အတွင်းစားသုံးသူနှင့် စဉ်ဆက်မပြတ်တိုးတက်ရေး

အတွင်းစားသုံးသူနှင့် စဉ်ဆက်မပြတ်တိုးတက်ရေး

အရည်အသွေးနဲ့ပတ်သက်ပြီး ကျွန်မတို့ဆက်တိုက်ပြောပြလာခဲ့သော စကားတစ်ရပ်ရှိပါတယ်။ အဲဒီစကားရပ်ကတော့ စားသုံးသူ Customers လို့ခေါ်တဲ့ စကားရပ်ဖြစ်ပါတယ်။ ကျွန်မတို့ဟာ အရည်အသွေးအကြောင်းပြောတိုင်း စားသုံးသူဆိုတဲ့ စကားရပ်ကို ဇောင်းပေးပြီးပြောခဲ့ကြပါတယ်။ဒီနေ့မှာလဲ စားသုံးသူဆိုတဲ့ စကားကိုပဲ ထပ်မံခွဲခြားစိတ်ဖြာပြီးလေ့လာကြရအောင်။
စားသုံးသူစကားရပ်ကို ခွဲခြားစိတ်ဖြာကြည့်မယ်ဆိုရင် အတွင်းစားသုံးသူ Internal Customer နဲ့ ပြင်ပစားသုံးသူ External Customer ဆိုပြီး နှစ်ပိုင်းခွဲခြားလေ့လာလို့ရပါတယ်။ စားသုံးသူဆိုတဲ့ စကားရပ်မှာ အတွင်းစားသုံးသူရော၊ အပြင်စားသုံးသူပါ အရေးကြီးပါတယ်။
မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ(မထသ)အနေနဲ့ကြည့်ရင် ရန်ကုန်ခရီးသွားလူထူဟာ မထသရဲ့ စားသုံးသူတွေဖြစ်ကြပါတယ်။ မထသအဖွဲ့အစည်းထဲမှာ ပြန်ကြည့်ရင် ယာဉ်ပိုင်ရှင်တွေ၊ ယာဉ်မောင်းတွေ၊ စပယ်ယာတွေရှိပါတယ်။ မထသနဲ့ကျတော့ အဲဒီယာဉ်ပိုင်ရှင်တို့၊ ယာဉ်မောင်းတို့၊ စပယ်ယာတို့ဟာလဲ မထသရဲ့စားသုံးသူတွေ ဖြစ်နေပြန်ပါတယ်။ သူတို့ကတော့ မထသရဲ့ အတွင်းစားသုံးသူတွေလို့ ဆိုနိုင်ပါတယ်။
တစ်ခါ မထသမှာလဲ အုပ်ချုပ်မှုအပိုင်း၊ ဝန်ထမ်းအပိုင်း၊ အတတ်ပညာသည်များ၊ အင်ဂျင်နီယာ၊ စက်ပြင်ဆရာ စသည်တို့ရှိရာမှ အုပ်ချုပ်မှုအပိုင်းက ကြည့်ရင် အလုပ်သမားတွေ၊ ဝန်ထမ်းတွေဟာ စားသုံးတွေဖြစ်နေပြန်တယ်ဆိုတာ သတိပြုရပါမယ်။
ဒါကြောင့် စားသုံးသူလို့ပြောရင် အပြင်က လူတွေချည်းကိုပဲ မြင်လို့ မရပါဘူး။ ဝန်ဆောင်မှုနဲ့ ကုန်ပစ္စည်းတွေကို အသုံးပြုတဲ့သူတွေ ရှိသလို လုပ်ငန်းဆောင်တာတစ်ခုမှာ၊ စက်ရုံတစ်ခုအတွင်းမှာ လက်ဆင့်ကမ်းပြီးပေးရမည့် သူတွေလဲရှိပါတယ်။ ဒါကြောင့် စားသုံးသူရဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုရာမှာ “မိမိကတစ်ဆင့် လက်ဆင့်ကမ်းခံရတဲ့သူဟာ မိမိရဲ့ စားသုံးသူပဲ”လို့ မှတ်ရပါမယ်။ အဲဒီလူကို လဲ စားသုံးသူလို့ပဲ ဆက်ဆံကြရပါမယ်။ ဌာနတစ်ခုအတွင်း၊ စက်ရုံတစ်ခုအတွင်းလက်ဆင့်ကမ်း ခံရတဲ့သူကို စားသုံးသူလို့ ဆက်ဆံတာဟာ ပစ္စည်းကောင်းတွေ၊ ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ရရှိဖို့အတွက် အခွင့်အလမ်းတစ်ရပ်ပါပဲ။

စားသုံးသူဟာ အရေးကြီးပါတယ်

စားသုံးသူမရှိရင်၊ ဝယ်မည့်သူမရှိရင် ကျွန်မတို့ရဲ့ ဝန်ဆောင်မှုတွေ၊ ပစ္စည်းတွေကို ဘယ်မှာသွားရောင်းရမှာလဲ၊ ရောင်းစရာနေရာမရှိ၊ ဝယ်မည့်သူမရှိရင် ကျွန်မတို့လုပ်ငန်းတွေကို ပိတ်လိုက်ရမှာ ဖြစ်ပါတယ်။
ကျွန်မတို့မှာ စားသုံးသူတွေ မြဲနေအောင် ကျွန်မတို့ထုတ်လုပ်တဲ့ ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို ကောင်းသည်ထက် ကောင်းအောင်လုပ်ရမှာ ဖြစ်ပါတယ်။ ရပ်ထားလို့ မရပါဘူး၊ ဒါကို စဉ်ဆက်မပြတ်တိုးတက်ကောင်းမွန်နေမှု Continuous Improvement လို့ခေါ်ပါတယ်။ ကျွန်မတို့ ပစ္စည်းတွေ ကောင်းမွန်နေအောင် ကျွန်မတို့ အလုပ်ဌာနတွင်းမှာ အတွင်းစားသုံးသူတွေဟာ အရေးကြီးပါတယ်။သူတို့က ပစ္စည်းကောင်းတွေ၊ ဝန်ဆောင်မှုကောင်းတွေကို ထုတ်ပေးတာ မဟုတ်လား။
သူတို့ဟာ ခုနကျွန်မတို့ပြောတဲ့စဉ်ဆက်မပြတ်တိုးတက်မှုရအောင်လဲ ဆောင်ရွက်နေကြတာပါ။ ယာဉ်မောင်းနဲ့ စပယ်ယာတွေဟာ မိုးတွင်းမှာတော့ စည်းကမ်းတွေ လိုက်နာကြတယ်၊ မိုးကုန်တော့ မလိုက်နာကြဘူးဆိုရင် မိုးအကုန်မှာ မထသရဲ့ အရည်အသွေးတွေဟာလည်း နိမ့်ကျသွားမှာဖြစ်ပါတယ်။
စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုအကြောင်းနည်းနည်းပြောကြရအောင်။
စဉ်ဆက်မပြတ် ကြိုးပမ်းမှုနဲ့ ပတ်သက်ပြီး တယ်လီဖုန်းကိစ္စကို လေ့လာကြရအောင်၊ ကျွန်မတို့ ငယ်ငယ်တုန်းက အော်ပရေတာကနေ တစ်ဆင့်ခံ စကားပြောကြရပါတယ်။ ဒါကို အော်ပရေတာမလိုဘဲ၊ တိုက်ရိုက်တယ်လီဖုန်းကို ကိုယ့်ဟာကိုယ်လှည့်ပြီး ပြောလို့ရအောင် ဖန်တီးခဲ့ကြပါတယ်။ ဒါဟာ တစ်ဆင့် တိုးတက်လာတာပါ၊ တစ်ဆင့်တိုးတက်လာတာကို စားသုံးသူတို့ရဲ့ အလိုကျတီထွင် အသုံးပြုလာကြပါတယ်။
မိုဘိုင်းလ် တယ်လီဖုန်းဆို အလွန်လွယ်ကူပြီး ဘယ်ပဲသွားသွား၊ ဘုန်းကြီးကျောင်းပဲသွားသွား၊ သွားတဲ့နေရာယူသွားလို့ရတော့ ဘယ်နေရာပဲဖြစ်ဖြစ် ဆက်သွယ်လို့ရပါတယ်။ စကားပြောတာဟာ အရင်ကဖုန်းရှိတဲ့ နေရာမှာ သွားပြောလို့ရပေမယ့် အခုတော့ လူသွားတဲ့နေရာကို တယ်လီဖုန်းပါလိုက်လို့ ရအောင်လုပ်တာဟာ စဉ်ဆက်မပြတ်တိုးတက်မှုရှိလာတာပါပဲ။ ဆက်သွယ်ရေးနဲ့ ပတ်သတ်ပြီး ကျွန်မတို့ဟာ လက်ပ်တော့ပ် Laptop ကို တီထွင်လာကြပါတယ်။ ဈေးတော့ ကြီးပါတယ်။ မကြာမီ မိုဘိုင်းလ်ထက်သော်လည်းကောင်း၊ လက်ပ်တော့ပ်ထက်သော်လည်းကောင်း စားသုံးသူအတွက် ပိုပြီး အသုံးဝင်တဲ့ ပစ္စည်းတွေကို တီထွင်ကြရဦးမှာပါ။
ကျွန်မတို့ဟာ အရည်အသွေးတိုးတက်အောင် စဉ်ဆက်မပြတ်တိုးတက်မှုကို လုပ်ဆောင်နေရပါမယ်။ ကျွန်မတို့ဟာ စဉ်ဆက်မပြတ်တိုးတက်မှုကို လုပ်ဆောင်နေရပါမယ်။ ကျွန်မတို့ဟာ စဉ်ဆက်မပြတ်တိုးတက်အောင် နည်းပညာတွေကို လျစ်လျူရှုထားလို့ မရပါဘူး။ ဒီနေ့ခေတ်မှာ ဆိုရင် နည်းပညာအသစ်တွေဟာ နာရီပိုင်းနဲ့အမျှတိုးတက်နေပါတယ်။ နာရီပိုင်းအတွင်းမှာကို နည်းပညာအသစ်တစ်ခု၊ ဒီဇိုင်းအသစ်တစ်ခုကပေါ်နေတယ်။အဲဒီလိုပေါ်နေတာကိုလဲ ကိုယ်ကသိနေရမယ်။ မသိရင် ကိုယ့်အဖွဲ့အစည်းက နောက်ကျကျန်ရစ်ပြီသာ မှတ်ပါတော့။
နည်းပညာပိုင်းမှာ မိမိအဖွဲ့အစည်းက ပြိုင်ဘက်တွေကို ကျော်လွန်မှ မိမိထုတ်တဲ့ပစ္စည်းတွေကလဲ သူများတွေထက်ကျော်လွန်ကောင်းမွန်မှာ ဖြစ်ပါတယ်။ ကိုယ်ထုတ်တဲ့ပစ္စည်းက သူများထက်ကောင်းမှ ကိုယ့်ပစ္စည်းကို စားသုံးသူက ဝယ်သူမှာဖြစ်ပါတယ်။ စဉ်ဆက်မပြတ်တိုးတက်နေဖို့ အတွက် စားသုံးသူတွေရဲ့ လိုအင်ကို စဉ်ဆ်ကမပြတ်လေ့လာနေရမှာဖြစ်သလို မိမိတို့အလုပ်ကိုလဲ မိမိတို့က အမြဲသုတေသနပြုရမှာ၊ လုံ့လဝီရိယ ရှိနေရမှာဖြစ်ပါတယ်။ မိမိအလုပ် အမြဲတိုးတက်နေဖို့အတွက် သုတေသနလုပ်ငန်းတွေပြုလုပ်ဖို့ ပြန်လည်သုံးသပ်ဖို့၊ ပြုပြင်ပြောင်းလဲဖို့တွေကိုလဲ အမြဲပြုလုပ်နေရမှာ ဖြစ်ပါတယ်။
မိမိလုပ်ငန်းဌာနအတွင်း အမြဲတိုးတက်နေအောင် ဌာနရှိတဲ့အတွင်းစားသုံးသူတို့ရဲ့ လိုအင်များကို ဖြည့်ဆည်းပေးတာတွေဖြစ်လို့၊ စဉ်ဆက်မပြတ်တိုးတက်ဖို့အတွက် အားဖြည့်ပေးတာတွေဖြစ်လို့ ကောင်းမွန်ပါတယ်ဆိုတဲ့ အကြောင်း တင်ပြရပါတယ်။    ။

ဒေါက်တာနုနုယဉ် ရေးသားသော အရည်အသွေးဆိုတာ ဘာလဲ စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts