ဝါးတားဂိတ် အရှုပ်တော်ပုံ (အပိုင်း - ၅)

ဝါးတားဂိတ် အရှုပ်တော်ပုံ (အပိုင်း – ၅)

ဝါးတားဂိတ် အရှုပ်တော်ပုံ (အပိုင်း – ၅) ~~~~
အောက်တိုဘာ ၂၃ ရက်နေ့တွင် နစ်ဆင်သည် တရားသူကြီး ဆီရီကာ၏ တိပ်ခွေများ တောင်းဆိုမှုကို အလျှော့ပေးလိုက်ရတော့သည်။ ယခုတော့ သူ တစ်ယောက်တည်း အထီးကျန် ဖြစ်နေရပြီ။ ထိပ်တန်းအကြံပေးတွေလည်း တစ်ယောက်ပြီးတစ်ယောက် ပျောက်ကုန်ကာ မည်သူ့ကိုမျှလည်း စကားမပြောတော့ပေ။ အိမ်ဖြူတော်သို့ ရောက်လာသော ကာကွယ်ရေးဦးစီးချုပ် အသစ်ဗိုလ်ချုပ်ကြီး အလက်ဇန်းဒါး ဟေ့ဂ်သည်ပင် နစ်ဆင်ထက် နိုင်ငံခြားရေးဝန်ကြီး ဟင်နရီ ကစ်ဆင်းဂျားကို ပိုပြီး လေးစားနေသယောင် ပြလာသည်။ ကစ်ဆင်းဂျားသည် နစ်ဆင်၏ အုပ်ချုပ်ရေးအဖွဲ့တွင် အပြစ်အကင်းဆုံး ဂုဏ်သတင်း ကျော်ကြားသူတစ်ယောက် ဖြစ်သည်။

နစ်ဆင်သည် အိမ်ဖြူတော်တွင် မိမိအခြေအနေတွင် တနုံ့နုံ့စဉ်းစားရင်း နိုဝင်ဘာ ၁၇ ရက်နေ့တွင် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို ခေါ်ယူကျင်းပလိုက်သည်။ အမှားတစ်ခုကို ထပ်မံကျူးလွန်လိုက်ခြင်း ဖြစ်သွားသည်။ သတင်းမီဒီယာသမားများကို သူက မမျိုသိပ်နိုင်တော့ဘဲ “ကျုပ် လူလိမ်လူညစ် တစ်ယောက် မဟုတ်ဘူး” ဟု ပြောဆိုလိုက်သည်။ ထိုစကားသည် ဆန္ဒပြသူများက လှောင်ပြောင်သရော်ပြီး အော်စရာ စကားတစ်ခု ဖြစ်သွားခဲ့သည်။

အခြေအနေက ဆိုးသည်ထက် ပိုဆိုးသွားသည်။ နိုဝင်ဘာ ၂၁ ရက်နေ့တွင် အိမ်ဖြူတော်မှ အကြံပေး ဂျေဖရက် ဘဇ်ဟတ်သည် တရားသူကြီး ဆီရီကာက ဆင့်ဆိုထားသည့် ၁၈၁/၂ မိနစ်စာ တိပ်ခွေသည် အသံများ အဖျက်ခံလိုက်ရကြောင်း သတင်းထုတ်ပြန်လိုက်သည်။ ၁၉၇၂ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ကတည်းက အိမ်ဖြူတော်မှ ပျောက်သွားသည့် နစ်ဆင်သည် ပြန်ရောက်လာသည်။ အသံများ အဖျက်ခံလိုက်ရသည့်ကိစ္စနှင့် ပက်သက်ပြီး နစ်ဆင်ထံတွင် အမှုထမ်း သက်တမ်း ကြာနေပြီ ဖြစ်သည့် အတွင်းရေးမှူး ရို့စ် မာရီဝုဒ်က မတော်တဆ မှားယွင်းဖျက်လိုက်သည်ဟု အကြောင်းပြသည်။ လူတွေက ထိုအကြောင်းပြချက်အပေါ် မည်သို့မျှ အယုံအကြည် မရှိကြပေ။

အောက်လွှတ်တော် တရားရေးကော်မတီမှ သမ္မတအပေါ် စွဲချက်တင်ရန်နှင့် ပက်သက်ပြီး မဲခွဲ ဆုံးဖြတ်ကြရာ ထောက်ခံမဲ ၄၀၁ မဲ၊ ကန့်ကွက်မဲ ၄ မဲဖြင့် ဆုံးဖြတ်အတည်ပြုကြသည်။ ဟာဒီမန်း၊ အားလစ်ချ်မန်း၊ စထရာချန်း၊ မစ်ချဲလ်နှင့် ကိုလ်ဆန်တို့အပေါ်တွင်လည်း လျှို့ဝှက်ပူးပေါင်းကြံစည်ခြင်း၊ မုသားသက်သေခံခြင်း၊ လိမ်လည်ထွက်ဆိုခြင်း၊ တရားစီရင်ရေးကို နှောင့်ယှက်ခြင်းများအတွက် အပြစ်ရှိသဖြင့် စွဲချက်တင်စစ်ဆေးရန် ဆုံးဖြတ်ကြသည်။

နစ်ဆင်သည် နောက်ဆုံး အားထုတ်မှုတစ်ခုအနေဖြင့် အစိုးရအဖွဲ့ကို ကယ်တင်ကြည့်သည်။ သူထံ တောင်းဆိုထားသည့် တိပ်ခွေများကို တရားရေးကော်မတီထံ အပ်နှံမည့်အပြင် မတ်လ ၂၁ ရက်နေ့တွင် ဂျွန် ဒီးန်နှင့် ပြောဆိုဆွေးနွေးခဲ့သည့် မှတ်တမ်းတိပ်ခွေများကိုလည်း အပ်နှံမည်ဟု ကတိပြုလိုက်သည်။ တရားရေးကော်မတီကလည်း ထိုကမ်းလှမ်းချက်ကို သဘောတော်ကျသွားခဲ့သည်။ သူတို့ကလည်း တစ်ဆင့်တိုးပြီး အခွေတွေ အကုန်အပ်ရန် ထပ်မံတောင်းဆိုလိုက်ပြန်သည်။ အမှန်တကယ် တရားရုံးသို့ လာအပ်သည့်အခါတွင် တိပ်ခွေများ မဟုတ်။ တိပ်ခွေများမှ အသံများကို ပြန်လည်ကူးယူမှတ်တမ်းတင်ထားချက်များကိုသာ လာပြီး အပ်နှံခဲ့ကြသည်။ နစ်ဆင်သည် ယခင်က ခိုးနားထောင်မှုများ၊ ဖောက်ထွင်းဝင်ရောက်မှုများ၊ အသံဖမ်းယူမှုများ မလုပ်ဟု ရုပ်မြင်သံကြားတွင် တိုင်းသိပြည်သိ ကြေညာဆွေးနွေးချက်များကို ကူးယူထားမိသည် ဆိုပြန်သဖြင့် အပြောနှင့်အလုပ် လက်တွေ့မညီသည့် သမ္မတ ဖြစ်သွားခဲ့ရသည်။ တိပ်ခွေမှ စာသို့ ပြောင်းလဲထားချက်များသည် အမျိုးမျိုးသော တည်းဖြတ်မှုများ ပြုလုပ်ထားမည်ဟု သဘောပေါက်သွားကြပြီးသား ဖြစ်သည်။ သို့ဖြစ်ရာ တရားရေးကော်မတီက တိကျမှန်ကန်စွာ ဖြစ်ရေးအတွက် တိပ်ခွေများကိုသာ စစ်ဆေးနားထောင်လိုကြသည်။

၁၉၇၄ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် ပြည်သူသို့ စာလုံးပေါင်း နှစ်သိန်းဖြင့် အသံသွင်းမှတ်တမ်းများကို ထုတ်ပြန်ပေးခဲ့သည်။ ထိုအနေအထားကလည်း နစ်ဆင်အတွက် မကောင်းပေ။ သူ့ကို အနာဂတ်တွင် ခေါင်းဆောင်နိုင်စွမ်း ရှိမည့်သူမဟုတ် ဟူ၍ ဝေဖန်ဆွေးနွေးလာကြသည်။ မှတ်တမ်းစာများသည် အမှန်အတိုင်း အပြည့်အဝ မဖြစ်နိုင်ကြောင်း တရားရေးကော်မတီသည် ယခင် ရရှိထားသည့် တိပ်ခွေများမှ အသံသွင်းချက်များနှင့် တိုက်ဆိုင်စစ်ဆေးကြည့်သဖြင့် သိလာကြသည်။ အချို့သော အဓိကကျသည့် နေရာများတွင် ဖြတ်တောက်ထားမှုများက သိသာထင်ရှားလွန်းလှသည်။

နစ်ဆင်ကတော့ လမ်ဆုံးလုနီးပြီ။ တရားသူကြီးဆီရီကာသည် ဟာဒီမန်းနှင့် အပေါင်းအပါများ ဟူ၍သာ အမည်တပ်၍ ရသည်။ ဥပဒေအရ သမ္မတကို တရားရုံးသို့ လာရောက်အစစ်ခံရန် ခေါ်ပိုင်ခွင့် မရှိသဖြင့် နစ်ဆင်ကို လျှို့ဝှက်ပူးပေါင်းကြံစည်သူ စာရင်းထဲတွင်သာ ထည့်၍ ရပြီး အမည်ကို တင်သွင်း၍ မရ ဖြစ်နေသည်။ ထိုပြဿနာက အောက်လွှတ်တော် တရားရေးကော်မတီကို ဥပဒေတစ်ခု ပြဋ္ဌာန်းနိုင်ရေး တွန်းအားပေးသလို ဖြစ်စေခဲ့သည်။ သမ္မတကို တရားစွဲနိုင်ရေးအတွက် ပုဒ်မ သုံးခုကို ပြဋ္ဌာန်းနိုင်ခဲ့သော်လည်း အထက်လွှတ်တော်တွင် အတည်ပြုရန်မှာမူ အချိန် အတော်လေး ယူရလိမ့်ဦးမည် ဖြစ်သည်။

နိုင်ငံတော် တရားရုံးချုပ်ကလည်း တညီတညွတ်တည်း ဆုံးဖြတ်ကာ နစ်ဆင်ကို ဟာဒီမန်းနှင့် ပူးပေါင်းကြံစည်ခဲ့သည့် တိပ်ခွေများကို လွှဲပြောင်းပေးရန် အမိန့်ချမှတ်လိုက်သည်။ သူတို့ တောင်းဆိုနေသည့် တိပ်ခွေများထဲတွင် ၁၉၇၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့၌ နစ်ဆင်က ဟာဒီမန်းကို စီအိုင်အေ အသုံးချပြီး အက်ဖ်ဘီအိုင်၏ စုံစမ်းစစ်ဆေးမှုကို ပိတ်ဆို့ရန်အတွက် ဝါးတားဂိတ် ဖောက်ထွင်းသူတွေ ယူလာသည့် ငွေထဲမှ သုံးရန် အမိန့်ပေးထားသည့် တိပ်ခွေကို အလိုချင်ဆုံး ဖြစ်သည်။

နစ်ဆင်ကလည်း လျှို့ဝှက်ချက်တွေကို ဆက်ပြီး သူ့ရှေ့နေများ အကူအညီဖြင့် သိမ်းဆည်းထားဆဲ ဖြစ်သည်။ ရှာသူတွေကလည်း အစပိုင်းကတည်းက သက်သေခံပစ္စည်းတွေနောက် တကောက်ကောက် လိုက်ကြသည်။ ဥပဒေရေးရာ ပြဿနာများလည်း အတော်လေး ရှုပ်ထွေးစရာ ဖြစ်လာသည်။ အမေရိကန်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုသူများက ဥပဒေ စတင် ချိုးဖောက်နေကြသည် မဟုတ်ပါလော။

နစ်ဆင်သည် ဖြစ်ပျက်သမျှ အားလုံးကို သူ့အစိုးရအဖွဲ့မှ ဘဇ်ဟတ်၊ ဟေ့ဂ်၊ ကစ်ဆင်းဂျားနှင့် သူ့အကြံပေး ဂျိမ်းစ် စိန့်ကလဲယားတို့ကို တင်ပြသည်။ သူတို့အားလုံးက သမ္မတကို ရာထူးမှ နုတ်ထွက်ရန် တိုက်တွန်းကြသည်။ နစ်ဆင်က တိပ်ခွေများနှင့် ပက်သက်ပြီး သူ့ယခင် ထွက်ဆိုချက်များနှင့် ကွဲလွဲကြောင်း ဝန်ခံခဲ့သည်။ သို့သော် အသံဖမ်းယူသည့်ကိစ္စနှင့် ပက်သက်ပြီး သူ့ကို စွဲချက်တင်ရန် အဆင့်အထိ ပြုလုပ်ရန်ကိုမူ တရားမမျှတဟု ဆိုပြီး ကန့်ကွက်ခဲ့သည်။ အထက်လွှတ်တော်က ထိုပြောကြားချက်ကို သဘောမတူပေ။ နစ်ဆင်သည် လွှတ်တော်တွင် မိန့်ခွန်းပြောကြားပြီးနောက် ရီပတ်ဘလီကန် ခေါင်းဆောင်များက သူ့ကိုမဲခွဲဆုံးဖြတ်ကြရာ အမတ် ၄၃၅ ဦးတွင် ၄၂၅ ဦးက နစ်ဆင်ကို စွဲချက်တင်ရန် ဆုံးဖြတ်ကြပြီး ၁၀ ဦးခန့်ကသာ တရားစွဲဆိုရန် ကန့်ကွက်ခဲ့ကြသည်။

နောက်တစ်နေ့ ၁၉၇၄ ခုနှစ် သြဂုတ်လ ၈ရက်နေ့တွင် နစ်ဆင်သည် သူ့နိုင်ငံခြားရေးရာ အောင်မြင်မှုများကို အောင်မြင်သည့်အသံကြီးဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။ ပြီးနောက် သူ့အနေဖြင့် နုတ်ထွက်တော့မည် ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် လွှတ်တော်ထဲတွင် နိုင်ငံရေးအရ ရပ်တည်နိုင်ရန် သူ့တွင် အင်အားမရှိတော့ပါဟု ပြောကြာခဲ့သည်။ နောက်တစ်နေ့တွင် သူသည် တရားဝင်နုတ်ထွက်လိုက်သဖြင့် ဂျရယ် ဖို့ဒ်သည် အမေရိကန်နိုင်ငံတွင် သမ္မတအဖြစ် ပြည်သူများ ရွေးကောက်တင်မြှောက်ခြင်းမပြုဘဲ ဒု-သမ္မတမှ ပထမဦးဆုံး သမ္မတကြီး ဖြစ်လာခဲ့ရသည်။

အစိုးရအဖွဲ့တွင် ဖို့ဒ်သည် တစ်လခန့် ကြာသည့်အခါ သူ့ကို သူကောင်းပြုထားသည့် နစ်ဆင်ကို ‘အကြွင်းမဲ့ လွတ်ငြိမ်းချမ်းသာခွင့်’ ထုတ်ပြန်ပေးလိုက်သည်။ ဖို့ဒ် ဆုံးဖြတ်ချက်ကို မကျေနပ်သဖြင့် ဝန်ထမ်းအချို့ ကန့်ကွက်ကာ ရာထူးမှ နုတ်ထွက်သွားကြသည်။

တင်ညွှန့် ရေးသားသော ကမ္ဘာကျော်နိုင်ငံရေး အရှုပ်တော်ပုံများ စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

Open More Online

Related Posts