အရည်အသွေးနှင့် ပညာသင်ကြားရေး၊ သင်ယူရေး

အရည်အသွေးနှင့် ပညာသင်ကြားရေး၊ သင်ယူရေး

ကဲ ဂျပန်မှာ မစ်ဆူဘီရှီဆိုတဲ့ ကုမ္ပဏီရှိတယ်။ အဲဒီ ကုမ္ပဏီအဖွဲ့အစည်းရဲ့ ပိုင်ရှင်ကြီးက ဘာပြောလဲဆိုတော့ သူ့ပစ္စည်းတွေဟာ အရည်အသွေးရှိတယ်လို့ ချီးမွမ်းခံရတယ်၊ ဘာပြုလို့ ဒီလိုချီးမွမ်းခံရတာလဲဆိုတော့ ‘Making People before making products’ လို့ဆိုပါတယ်၊ အဓိပ္ပာယ်က ကုန်ပစ္စည်းတွေကို မထုတ်လုပ်ခင် သူတို့ကုမ္ပဏီက အရည်အသွေးရှိ လူကောင်းလူမွန်များကို အရင်ပြုစုထုတ်လုပ်တယ်လို့ဆိုတာ ဖြစ်ပါတယ်။
မစ်ဆူဘီရှီဟာ သူဝန်ထမ်းတွေကို မနစ်တကျ ပြုစုပျိုးထောင်တဲ့ အတွက် ဝန်ထမ်းကောင်းတွေ ရတယ်၊ ဝန်ထမ်းကောင်းတွေရတဲ့ အတွက် မစ်ဆူဘီရှီဟာ ကုန်ပစ္စည်းအကောင်းတွေကို ထုတ်လုပ်နိုင်တယ်။
ဒါကြောင့် တစ်ဖက်က ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို ဘယ်လိုဘဲ စည်းကမ်းတွေ၊ စည်းမျဉ်းတွေနဲ့ တင်းတင်းကျပ်ကျပ် အုပ်ချုပ်နေပေမယ့် ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်၊ ဝန်ထမ်းတွေရဲ့ ဝန်ဆောင်မှုများကို မပြုပြင်နိုင်သရွေ့ ပစ္စည်းကောင်းတွေ မရနိုင်ပါဘူး။
ဝန်ထမ်းကောင်းမှ ဝန်ဆောင်မှုကောင်းရမှာပါ။
ဝန်ထမ်းကောင်းမှ ထုတ်လုပ်တဲ့ ပစ္စည်းကောင်းရမှာပါ။ ဒါကြောင့် ကုန်ပစ္စည်းကောင်းနဲ့ ဝန်ဆောင်မှုကောင်းတွေ မလုပ်ကိုင်ခင် ဝန်ထမ်းကောင်းတွေ ရအောင် ပြုစုကြရမှာ ဖြစ်ပါတယ်။ အဖွဲ့အစည်းတွေမှ လူတိုင်းလူတိုင်း စိတ်ထားကောင်းတဲ့၊ ရိုင်းပင်းတဲ့သူရှိဖို့ စိတ်ထားစေတနာကောင်းတဲ့ သူတွေနဲ့ ဖွဲ့စည်းဖို့လိုပါတယ်။
မိမိတို့ အဖွဲ့အစည်းတိုးတက်အောင် လုပ်မယ်လို့ ပြောစရာမလိုပါဘူး၊ လူကောင်းသူကောင်း၊ ဝန်ထမ်းကောင်းတွေနဲ့ စရင် အရည်အသွေးက မလွဲမသွေ တိုးတက်လာမှာ ဖြစ်ပါတယ်။
လူကောင်းသူကောင်းတွေ ဘယ်လိုပြုစုမလဲ၊
ဂျပန်က တိုးတက်နေတဲ့ နိုင်ငံဖြစ်လို့ သူတို့ကဘာပြောလဲဆိုတာ ကြည့်ကြရအောင်ပါ။ သူတို့က ဘာပြောလဲဆိုတော့  အရည်အသွေးကို အသိပညာ၊ အတတ်ပညာနဲ့ စတင်မယ်လို့ ပြောပါတယ်။ အရည်အသွေး Quality စတင်ဖို့ ပညာအရည်အချင်း Education နဲ့ စရမယ်လို့ ဆိုတယ်။
