နို့

နို့ ၏ ဆေးဖက်ဝင်စွမ်းအင်

နို့ ဟာ တစ်ကမ္ဘာလုံး အများဆုံးအသုံးပြုတဲ့ အာဟာရအဖြစ် အစားအစာတစ်မည်ပါ။ ကျန်းမာရေးအတွက် အာဟာရပြည့်ဝတဲ့ အကျိုးပြုအစားအစာအဖြစ် လက်ခံစားသုံးကြပါတယ်။ နွားနို့၊ ကျွဲနို့၊ ဆိတ်နို့ကို အများဆုံး စားသုံးကြပါတယ်။ သိုးနို့၊ မြင်းနို့တွေကိုလည်း သောက်သုံးကြပါတယ်။ နွားနို့ကတော့ လူနို့ထက် ပရိုတင်းများစွာ ပိုပါဝင်ပြီး သကြားဓာတ် နည်းပါတယ်။ ကျွဲနို့ကတော့ နွားနို့ထက် အဆီပိုပြီး ပါဝင်ပါတယ်။

အာဟာရတန်ဖိုး
Food Value

နို့

နို့ မှာ ပရိုတင်းအဆီဓာတ် ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင်အမျိုးမျိုး၊ သတ္တုဓာတ်အမျိုးမျိုး ပါဝင်လို့ တန်ဖိုးရှိ အစားအစာ ဖြစ်ပါတယ်။ လူတွေကို ကျန်းမာသန်စွမ်းပြီး အာဟာရ အပြည့်အဝ ရစေတဲ့ အစားအစာပါ။ ခန္ဓာကိုယ်ကြီးထွားသန်စွမ်းမှုအတွက် မရှိမဖြစ် လိုအပ်တဲ့ အမိုင်နိုအက်စစ်များစွာ ပါဝင်ပါတယ်။ နို့က ရရှိတဲ့ ပရိုတင်းဟာ ခန္ဓာကိုယ်အတွက် အလွန်အားဖြစ်စေပါတယ်။ နို့ တစ်လီတာမှာ တစ်နေ့တာအတွက် လိုအပ်တဲ့ ကယ်လ်စီယမ်တွေ ပါဝင်ပါတယ်။ ၎င်းအပြင် မီးစုန်းဓာတ်နှင့် ဗီတာမင်အေ၊ ဗီတာမင်စီတွေလည်း များစွာ ပါဝင်ပါတယ်။ ပရိုတင်းက သုံးပုံတစ်ပုံ၊ သံဓာတ်က ၈ ပုံ ၁ ပုံ၊ စွမ်းအင်က ၄ ပုံ ၁ပုံ၊ ဗီတာမင်ဘီ၊ ဒီ၊ အီးက အနည်းငယ်စီ ပါဝင်ပါတယ်။ အဆီကတော့ ၉၉ ရာခိုင်နှုန်း ပါတယ်။ နို့ဟာ အစာကို ကြေလွယ်စေနိုင်စွမ်း ရှိပါတယ်။ နို့မှာ ပါဝင်တဲ့ အစာကြေလွယ်စေနိုင်စွမ်းမှာ ပရိုတင်းက ၉၇ ရာခိုင်နှုန်း၊ အဆီက ၉၉ ရာခိုင်နှုန်း၊ ကာဗိုဟိုက်ဒရိတ်က ၉၈ ရာခိုင်နှုန်း အသီးသီး ပါရှိကြပါတယ်။ အစာတွေကို ကြေစေဖို့ တစ်နာရီခွဲခန့် အချိန်ပေးရပါတယ်။

နို့ မှာ ၁၀၀ ဂရမ် ပါဝင်တဲ့ အာဟာရဓာတ်ကို ဓာတ်ခွဲကြည့်တဲ့အခါ ရေဓာတ် ၈၇.၅ ရာခိုင်နှုန်း၊ ပရိုတင်း ၃.၂ ရာခိုင်နှုန်း၊ အဆီ ၄.၁ ရာခိုင်နှုန်း၊ သတ္တုဓာတ် ဝ.၈ ရာခိုင်နှုန်း၊ ကာဗိုဟိုက်ဒရိတ် ၄.၄ ရာခိုင်နှုန်း၊ ပါဝင်ပါတယ်။ သတ္တုဓာတ်နဲ့ ဗီတာမင်တွေကတော့ ကယ်လ်စီယမ် ၁၂၀ မီလီဂရမ်၊ မီးစုန်းဓာတ် ၉၀ မီလီဂရမ်၊ သံဓာတ် ဝ.၂ မီလီဂရမ်နဲ့ ဗီတာမင်ဘီဓာတ်ပေါင်း၊ ဗီတာမင်ကေနဲ့ ဗီတာမင်ပီ အနည်းငယ်စီ ပါဝင်ပါတယ်။

သဘာဝအကျိုးကျေးဇူး-Natural Benefits

နို့

အိန္ဒိယဆေးပညာအကြောင်းကို ရေးခဲ့တဲ့ နာမည်ကြီးစာရေးဆရာ ချာရာကာ ဆိုသူကတော့ နို့ဟာ ခွန်အားကို ဖြစ်စေပြီး မှတ်ဉာဏ်ကို တိုးတက်စေပါတယ်။ အသက်လည်း ရှည်စေနိုင်စွမ်းရှိတယ်လို့ အခိုင်အမာ ဆိုပါတယ်။ ပင်ပန်းနွမ်းနယ်မှုကို ဖယ်ရှားနိုင်တဲ့ စွမ်းအင်လည်း ရှိကြောင်း သူ့ရဲ့ ထင်မြင်ချက်ကို ဖော်ပြထားပါတယ်။ သူ အချိန်ပေးပြီး လေ့လာချက်အရ အရွယ်သုံးပါးမရွေး သောက်သုံးပေးသင့်တဲ့ အဓိက အစားအစာဖြစ်လို့ မွေးစကစပြီး အရွယ်အိုမင်းသည်အထိ မှန်မှန်မှီဝဲ စားသုံးသင့်တယ်လို့ ဆိုပါတယ်။

ကိုယ်အလေးချိန်ကျခြင်း
Under Weight

နို့

ခန္ဓာကိုယ် ပိန်လှီသွားသူ၊ ကိုယ်အလေးချိန် ကျဆင်းသွားသူတွေဟာ နို့ သောက်ပေးသင့်ပါတယ်။ နေ့စဉ် နို့မှန်မှန် သောက်သွားလျှင် တစ်ပတ်အတွင်းမှာ ကိုယ်အလေးချိန် သုံးပေါင်ကနေ ၅ ပေါင်အထိ တိုးလာစေနိုင်ပါတယ်။ မိမိရဲ့ မူလကိုယ်အလေးချိန်ကို ပြန်ရပြီးတဲ့အခါမှာတော့ ကျန်းမာပြီး ကိုယ်ခံအား ကောင်းစေပါတယ်။ နို့မှန်မှန်သောက်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများကို အားအင်သစ်တွေ ဖြည့်တင်းပေးရာလည်း ရောက်ပါတယ်။

အိပ်မပျော်ခြင်း-Insomia

နို့

နို့ဟာ အိပ်မပျော်သူများအတွက် အလွန်အဖိုးတန်ပါတယ်။ နို့တစ်ခွက်ကို ပျားရည်သင့်ရုံထည့်ဖျော်ပြီး ညအိပ်ရာမဝင်မီမှာ သောက်ပေးရင် ကောင်းစွာ အိပ်ပျော်စေပါတယ်။ နို့ကို အားဆေး၊ စိတ်ငြိမ်ဆေးအဖြစ်လည်း သောက်သုံးနိုင်ပါတယ်။ ခြေဖဝါးနဲ့ ခြေချောင်းလေးတွေကို နွားနို့နဲ့ နှိပ်နယ်ပေးမယ်ဆိုရင်လည်း အိပ်ပျော်စေပါတယ်။

အက်စစ်ဓာတ်လွန်ကဲခြင်း
Hyperacidity

နို့

နို့ဟာ အက်စစ်ဓာတ်လွန်ကဲခြင်းအတွက် အာနိသင်ထက်မြက်တဲ့ ဆေးတစ်လက်ပါ။ အစာအိမ်ထဲမှာ အက်စစ်များနေရင် နို့သောက်ပေးရပါမယ်။ အစာချေဖျက်ဖို့ အက်စစ်များစွာ လိုပါတယ်။ နို့မှာ ပါဝင်တဲ့ အယ်လ်ကာလိုင်းတွေက အက်စစ်ဓာတ်ကို အမြန်ဆုံးဖယ်ရှားပစ်နိုင်စွမ်း ရှိပါတယ်။

သွေးလှည့်ပတ်မှု နည်းခြင်း
Poor Blood Circulation

နို့

နို့ဟာ သွေးလှည့်ပတ်မှု အားနည်းသူအတွက် အလွန်အဖိုးတန်တဲ့ အစားအစာပါ။ သွေးလှည့်ပတ်မှု မမှန်လို့ ခြေဖျားလက်ဖျား အေးနေသူ၊ အအေးမိသူကို နွားနို့တိုက်ပေးရင် မကြာခင် ရက်အနည်းငယ်အတွင်း သွေးသားညီညွတ်ပြီး ကျန်းမာလန်းဆန်းလာစေပါတယ်။

အသက်ရှူအင်္ဂါအဖွဲ့ဆိုင်ရာ ပြဿနာများ
Respiratory System Disorder

နို့

အသက်ရှူအင်္ဂါအဖွဲ့ဆိုင်ရာ ရောဂါများဖြစ်တဲ့ အအေးမိခြင်း၊ အာသီးရောင်ခြင်း၊ အသံအိုးရောင်ခြင်း၊ ပန်းနာရောဂါ၊ အဆုတ်ရောဂါ စတဲ့ ရောဂါတွေ အားလုံးအတွက် ဆေးဝါးအဖြစ် သောက်သုံးနိုင်ပါတယ်။ ဆေးနည်းကတော့ သန့်ရှင်းတဲ့ နို့စစ်စစ်ဖြင့် ဆူအောင်တည်ပြီး ဖန်ခွက်နဲ့ တစ်ဖန်ခွက် အပြည့်ထည့်ပါ။ နနွင်းအနည်းငယ်၊ ငရုတ်ကောင်းစေ့ အနည်းငယ်ထည့်ပြီး ညစဉ် သုံးညရက်ဆက်သောက်ပါ။ သိသာစွာ အကျိုးထူးပါတယ်။

ရူပါသိမ်းရေးသားထားသော သဘာဝအစားအစာများ၏ ဂုဏ်သတ္တိဖြင့် ကျန်းမာလှပအောင်နေနည်း စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

သုတ

# Open More Online

Related Posts