လူသားအရင်းအမြစ်နှင့် ကျင့်ဝတ်စည်းကမ်း (အပိုင်း - ၁)

လူသားအရင်းအမြစ်နှင့် ကျင့်ဝတ်စည်းကမ်း (အပိုင်း – ၁)

လူသားအရင်းအမြစ်နှင့် ကျင့်ဝတ်စည်းကမ်း (အပိုင်း – ၁) ~~~~
လူသားအရင်းအမြစ်တို့ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲမှုမှာ ကျင့်ဝတ်စည်းကမ်းဖြစ်သော “ပြည်သူ့နီတိ” ပေါ်တွင် အခြေခံကြောင်း ငြင်း၍ မရပေ။ ဖော်ပြခဲ့ပြီးသော ကျင့်ဝတ်စည်းကမ်းတို့ကို လိုက်နာကြမည်ဆိုပါက ပြောင်းလဲတိုးတက်သော လူ့အဖွဲ့အစည်း၊ လူမှုဝန်းကျင်ကို ရရှိကြမည်ဖြစ်သည်။

လူ့တန်ဖိုးကား စည်းကမ်းပင် ဖြစ်သည်။ စည်းကမ်း မလိုက်နာခြင်း၊ မရှိခြင်း၊ မသိခြင်းသည် ပျက်စီးခြင်းကို အခြေခံပေသည်။ ပျက်စီးခြင်းဆိုရာ၌ စိတ်ဓာတ်ရေးရာ ပျက်စီးခြင်း၊ ခန္ဓာဗေဒပျက်စီးခြင်း ၂ မျိုးကို ဖြစ်စေသည်။ စိတ်ဓာတ်ရေးရာ ပျက်စီးကြသည်နှင့်အမျှ ခန္ဓာဗေဒဖြစ်သော ကျန်းမာရေးဆိုင်ရာပြဿနာများ ပေါ်ပေါက်လာကြမည် ဖြစ်၏။

ကျန်းမာရေးဆုံးရှုံးမှုသည် အစားထိုးမရသော ဆုံးရှုံးမှု ဖြစ်သည်။ ငွေကြေးစီးပွားဆုံးရှုံးခြင်းကို ခေတ္တခဏ အကူအညီယူခြင်း၊ ချေးငှားခြင်း၊ အစားထိုးခြင်းဖြင့် ကွက်လပ်ဖြည့်နိုင်သော်လည်း မကျန်းမာမှုကိုကား အစားထိုး၍ မရနိုင်ပေ။ “ကျွန်တော့်အစား၊ သင်ခေတ္တမကျန်းမာပေးပါ” ဟု တောင်းဆို၍ မဖြစ်နိုင်ပေ။

ထို့ကြောင့် ပျက်စီးခြင်းတရား၌ ကျန်းမာရေးပျက်စီးယိုယွင်းမှုကို ဂရုထားကြရမည်ဖြစ်သည်။

လူမှုရေးအရာတွင်လည်း များစွာဆုံးရှုံးခြင်းကို ဖြစ်ပေါ်စေနိုင်ပေသည်။ မြတ်စွာဘုရားရှင် ရှိစဉ်အခါက လူမှုရေးဆိုင်ရာ တရားတော်အဖြစ် “ပရာဘဝသုတ်” တော်ကို ဟောကြားတော်မူခဲ့သည်။ ထိုပရာဘဝသုတ်၌ ပျက်စီးခြင်းအကြောင်းတရားတို့ကို ညွှန်းဆိုဟောတော်မူခြင်း ဖြစ်သည်။

ပရာဘဝသုတ်လာ မြန်မာပြည်ကား ဤသို့တည်း။

အခါတစ်ပါး၌ မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည်၊ အနာထပိဏ်သူဌေးကြီး ဆောက်လုပ်လှူဒါန်းအပ်သော ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ မထင်ရှားသည့် နတ်သားတစ်ပါးသည် အလွန်နှစ်သက်ဖွယ် အဆင်းရှိသည်ဖြစ်၍ ဇေတဝန်ကျောင်းတော်တဝှမ်းလုံးကို မိမိကိုယ်ရောင်ဖြင့် ထွန်းလင်းစေပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကာ ရိုသေစွာ ရှိခိုးလျက် သာယာသော စကားသံဖြင့် ဤသို့ လျှောက်ထားလေ၏။

“ဂေါတမအမည်ရှိသော အရှင်ဘုရား၊ အရှင်မြတ်ကို ပုစ္ဆာပြဿနာ မေးမြန်းလျှောက်ထားခြင်းငှာ တပည့်တော်လာ ရောက်ပါသည်ဘုရား။”

ထို့နောက် မြတ်စွာဘုရားအား ဤသို့လျှောက်၏။

“အရှင်ဘုရား၊ လောက၌ ပျက်စီးသောသူ၏ ပျက်စီးကြောင်းတရားကို သိလိုပါသည်အရှင်ဘုရား။ လောက၌ ပျက်စီးသောသူ၏ ပျက်စီးကြောင်းတရားကား အဘယ်တရားပါနည်း။”