အဖွဲ့အစည်းမှာပါတဲ့ လူတွေဟာ အသိပညာဗဟုသုတတွေ တိုးတက်နေရမယ်။ ပညာသင်ကြားမှုလေ့လာမှု မပါဘဲ အရည်အသွေးဟာ မတိုးတက်နိုင်ပါဘူး။ ကုန်ပစ္စည်းထုတ်လုပ်ရာမှာ လူဟာ အရေးကြီးတယ်။ လူဘာပြုလို့ အရေးကြီးလဲဆိုတော့ သူ့မှာ အသိဉာဏ်နဲ့ သင်ကြားမှု သင်ယူမှုရှိလို့ အရေးကြီးတာ။ လူမှာ သင်ကြားမှုနဲ့ သင်ယူမှုမရှိရင် လူဟာလဲ အရေးမကြီးတော့ပါဘူး။
လူရဲ့ အရည်အသွေးမြင့်တက်လာဖို့ တိုးတက်နေတဲ့ ခေတ်နဲ့ အညီ ဗဟုသုတတွေရှိရပါတယ်။ လူတွေဟာ ဗဟုသုတတွေရှိလာအောင်၊ အသိပညာအတတ်ပညာတွေရှိလာအောင် စာတွေဖတ်ရမယ်၊ သတင်းစာ ဂျာနယ်မဂ္ဂဇင်းတွေဖတ်ရမယ်၊ ဟောပြောပွဲတွေ လုပ်ပေးရမယ်၊ စာဖတ်ဝိုင်းတွေ လုပ်ပေးရမယ်။
ခေတ်က အမြဲ ပြောင်းလဲနေတယ်။
ခေတ်နဲ့ အညီ ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်နဲ့ အသိပညာတွေဟာလဲ ပြောင်းလဲနေရမယ်။ စဉ်ဆက်မပြတ် သင်ကြားမှုရှိနေရမယ်။ မွေးကတည်းက လေ့လာသင်ကြားမှုနဲ့ စပြီး သေဆုံးတဲ့ အထိလေ့လာနေကြရပါမယ်။
ကလေးမွေးလာတယ်။
ဘာစကားမှ မပြောတတ်ဘူး၊ ဘာမှလဲ နားမလည်ဘူး၊ သူဆာလို့ရှိရင်ငိုမယ်၊ ငိုလို့ရှိရင် အမေ့နို့စို့ရမယ်။ သူသေးစိုရင် ငိုမယ်၊ ငိုရင် အနှီးလဲလို့ ရမယ်ဆိုတာသူသိတယ်။ ဒါက ကလေးဟာ သူ့အတွေ့အကြုံနဲ့ ပညာရလာတာ၊ နောက်ကြီးလာတော့ ကလေးတိုင်းကျောင်းသွားကြတယ်၊ အချို့လဲ ကျောင်းတဝက်တပျက်နဲ့ ထွက်ပေမယ့် တတ်နိုင်တဲ့ မိဘတွေရဲ့ သားသမီးတွေကတော့ ဘွဲ့ရတဲ့အထိ ပညာသင်ကြားခွင့်ရှိလာကြတယ်။ ဘွဲ့လွန်ပြီးတော့လဲ သိစရာတတ်စရာတွေက အများချည်းပဲ၊ အခု ၂၁ ရာစုမှာ သိစရာတတ်စရာတွေက ပိုများလာတယ်၊ ပညာရေးဟာ နေရာတကာ လုပ်ငန်းခွင်ထဲမှာလဲ အသိပညာအတတ်ပညာတွေ လိုအပ်နေတတ်ပါတယ်။
သုတေသနတစ်ရပ်မှာ တိုင်းပြည်တစ်ပြည်အတွက် ဘဏ္ဍာငွေ သုံးစွဲရာမှာ ဘယ်ကဏ္ဍက အရေးကြီးဆုံးလဲလို့ဆိုရင် ပညာရေးဌာနဖြစ်တာကို တွေ့ရတယ်။ တိုင်းပြည်တိုင်းပညာရေးမပြည့်စုံရင် အဲဒီတိုင်းပြည်ဟာ အတော်စိုးရိမ်စရာဖြစ်လာပါတယ်။
ဒါကြောင့် ပညာဟာ အရေးကြီးပါတယ်။
ခုခေတ်ကိုလဲ ပညာခေတ်လို့လဲခေါ်ပါတယ်။
