ဝန်ဆောင်မှုနှင့် ကုန်ပစ္စည်းထုတ်လုပ်မှု သဘောတရား

ဝန်ဆောင်မှုနှင့် ကုန်ပစ္စည်းထုတ်လုပ်မှု သဘောတရား

ကျွန်မတို့ ဒီနေ့ ဝန်ဆောင်မှု Services နဲ့ ကုန်ပစ္စည်းထုတ်လုပ်မှု Goods တို့ရဲ့ ‘Difference between goods and services’ တို့ကို ပိုသဘောပေါက်အောင်ရှင်းလိုပါတယ်။ ဝန်ဆောင်မှုနဲ့ ကုန်ပစ္စည်းထုတ်လုပ်မှု ဘာကွာလဲဆိုရင် အများကြီးကွာပါတယ်။ ဘယ်လိုကွာလဲဆိုတော့ ကျွန်မတို့ကုန်ပစ္စည်းတစ်ခုကို ကုန်တိုက်ကနေ ဝယ်လာတယ်၊ ဝယ်လာပြီး ဒီဇိုင်းကိုပဲဖြစ်ဖြစ်၊ အရည်အသွေးကိုပဲဖြစ်ဖြစ် မကြိုက်တော့ဘူးဆိုရင် အဲဒီပစ္စည်းကို ဈေးလျှော့ပြီး သူငယ်ချင်းတစ်ယောက်ယောက်ကို ပြန်ရောင်းလို့ရတယ်။ ဒါမှမဟုတ်ရင်လဲ ဆိုင်မှာပြန်လဲလို့ရရင် လဲရပါ့မယ်။
ဒါပေမယ့် ဝန်ဆောင်မှုကျတော့ လဲလို့မရဘူး။
ခေါင်းညှပ်တယ်ဆိုပါစို့။
လူတစ်ယောက်က ဆိုင်တစ်ဆိုင်မှာ ဝင်ပြီး ခေါင်းညှပ်တယ်၊ခေါင်းညှပ်တဲ့ ပုံစံကို နောက်တစ်နေ့မှာ ကိုယ့်ကိုယ်ကိုမှန်ထဲ ကြည့်ပြီး မကြိုက်တော့ဘူး၊ မကြိုက်တော့ရင် ညှပ်ပြီးသားခေါင်းကို ပြန်လဲလို့မရတော့ဘူး၊ ကိုယ်ခေါင်းကို ဖြတ်ပြီး ပြန်ရောင်းလို့လဲမရတော့ဘူး၊ သူငယ်ချင်းရာ ငါမနေ့က ညှပ်တာတဲ့ခေါင်းကို မင်းခေါင်းနဲ့ လဲရအောင်လို့ပြောလို့လဲမရဘူး၊ ဝန်ဆောင်မှုနဲ့ ပစ္စည်းထုတ်လုပ်မှုက အဲ့သလိုအရမ်းကွာတယ်။
နောက်ပြီးတော့ ကွာခြားတာက ကုန်ပစ္စည်းတွေကို ဝယ်ပြီး ဂိုဒေါင်ထဲမှာ လှောင်ထားလို့ရတယ်၊ ဗီရိုထဲမှာ ထည့်ထားရင်လဲ ရတယ်၊ ပစ္စည်းတွေကို ကြိုတင်ဝယ်ထားလို့ရတယ်၊ ဒါပေမယ့် ဝန်ဆောင်မှုကို ကြိုဝယ်ပြီး ဂိုဒေါင်ထဲမှ သိမ်းထားလို့မရဘူး။
ဒါ့အပြင် ပစ္စည်း Goods ဆိုတဲ့ အမျိုးက အဲဒီပစ္စည်းရဲ့ အရည်အသွေးကို တွက်ချက်လို့ရတယ်၊ တိုင်းတာလို့ရတယ်၊ ဒါက အင်မတန်လွယ်တယ်၊ တိုင်းတာတဲ့ကိရိယာတွေ၊ ပစ္စည်းတွေလဲရှိတယ်။ ဒါ့အပြင် ကိုယ်ဝယ်လာတဲ့ ပစ္စည်းက တီဗီဆိုကြပါစို့၊ တီဗီဝယ်လာတာဆိုရင် ဂျပန်လုပ်တာလား၊ တရုတ်လုပ်တာလား၊ ဂျပန်လုပ်တာယူမလား၊ တရုတ်လုပ်တာယူမလား ရွေးလို့ရတယ်၊ ဂျပန်နဲ့ တရုတ်ဘယ်ဟာယူမလဲဆိုရင် ဂျပန်ယူမှာပေါ့။ ဘာပြုလို့လဲဆိုတော့ အရည်အသွေးစိတ်ချရလို့။
ဒါပေမယ့် ဝန်ဆောင်မှုကျတော့ တိုင်းတာဖို့ အင်မတန်ခက်တယ်၊ အခုဆိုရင် အညောင်းပြေအညာပြေ အနှိပ်အနင်းခံဖို့ အနှိပ်ခန်းဆိုတာရှိတယ်။ လူတွေက အနှိပ်ခန်းသွားကြတယ်၊ အနှိပ်ခန်းရဲ့ အရည်အသွေးကို ဘယ်လိုတိုင်းတာမလဲ၊ ခက်တယ် ဘယ်အနှိပ်ခန်းက ဘယ်လောက်ဖိုးပိုကောင်းတယ်လို့ ဘယ်လိုပြောလို့မလဲ မလွယ်ဘူး အနှိပ်ခန်းကောင်းမကောင်း ကိုယ့်စိတ်နဲ့လဲဆိုင်တယ်။ ရှမ်းကြိုက်တော့ နွားချောဆိုတာလဲရှိတယ်၊ ကိုယ်ထင်ရွှေနန်းလို့လဲခေါ်ကြတယ်။ ဝန်ဆောင်မှုကို အတိအကျတိုင်းတာလို့မရဘူး။
ကဲ ဆေးရုံဆေးပေးခန်းဆိုတာလဲ ဝန်ဆောင်မှုပေးတဲ့ နေရာပဲ။ လူတိုင်းလူတိုင်းဖျားနာတယ်ဆိုရင် ပထမတော့ အိမ်မှာ ရှိတဲ့ ဆေးမြီးတိုနဲ့ပဲ ကုကြတာ၊ ဆေးမြီးတိုနဲ့ ကုလို့မရရင် ဆရာဝန်နဲ့ပြရတာပဲ။ ဆေးခန်းသွားကြရတာပဲ၊ ဆရာဝန်ဆီသွားတာဟာလဲ ဝန်ဆောင်မှုယူတာပဲ၊ ဘယ်ဆေးခန်းက ကောင်းတယ်၊ ဘယ်ဆရာဝန်နဲ့ကျမှ ရောဂါပျောက်တယ်ဆိုတာ တိုင်းတာဖို့အတော်ခက်တယ်။ အခုခေတ် ပုဂ္ဂလိက ဆေးခန်းတွေ အရမ်းအောင်မြင်တယ်၊ ဒါပေမယ့် ပုဂ္ဂလိကဆေးခန်းက ဘယ်လောက်ဖိုးပိုကောင်းတယ်ဆိုတာ ဘယ်လိုတွက်ချက်မလဲ။
ဒါပေမယ့် တတ်နိုင်လို့ ရှိရင် လူမမာတစ်ယောက်ဟာ ဟိုဆေးရုံသွားမလား၊ ဒီဆေးခန်းသွားမလား စဉ်းစားတာနဲ့ အချိန်ကုန်ခံနေလို့ မရဘူး၊ ပျောက်မယ်လို့ထင်တဲ့ ဆေးရုံမှာ ကုမှာပဲ၊ ငါ့မှာရှိသမျှကုန်ချင်ကုန်ပါစေ၊ ကုလိုက်မယ်ဆိုတဲ့ စိတ်ချမ်းသာမယ်ထင်တဲ့ စိတ်ကျေနပ်တဲ့ဘက် သွားကုတာပဲ၊ ဆေးရုံဆိုတာက