“အသင်နတ်သား၊ အကြောင်းအကျိုး အမျိုးမျိုးတို့ကို အလွယ်တကူ သိမြင်နိုင်သော သူသည် တိုးတက်ကြီးပွားမည့်သူ ဖြစ်၏။ သိမြင်ဖို့ရန် ခဲယဉ်းပြီး ငြိုငြင်သောသူ (သို့မဟုတ်) ကောင်းစွာမသိသော သူသည် ပျက်စီးမည့်သူ ဖြစ်၏။ ကုသိုလ်ကမ္မပထတရားဆယ်ပါးကို လိုလားသောသူသည် ကြီးပွားမည့်သူ ဖြစ်၏။ ကုသိုလ်ကမ္မပထတရား ဆယ်ပါးကို မုန်းသော၊ အလိုမရှိသော သူသည် ပျက်စီးမည့်သူ ဖြစ်၏။”

အရှင်ဘုရား၊ ဤပထမဖြစ်သော ပျက်စီးကြောင်းတရားကို တပည့်တော် သိပါပြီဘုရား…၊ ဒုတိယဖြစ်သော ပျက်စီးကြောင်းတရား ရှိပါသေးလျှင် ဟောတော်မူပါ အရှင်ဘုရား”

“အသင်နတ်သား၊ … သူတော်ကောင်း မဟုတ်သူကို ချစ်ခင်ကြကုန်ပြီးလျှင် သူတော်ကောင်း၌ကား ချစ်ခင်ခြင်းကို မပြုဘဲ သူတော်ကောင်း မဟုတ်သူတို့၏ တရားကို နှစ်သက်သည် ဖြစ်အံ့။ ထိုမသူတော်ကား ချစ်၏။ သူတော်ကောင်းကိုကား မချစ်၊ မသူတော်တို့၏ တရားကို နှစ်သက်ခြင်းသည် ပျက်စီးခြင်း အကြောင်းဖြစ်၏။”

“ဤဒုတိယဖြစ်သော ပျက်စီးခြင်းကြောင်းတရားကို တပည့်တော် သိရပါပြီ အရှင်ဘုရား၊ … တတိယဖြစ်သော ပျက်စီးကြောင်း ရှိပါသေးလျှင် ဟောတော်မူပါဦး အရှင်ဘုရား”

နတ်သားလည်း ထပ်ခါ-ထပ်ခါ တောင်းပန်လေ၏။

ထိုအခါ မြတ်စွာဘုရားရှင်သည် “အသင်နတ်သား၊ … အကြင်သူသည် အိပ်၍သာ နေလေ့ရှိမူလည်း ဖြစ်အံ့။ အပေါင်းအဖော်တို့၌ မွေ့လျော်၍ စကားမပြတ် ပြောလေ့ရှိသူမူလည်း ဖြစ်အံ့။ ထကြွလုံ့လမရှိသည်လည်း ဖြစ်အံ့။ လွန်စွာ ပျင်းရိသူမူလည်း ဖြစ်အံ့။ ဒေါသတံဆိပ် ခပ်နှိပ်ထားသကဲ့သို့ မပြတ်ဒေါသထွက်လွယ်သည်မူသည်လည်း ဖြစ်အံ့။ ထိုအိပ်၍သာ နေလေ့ရှိခြင်း၊ စသည်တို့သည် ပျက်စီးခြင်းအကြောင်း ဖြစ်၏။”

“အရှင်ဘုရား၊ … ဤတတိယဖြစ်သော ပျက်စီးကြောင်းတရားကိုလည်း တပည့်တော် သိရှိရပါပြီဘုရား၊ စတုတ္ထဖြစ်သော ပျက်စီးကြောင်း ရှိပါသေးလျှင် ထပ်မံ ဟောတော်မူပါဦး အရှင်ဘုရား”

“အသင်နတ်သား၊ … အကြင်သူသည် ကျွေးမွေးစောင့်ရှောက်ခြင်းငှာ စွမ်းဆောင်နိုင်သော အခြေအနေ ရှိပါလျက် အရွယ်လွန်ပြီးသော မိအို၊ ဖအို တို့ကို ကျွေးမွေးစောင့်ရှောက်ခြင်း မပြုဖြစ်အံ့။ ထိုသို့ မကျွေးမွေး မစောင့်ရှောက်ခြင်းသည် ပျက်စီးခြင်းအကြောင်း ဖြစ်၏။”

ဦးသန်းထွန်း (လှည်းကူး) ရေးသားသော ပြည်သူ့နီတိနှင့် ယဉ်ကျေးမှုပဒေသာ စာအုပ်မှ ကူးယူဖော်ပြသည်

သုတ

Open More Online

Related Posts