လူငယ်တွေဟာ ပညာတတ်ဖို့လိုပါတယ်၊ ဒါကို မိဘတွေလဲသိပါတယ်။ ကိုယ့်သားသမီး ပညာမတတ်ရင် မဖြစ်ဘူးဆိုတာ သိကြပါတယ်။ လူငယ်တွေ သာမကဘူး။ ငါလဲ အသက်ကြီးပြီ။ ဒါကြောင့် စာသင်စရာဗဟုသုတ ရှာစရာမလိုဘူးလို့ပြောလို့မရဘူး၊ အသက်ကြီးလဲ အသိပညာဗဟုသုတက လိုနေတာပဲ။
ပညာသင်ရမယ်ဆိုတာက အရေးဖတ်အတွက်တင်မကဘူး၊ ကွန်ပျူတာ၊ အင်တာနက်ကိုလဲ သိရတတ်ရပါမယ်။ မသိလို့ မတတ်လို့ မရပါဘူး။ အင်တာနက်ထဲမှာ ကမ္ဘာကြီးဘာဖြစ်နေတယ်ဆိုတာ ချက်ချင်းသိနိုင်ပါတယ်။ မြန်မာနိုင်ငံထဲမှာ ဘာဖြစ်နေတယ်ဆိုတာလဲ သိနိုင်ပါတယ်။ ဒီသတင်းအချက်အလက်တွေပေါ်မှာ ကိုယ်ကလိုက်လျောညီထွေဖြစ်အောင် သဟဇာတဖြစ်အောင် လုပ်သွားမှ နေသွားမှ တန်ကာတော်ကာကျမှာ ဖြစ်ပါတယ်။
ဒီနေ့ခေတ် လူ့ဘဝဟာ ပညာနဲ့စပြီး ပညာနဲ့ဆုံးရမယ့် ခေတ်ကာလ ဖြစ်ပါတယ်။ We start with Education, end with education ပြုလုပ်ကြရမှာလို့ တင်ပြလိုပါတယ်။
ဒီတော့မှသာ အရည်အသွေးကို တည်ဆောက်နိုင်ဖြစ်ပါတယ်။ ပညာမရှိဘဲ အရည်အသွေးကို မတည်ဆောက်နိုင်ပါဘူး။ ငါတော့ အသက်ကြီးပြီဆိုပြီး ပညာသင်စရာ မလိုတော့ဘူးလို့ တွေးလို့လဲမရပါဘူး။ ပညာဆည်းပူးမှုမရှိတဲ့ နေ့မှာ လူ့ဘဝမှာ မိမိဟာ အသုံးမဝင်တဲ့ နေ့ဖြစ်သွားမှာပါပဲ။ ဒါကြောင့် ၂၁ ရာစုမှာ ပညာသင်ကြားရေးကို စဉ်ဆက်မပြတ်ပြုလုပ်မှ အရည်အသွေးကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
အခု မော်တော်ယာဉ်လုပ်ငန်းစုံထိန်းသိမ်းရေးကော်မတီက ရန်ကုန်ခရီးသွားလုပ်ငန်းကို အရည်အသွေးမြှင့်တင်ဖို့ ရန်ကုန်ခရီးသွားဂျာနယ်ကို ထုတ်ဝေနေပါတယ်။ ဒါဟာ ကိုယ့်အဖွဲ့အစည်းအတွက် လိုအပ်တဲ့ အရာတစ်ရပ်ကို ဖြည့်ဆည်းပေးတာဖြစ်ပါတယ်။ ဒါဟာ အရေးကြီးတဲ့ ပညာပေးကဏ္ဍ ဆောင်ရွက်မှုတစ်ရပ်ဖြစ်ပါတယ်။ ဒါဟာ အသိပညာအတတ်ပညာနှင့် ပတ်သတ်ပြီး လွယ်လင့်တကူခူးခပ်ကျွေးသလိုဖြစ်လို့ ဝန်ထမ်းများက လေ့လာဖတ်ရှု၊ ပွားများဖို့ လိုအပ်တဲ့ အကြောင်းတင်ပြရပါတယ်။

ဒေါက်တာနုနုယဉ် ရေးသားသော အရည်အသွေးဆိုတာ ဘာလဲ စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts