အလေအလွင့်

အလေအလွင့် မရှိရေး

တစ်ချို့စီးပွားရေးလုပ်ငန်းတွေဟာ ဝင်ငွေရရှိရေးကိုချည်း အာရုံစိုက်ပြီး အလောတကြီး လုပ်ကိုင်ကြတဲ့အတွက် လုပ်ငန်းဖြစ်စဉ်တွေရဲ့ အရေးပါပုံကို မမြင်ကြဘူး။ အလေအလွင့် ဖြစ်နေခြင်းတွေရဲ့ ဆိုးကျိုးကိုလည်း မမြင်ကြတော့ဘူး။ တစ်နည်းအားဖြင့် နည်းနည်းနဲ့ ကျဲကျဲဝိုင်းပြီး ထောင့်စေ့အောင် စနစ်တကျလုပ်ကိုင်နိုင်တဲ့ စီးပွားရေးအဖွဲ့အစည်းတွေဟာ ကျွမ်းကျင်ထိရောက်အောင် မဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းတွေထက် သိသိသာသာ အားသာချက်တွေရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

အယူအဆ
    ထိပ်တန်းဂျပန်ကုမ္ပဏီတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ ဂျပန်လို Muda လို့ခေါ်တဲ့ ( အလေအလွင့်မရှိရေး ) ကို ဦးတည်ပြီး ကုန်ကျစရိတ်သက်သာအောင် အားထုတ်ခဲ့ကြတယ်။ အနောက်တိုင်းက ကုမ္ပဏီတွေဟာ ၁၉၇၀ ပြည့်လွန်ကစပြီး အနှစ် ၂၀ လောက်အတွင်း အောင်မြင်စွာ လုပ်ကိုင်နိုင်ခဲ့တဲ့ အဲဒီ Muda ခေါ် အလေအလွင့် ပပျောက်ရေးနည်းစနစ်တွေအတိုင်း အရေးယူ ဆောင်ရွက်ခဲ့ကြတယ်။ အချိန်မီ လုပ်ကိုင်ဆောင်ရွက်ရမယ်။ အလေအလွင့် မရှိစေရဆိုတဲ့ အယူအဆတွေကြောင့် စီးပွားရေးလုပ်ငန်းလောကမှာ ” လုပ်ငန်းဖြစ်စဉ် ဆန်းစစ်ခြင်း” ၊ ” လုပ်ငန်းအဆင့်ဆင့်ကို ကောက်ကြောင်းလိုက်ခြင်း” နဲ့ ” လုပ်ပုံကိုင်ပုံပြန်လည်ပြုပြင်ခြင်း” ဆိုတဲ့ ဝေါဟာရ ပေါ်ပေါက်လာရတာဖြစ်ပါတယ်။ ဒီဝေါဟာရတွေကို အင်္ဂလိပ်လိုအစဉ်လိုက်ဖော်ပြရရင် Process Analysis ၊ Process Mapping နဲ့ Reengineering တို့ဖြစ်ပါတယ်။ ” လုပ်ငန်းဖြစ်စဉ် ဆန်းစစ်ခြင်း ” ဆိုတာ လုပ်ငန်းစဉ်တစ်လျှောက် ဘာတွေ ဖြစ်သလဲဆိုတာ သိဖို့ပါပဲ။ အစကတည်းကိုက ဘာတွေဖြစ်လာလို့ အဆုံးမှာ ဘာတွေဖြစ်သွားတယ်ဆိုတာ သိဖို့လိုတတ်ပါတယ်။
    Harley-Davidson ဟာ ၁၉၇၀ ပြည့်လွန် ဆယ်နှစ်တာကာလအတွင်း က အခက်အခဲတွေ ကြုံတွေ့ရပြီးနောက်ပိုင်း Chis ပြည်နယ်ရှိ Honda မော်တာဆိုင်ကယ်ထုတ်လုပ်ရေးစက်ရုံကို သွားလေ့လာတယ်။ Honda ရဲ့ စက်ရုံနဲ့ Harley-Davidson စက်ရုံတွေဟာ တစ်ရုံနဲ့တစ်ရုံ တော်တော်ကြီး ကွဲပြားခြားနားကြတယ်။ စက်ရုံရဲ့အခင်းအကျင်း၊ ကုန်ထုတ်လုပ်မှု စီးဆင်းပုံ၊ လုပ်ငန်းထိရောက်မှုနဲ့ ထုတ်ကုန်ပစ္စည်းအရေအတွက်ကို ဝယ်လိုအားနဲ့ ချိန်ဆပြီး စီမံထားပုံတို့မှာ အများကြီးကွာခြားနေကြတယ်။ Harley-Davidson ရဲ့ မန်နေဂျာတွေဟာ JIT စနစ်ကို ကျင့်သုံးဖို့လိုပြီဆိုတာ သိလာ ကြတယ်။ JIT ( Just In Time ) ကုန်ထုတ်လုပ်ရေးဆိုတော့ ဝယ်သူရှိမှ ထုတ်လုပ်တဲ့ စနစ်ဖြစ်တယ်။ တစ်နည်းအားဖြင့် MAN ( M-Materials As Needs ) လို့လည်းခေါ်တယ်။ ဒါလည်း လိုသလောက်ပဲ ပစ္စည်းထုတ်လုပ်တာပါပဲ။ ထုတ်လုပ်ရေးနဲ့ အကျုံးဝင်တဲ့လုပ်ငန်းတွေကို တစ်စုတစ်ဝေးတည်း  ထားလိုက်တယ်။ ဒါကြောင့် တစ်နေရာမှတစ်နေရာ ထုတ်ပိုးရွှေ့ပြောင်း သယ်ယူသွားရတဲ့အလုပ်အတွက် လိုအပ်တဲ့ လူအင်အား၊ ပစ္စည်းအင်အားတွေ လျော့နည်းသွားတယ်။ ကိုယ့်ကုန်ထုတ်လုပ်ငန်းမှာ လိုအပ်တဲ့ပစ္စည်း တွေကိုလည်း သိပ်အစောကြီး ကြိုပြီး များများစားစား လက်ခံမထားဘူး၊ ကိုယ်ရောင်းမယ့် ပစ္စည်းတွေကိုလည်း အစောကြီးကြိုပြီး များများစားစား ထုတ်လုပ်မထားဘူး၊ ဒီတော့ ကုန်ထုတ်လုပ်ရေးအတွက် နေရာတွေ ပိုရ လာပါတယ်။
    လယ်ယာနဲ့ စိုက်ပျိုးရေးဆိုင်ရာ စက်ယန္တရားကြီးတွေကို ထုတ်လုပ်တဲ့ Caterpillar ကုမ္ပဏီဟာလည်း အလားတူလုပ်ကိုင်ဆောင်ရွက်ခဲ့ဖူးတယ်။ ဒီကုမ္ပဏီဟာ သူရဲ့ပြိုင်ဘက်ဂျပန်ကုမ္ပဏီ Komatsu နဲ့ ကုန်ထုတ်လုပ်မှုစရိတ်ချင်း နှိုင်းယှဉ်လိုက်ရင် သိသိသာသာကြီး ပိုများနေတာ သိသွားတယ်။ ဂျပန် ကုမ္ပဏီလုပ်တဲ့အတိုင်း ကုန်ထုတ်လုပ်ငန်းစဉ်ထဲမှာ အကျုံးဝင်တဲ့ လုပ်ငန်း ပိုင်းတွေကို တစ်ခုနဲ့တစ်ခု၊ တစ်နေရာနဲ့ တစ်နေရာ၊ နီးနီးကပ်ကပ်ထားပြီး စက်ရုံရဲ့အခင်းအကျင်းကို ပြန်လည်ဖွဲ့စည်းလုပ်ကိုင်တဲ့အခါ Handling Expenses လို့ခေါ်တဲ့ ကိုင်တွယ်စရိတ် ( ပစ္စည်းတွေကို ထုတ်ပိုးသယ်ယူ ရွှေ့ပြောင်းပေးရတဲ့အတွက် ကုန်ကျစရိတ် )တွေ သက်သာသွားနိုင်တယ်။ ထုတ်လုပ်ရမယ့် ပစ္စည်းအရေအတွက်ကိုလည်း ထန်းညှိသွားနိုင်ရုံသာမက ပစ္စည်းတစ်ခုချင်းရဲ့ အစကအဆုံး ထုတ်လုပ်ကြတဲ့ အချိန်ဟာလည်း ၈၀ ရာခိုင်နှုန်း လျော့နည်းသွားတယ်။

လက်တွေ့ဆောင်ရွက်ရန်
    ကိုယ့်ရဲ့ကုန်ထုတ်လုပ်မှုဖြစ်စဉ်ဟာ ထိရောက်မှုရှိရဲ့လား၊ အလေ အလွင့်တွေ အလဟာသဖြစ်နေတာတွေ ရှိနေလားဆိုတာ စိစစ်ကြည့်ပါ။
    ဒီအလုပ်တွေ လုပ်နေတဲ့သူတွေကို ဘယ်လိုပိုကောင်းအောင်၊ ထိရောက်အောင် လုပ်ရမလဲဆိုတာ အကြံဉာဏ်တောင်းပါ။ ဝန်ဆောင်မှုပဲလုပ်လုပ်၊  ကုန်ပစ္စည်းထုတ်လုပ်ရေးပဲလုပ်လုပ် ဒီလိုပဲ အကြံဉာဏ်တောင်းသင့်တယ်။
    လုပ်ငန်းတွေ ထိရောက်မှုမရှိဘူးဆိုရင် အဲဒီအဖြစ်မျိုးနည်းသွားအောင် ဘယ်လိုလုပ်မလဲ၊ စရိတ်ကျည်းကျည်းနဲ့ ထိရောက်တဲ့နည်းကို ဘယ်လိုရှာမလဲဆိုတာနဲ့ ပတ်သက်ပြီး ရှင်းလည်းရှင်း၊ လက်တွေ့လည်းလုပ်နိုင်တဲ့ အစီ အစဉ်တစ်ရပ် ကြံဆဆောင်ရွက်ပါ။
    ဘယ်လိုလုပ်လိုက်ရင် ဘယ်လိုအောင်မြင်မလဲ။ အဲဒီအောင်မြင်မှုကို ဘယ်လိုတိုင်းတာမလဲ ( တစ်နည်း ဘာကြောင့်အောင်မြင်တယ်လို့ ပြောနိုင်တာလဲ ) ဆိုတာနဲ့ ဘယ်တော့ အဲဒီလိုအကဲဖြတ်ဆုံးဖြတ်မလဲဆိုတာ သိသင့်တယ်။
    လုပ်နည်းလုပ်ဟန်အသစ်ကို စလုပ်ပြီဆိုရင် သတိထားပါ။ အပြောင်း အလဲဆိုတာတွေဟာ မျှော်မှန်းမထားခဲ့တဲ့ ဆိုးကျိုးတွေရှိတတ်တယ်။ ဒါမျိုး တွေကို သတိမှုပြီး ဘယ်လိုအတိုးအလျှော့တွေ လုပ်ရမလဲဆိုတာ သတိပြုပါ။

ဆရာညွန့်သောင်းရေးသားထားသော စီးပွားရေးဆိုင်ရာ အယူအဆချက် များမှ ကူးယူးဖော်ပြသည်။

စီးပွားရေး

# Open More Online

Related Posts