အောင်မြင်ကြသူများ

စာမတော်ပေမယ့် ဘဝမှာ အောင်မြင်ကြသူများ

ကျောင်းမှာတုန်းက စာမတော်ပေမယ့် ဘဝမှာ အောင်မြင်ကြီးပွားနေသူတွေကို သတိပြုမိပါရဲ့လား။ ဘာကြောင့်ဆိုတာရော တွေးမိပါရဲ့လား။ ကျောင်းမှာ သင်ပေးတာတွေက အချက်အလက်တွေဖြစ်တယ်။ အဲဒီအချက်အလက်တွေကို ကျက်နိုင်မှတ်နိုင်သူဟာ ကျောင်းစာမှာတော်တယ်။

စာညံ့သူတွေကတော့ အဲဒီအချက်အလက်တွေကို မကျက်ချင်မမှတ်ချင်ဘူး။ အဲဒီအချက်အလက်တွေဟာ သူတို့အတွက် စိတ်ဝင်စားစရာကောင်းတယ်လို့ မထင်ကြလို့ပါ။ ဘီလ်ဂိတ် (Micorsoft)၊ စတီးဗ်ဂျော့(Apple)၊ မတ်ခ်ဇာကာဘတ်(Facebook) တို့ဟာ တက္ကသိုလ်မှာ စာသင်ရတာကို စိတ်မဝင်စားတော့လို့ ကျောင်းထွက်လိုက်ကြတယ်။

တချို့ကျတော့လည်း အဲဒီအချက်အလက်တွေကို ကျက်မှတ်နိုင်တဲ့ မှတ်ဉာဏ်ရည် နိမ့်ပါးကြတယ်။ ဒါပေမဲ့ ငတုံး၊ ငအတွေတော့ မဟုတ်ကြဘူး။ ကမ္ဘာကျော်သိပ္ပံ ပညာရှင်ကြီး အဲလ်ဘတ်အိုင်းစတိုင်းဟာ ကျောင်းမှာ စာမလိုက်နိုင်လို့ ကျောင်းထုတ်ခံခဲ့ရတယ်။ နောက်ပြီး သူတို့ဟာ လွတ်လွတ်လပ်လပ်တွေးချင်တဲ့ စိတ်ကူးစိတ်သန်းရှိကြတယ်။ ကျောင်းမှာ စည်းနဲ့ကမ်းနဲ့ စာလုပ်ရတာကို မကြိုက်ကြဘူး။

စာတော်သူတွေဟာ ကျောင်းစာတော်လို့ (အတိတ်က လုပ်ခဲ့တာကြောင့်) အလုပ်တွေ ရကြတယ်။ စာညံ့သူတွေကတော့ အတိတ်ရလဒ်မကောင်းခဲ့တော့ အလုပ်ကောင်းကောင်းမရှိကြဘူး။ ဒီတော့ သူတို့ဟာ အနာဂတ်ကိုမျှော်မှန်းပြီး ကြိုးစားကြလို့ ဘဝမှာ အောင်မြင်ကြီးပွားကြတယ်။

မအောင်မြင် မကြီးပွားသူတွေကတော့ အတိတ်က ရလဒ်လည်းမကောင်းခဲ့ဘူး။ အနာဂတ်ကောင်းစားဖို့လည်း ပစ္စုပ္ပန်ကာလမှာ ကြိုးပမ်းအားထုတ်ခြင်း မရှိကြပါဘူး။

မှတ်ချက်။ ကိုယ်ပိုင်ယူဆချက်ပါ။ သဘောထားကွဲလွဲနိုင်ပါတယ်။

ဗန်းမော်သိန်းဖေ ရေးသားထားသော မျှဝေလိုသောအတွေးများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

အတွေးအခေါ်

Related Posts