အပျော်သွားတာ မဟုတ်ဘူး၊ ကိုယ်ရဲ့ ဝေဒနာကို သက်သာအောင် ဝန်ဆောင်မှုပေးတဲ့ နေရာဖြစ်သည်၊ ဒီနေရာမှာ ကျေနပ်မှုဆိုတဲ့ကိစ္စလဲရှိတယ်၊ လူမမာကလဲ ကျေနပ်မယ်၊ မိသားစုလဲ ကျေနပ်မယ်၊ အဲဒီကျေနပ်မှုက ထီထိုးသလိုပဲပေါက်ချင်မှပေါက်မယ်။မိမိကြိုက်တဲ့ ဆေးရုံရွေးပြီး အဲဒီမိမိရွေးတဲ့ ဆေးရုံပေါ်မှာ လူနာဆုံးသွားတာလဲရှိနိုင်တယ်။
လူနာဆေးရုံပေါ်မှာ ဆုံးပါပြီ။
အဲဒီလူနာကို သင်္ဂြိုလ်မှုပြုတယ်၊ ဒီအခါမှာ ဝန်ဆောင်မှုကိစ္စတွေထပ်ရှိလာတယ်၊ အသုဘရှင်တွေက ပူဆွေးဝမ်းနည်းနေတယ်၊ ဒီနေရာမှာ သင်္ဂြိုလ်ပြီးတဲ့ အထိ ဝန်ဆောင်မှုဟာ အရေးကြီးပါတယ်၊ ဝန်ဆောင်မှုကို ပြီးကပစ် လုပ်လို့မရဘူး။
ဝန်ဆောင်မှုလုပ်ငန်းလုပ်ရာမှာ စိတ်ဓာတ်က အင်မတန်အရေးကြီးပါတယ်။ စိတ်ဓာတ်မကောင်းရင်၊ စိတ်ဓာတ်က ခိုမယ်ကပ်မယ်ဆိုရင် ဝန်ဆောင်မှုဟာ မအောင်မြင်နိုင်ဘူး။
‘မထသ’ဆိုတဲ့ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီဟာ ဝန်ဆောင်မှုပေးတဲ့ ဌာနပါ၊ ဒါကြောင့် ဒီအဖွဲ့အစည်းမှာ လုပ်ဆောင်သူတွေဟာ စိတ်ဓာတ်မြင့်မားဖို့ လိုပါတယ်။ စိတ်ပိုင်းဆိုင်ရာ မြင့်ဖို့ရာမှာ လူဟာ ပဓာနကျပါတယ်။ အခုလို လူစုလူဝေးနဲ့ လုပ်တဲ့ အဖွဲ့အစည်းတွေမှာ တူညီတဲ့ ရည်မှန်းချက်တွေကို တက်ညီလက်ညီလုပ်သွားဖို့ကိစ္စမှာ လူတွေက အရေးကြီးပါတယ်။ ဒီမှာ တူညီတဲ့စိတ်ဆန္ဒတွေ အရေးကြီးတယ်၊ ဒီတော့မှ အဖွဲ့အစည်းဟာ တိုးတက်မှာပါ၊ ဝန်ဆောင်မှုပေးတဲ့ အဖွဲ့အစည်းတွေမှာ အဖွဲ့လိုက်၊ အဖွဲ့ထဲမှာပါတဲ့သူတွေ အားလုံးဟာ တက်ညီလက်ညီစိတ်တူကိုယ်တူ စဉ်ဆက်မပြတ်စိတ်ကောင်း၊ စေတနာကောင်းတွေနဲ့လုပ်မှ အရည်အသွေးကို တည်ဆောက်နိုင်မှာ ဆိုတဲ့ အကြောင်း တင်ပြရပါတယ်။

ဒေါက်တာနုနုယဉ် ရေးသားသော အရည်အသွေးဆိုတာ ဘာလဲ စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts