးစိန်လွင်နှင့်ဇနီး၊ ဝန်ကြီးချုပ် ဦးမောင်မောင်ခနှင့် နိုင်ငံခြားရေးဝန်ကြီး ဦးချစ်လှိုင် စသူတို့က မင်္ဂလာဒုံ လေဆိပ်သို့ ပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်

အသက်ဆုံးရှုံးခဲ့ကြသူများ

အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှုကြောင့် တောင်ကိုရီးယားနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးစီမံကိန်းအဖွဲ့ရေးရာဝန်ကြီး မစ္စတာ ဆောဆော့ခ်ဂျွန်း၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာလီဘမ်ဆော့ခ်၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုရေးရာဝန်ကြီး မစ္စတာ ကင်ဒုံဝှီး၊ စွမ်းအင်နှင့် သယံဇာတပစ္စည်းရေးရာဝန်ကြီး မစ္စတာ ဆောဆန်ချားလ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာလီကေချူးတို့ အပါအဝင် (၁၆) ဦး အသက်ဆုံးရှုံးခဲ့ရပြီး (၁၅) ဦး ဒဏ်ရာရရှိခဲ့သည်။
မြန်မာဘက်မှ အသက်ဆုံးရှုံးကြရသူများမှာ သတင်းနှင့်စာနယ်ဇင်းကော်ပိုရေးရှင်း ဗိုလ်တထောင်သတင်းစာတိုက်မှ အကြီးတန်းသတင်းထောက် ဦးတင်ကြိုင်၊ ရုပ်ရှင်ကော်ပိုရေးရှင်းမှ သတင်းမှူး ဦးအုန်းကျော်နှင့် ထုတ်လုပ်ရေးအဖွဲ့သား ဦးအောင်နိုင်တို့ ဖြစ်ကြသည်။

ထိခိုက်ဒဏ်ရာ ရရှိသူများ

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသူများမှာ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကျော်မြင့်၊ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းမောင်နှင့် အခြား (၃၁) ဦးမှာ ဒဏ်ရာ အနည်းငယ်စီ ရရှိခဲ့ကြသည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌကြီး ဦးနေဝင်းသည် နိုင်ငံတော် သမ္မတဦးစန်းယုနှင့်အတူ ဧည့်သည်တော် သမ္မတကြီးအား အစိုးရဧည့်ဂေဟာတွင် သွားရောက်ဝမ်းနည်းစကား ပြောကြားခဲ့ပြီးနောက် တပ်မတော် အမှတ်(၂) ဆေးရုံကြီးသို့သွားရောက်ကာ ထိခိုက်ဒဏ်ရာရရှိသူများကို အားပေးစကားပြောကြားခဲ့သည်။

သတင်းထုတ်ပြန်ချက်

၉-၁၀-၁၉၈၃ ရက်စွဲဖြင့်ပင် သမ္မတကြီး ဦးစန်းယုလက်မှတ်ဖြင့် သတင်းထုတ်ပြန်ကြေညာရာ၌ ကိုရီးယားသမ္မနိုင်ငံမှ ချစ်ကြည်ရေးခရီး လာရောက်နေစဉ်အတွင်း သူရဲဘောကြောင်စွာဖြင့် အကြမ်းဖက်ဆောင်ရွက်ခဲ့သည့် အပြုအမူကြောင့် အသက်ဆုံးရှုံးခဲ့ရသော ကိုရီးယားသမ္မတနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ဝင်များအတွက် အထူးကြေကွဲဝမ်းနည်းပါကြောင်း ဖော်ပြပါရှိခဲ့သည်။ ထို့ပြင် အောက်တိုဘာ ၁၀၊ ၁၁၊ ၁၂ ရက်နေ့များတွင် အစိုးရရုံးများ၊ စက်ရုံ အလုပ်ရုံ တိုက်တာများ၌ ဝမ်းနည်းခြင်း အထိမ်းအမှတ် နိုင်ငံတော်အလံကို တိုင်ဝက်လွှင့်တင်ကြရန်ကိုလည်း ဝန်ကြီးချုပ်ရုံးမှ ကြေညာခဲ့သည်။

ဖမ်းဆီးရမိ

၁၀ အောက်တိုဘာ၊ ၁၉၈၃ ည ၉ နာရီခွဲတွင် တာဝန်သိ လုပ်သားပြည်သူများ၏ သတင်းပေးမှုကြောင့် ပုဇွန်တောင်ချောင်းအတွင်း ရေလယ်တွင် ခေါင်းဖော်၍ ကူးခတ်လာစဉ် ဝိုင်းဝန်းဖမ်းဆီးကြရာ အနီးရောက်မှ လက်ထဲတွင်ကိုင်ထားသည့် လက်ပစ်ဗုံးဖြင့် ပစ်ရန်ကြိုးစားရင်း ပေါက်ကွဲသွားသဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင် ကော့မှူးမြို့နယ်၊ သခွပ်ပင်ကျေးရွာမှ တာဝန်သိပြည်သူတို့၏ သတင်းပေးချက်အရ ရဲကင်းမှ ရဲတပ်ဖွဲ့ဝင် ၄ ဦးက စစ်ဆေးရန် ခေါ်ယူလာစဉ် တစ်ဦးက လက်ပစ်ဗုံးဖြင့် ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သည်။ ရဲတပ်ဖွဲ့ဝင်တို့က သေနတ်ဖြင့် ပြန်လည်ဖမ်းဆီးရာ တစ်ဦးကို အသေဖမ်းမိခဲ့သည်။
အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၉ နာရီ၊ ၂၀ မိနစ်တွင် တပ်မတော်သားများနှင့် ပြည်သူများက ထွက်ပြေးလွတ်မြောက်သွားသော တရားခံအား ကော့မှူးမြို့နယ်၊ ကွင်းဝိုင်းရွာ မြောက်ဘက်တွင် ဖမ်းဆီးရမိခဲ့သည်။ အရှင်ဖမ်းဆီးရန် ကြိုးပမ်းစဉ် လက်ပစ်ဗုံး ချခွဲလိုက်သဖြင့် တရားခံ၏ လက်နှင့် ဝမ်းဗိုက်တို့တွင် ဒဏ်ရာအကြီးအကျယ် ရရှိသွားကာ ဖမ်းဆီးရမိခဲ့သည်။

တရားခံများ

မြန်မာ့မြေပေါ်၌ ဖြစ်ပွားခဲ့သည့် မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့၏ ပဋိပက္ခပြဿနာကြောင့် ပြည်သူအချို့ အသက်ဆုံးရှုံးခဲ့ရရာတွင် သတင်းထောက် ဦးတင်ကြိုင်လည်း ပါဝင်ခဲ့သည်။ သမ္မတကြီးချန်ဒူးဝမ်နှင့် ဦးစန်းယုတို့ အာဇာနည်ကုန်သို့ မရောက်ရှိမီ ၅ မိနစ်အလိုတွင် မျက်နှာကြက်ပေါ်၌ ကြိုတင်ထည့်ထားသည့် အဝေးထိန်းစနစ်သုံးဗုံး ပေါက်ကွဲခဲ့သည်။ တရားခံ ၃ ဦးမှာ မြောက်ကိုရီးယား အထူးလေ့ကျင့်ရေး တပ်ဖွဲ့မှ ဗိုလ်မှူးဇင်မို၊ ဗိုလ်ကြီးကင်မင်ချူးနှင့် ဆင်ကီချူးတို့ ဖြစ်ကြသည်။

အကြီးတန်းသတင်းထောက် ဦးတင်ကြိုင်

၉ အောက်တိုဘာ၊ ၁၉၈၃ နံနက်ပိုင်းတွင် အာဇာနည်ကုန်း၌ ဗုံးပေါက်ကွဲစဉ် ဗိုလ်တထောင်သတင်းစာ အကြီးတန်းသတင်းထောက် ဦးတင်ကြိုင်မှာ တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့သည်။ ဦးတင်ကြိုင်သည် စာပေလုပ်သား အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး အဖွဲ့ဝင် အမှတ်မှာ (၃၄၆၄) ဖြစ်ပါသည်။
ဦးတင်ကြိုင်ကို ၁၂ အောက်တိုဘာ၊ ၁၉၄၀ တွင် အဖ ဦးသာဒွန်းအောင်၊ အမိ ဒေါ်ညွန့်ရီတို့က ကျိုက်လတ်မြို့၌ ဖွားမြင်ခဲ့သည်။ ဦးတင်ကြိုင်သည် လုပ်သားပြည်သူနေ့စဉ် (အင်္ဂလိပ်) သတင်းစာ၊ ဗိုလ်တထောင်သတင်းစာတို့တွင် အကြီးတန်းသတင်းထောက်အဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ကွယ်လွန်စဉ် ဇနီးဒေါ်ရီရီနှင့် သားသမီး ၅ ဦး ကျန်ရစ်ခဲ့သည်။

ဘဝနိဂုံး

အာဇာနည်ကုန်း ဗုံးပေါက်ကွဲစဉ် သတင်းထောက် ဦးတင်ကြိုင်မှာ ရင်ဘက်နှင့် မျက်နှာတွင် ဗုံးဆန်အချို့ ထိမှန်ခဲ့သည်။ ကြေးမုံသတင်းစာမှ အယ်ဒီတာ ဦးကိုကိုကြီးက ကံကောင်းထောက်မ၍ လွတ်မြောက်သွားခဲ့သည် ဆိုသည်။ သူက ဦးတင်ကြိုင်ကို ရန်ကုန်ဆေးရုံကြီးသို့ အမြန်သယ်ပို့ပေးရာတွင် ကူညီခဲ့သည်။ ဦးတင်ကြိုင်သည် ကားပေါ်မှ ရွှေတိဂုံစေတီတော်အား လက်အုပ်ချီလျက် ကန်တော့သွားသေးကြောင်း ဝမ်းနည်းကြေကွဲဖွယ် ကြားသိရပါသည်။ ဆေးရုံအရောက်တွင် ဦးတင်ကြိုင်ကွယ်လွန်သွားပါသည်။

ကျန်ရစ်သူ ဇနီး၏ ပြောပြချက်

ထိုနေ့က အဖြစ်အပျက်ကို ကျန်ရစ်သူ ဇနီး ဒေါ်ရီရီက ” အဲ့ဒီနေ့က ကိုတင်ကြိုင် ၈ နာရီလောက် အိမ်ကထွက်သွားတယ်။ အာဇာနည်ကုန်းမှာ အဆိုင်းမင့် ရှိတယ်လို့ ပြောသွားတယ်။ အာဇာနည်ကုန်း ဗုံးခွဲခံရတော့ ပြန်လာသူတွေက ဗုံးပေါက်တဲ့အကြောင်းပြောကြတယ်။ ကိုတင်ကြိုင်တော့ ဘာမှဖြစ်မှာ မဟုတ်ပါဘူးလို့ဆိုကြတယ်။ ကိုတင်ကြိုင်ကို ဆေးရုံခေါ်သွားကြတော့ သူ့အတွက် ဘာမှမပူဖို့‌ ပြောသွားသေးတယ်တဲ့။ အဲဒီနေ့က သူအလုပ်သွားခါနီး သားသမီးတွေကို နှုတ်ဆက်သွားသေးတယ်။ သူဆုံးသွားပြီဆိုတော့ တပ်မတော်ဆေးရုံမှာထားတယ်။ နောက်တစ်နေ့မှ ခဏ သွားကြည့်ခွင့်ရတယ်။ နောက်နိုင်ငံတော် ဈာပနအနေနဲ့ ကျင်းပပေးပါတယ်” ဟု ပြန်လည် ပြောပြခဲ့သည်။

ယခုအခါ အသက်(၇၀)အရွယ် ရှိပြီဖြစ်သော ကြီးကြီး ဒေါ်ရီရီသည် ထိုစဉ် ဗဟန်း အ.မ.က (၁၇)တွင် ကျောင်းအုပ်ဆရာမကြီးအဖြစ် အမှုထမ်းနေချိန်ဖြစ်ပါသည်။ အာဇာနည်ဗိမာန်တွင် ဗုံးဖောက်ခွဲမှုကြောင့် သတင်းထောက် ဦးတင်ကြိုင် အသက်ပေးခဲ့ရသည့် အဖြစ်အပျက်က နှစ်ပေါင်း ၃၀ ကြာမြင့်သည့်တိုင် မနေ့တစ်နေ့ကကဲ့သို့ပင် မှတ်ထင်နေရဆဲဖြစ်ပါသည်။

တင်နိုင်တိုးရေးသားသော မြန်မာ့သတင်းစာများထဲမှ သမိုင်းဆိုင်ရာဆောင်းပါးများ စာအုပ်ထဲမှ ကူးယူဖော်ပြထားပါသည်။

Related Posts