လှေပြိုင်ပွဲ

မှတ်သားစွဲလန်းနေတဲ့ ဟာသပုံပြင်တစ်ပုဒ်ရှိပါတယ်။

တစ်ခါတုန်းက အင်္ဂလန်လှေအသင်းနဲ့ ဂျပန်လှေအသင်းတို့ ပြိုင်ကြသတဲ့။ ဂျပန်လှေက တစ်မိုင်လောက် ဖြတ်ကျော်ပြီး ရှေ့ကပန်းဝင်သွားတော့ အင်္ဂလိပ်လှေတော်သားတွေ စိတ်ဓာတ်ကျသတဲ့။ ဒါကြောင့်အုပ်ချုပ်ရေးမှူးချုပ်က ဘာကြောင့် ယခုလို ခွက်ခွက်လန် ရှုံးနိမ့်ရသလဲဆိုတာကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးစေတယ်တဲ့။

စစ်ဆေးချက် အစီရင်ခံစားသုံးသပ်ချက်က ဂျပန်အသင်းမှာ လှေလှော်တဲ့ လှေတော်သားက ရှစ်ယောက်၊ ပဲ့ကိုင်တစ်ယောက်နဲ့ ဖွဲ့စည်းထားပြီး အင်္ဂလိပ်အသင်းမှာ လှေလှော်မယ့် လှေတော်သားက တစ်ယောက်ရှိပြီး ပဲ့ကိုင်ရှစ်ယောက်နဲ့ ဖွဲ့စည်းထားတဲ့ ကွာခြားချက်ကို တွေ့ရှိတယ်တဲ့။ အကြံပေးကော်မရှင်တစ်ဖွဲ့ကို ငှားရမ်းပြီး အနိုင်ရရှိရေး အကြံပေးစေတယ်တဲ့။ အကြံပေးကော်မရှင်က လှေလှော်မယ့် လှေတော်သားကို အားစိုက်လှော်ခေတ်စေဖို့၊ စနစ်တကျ ကြပ်မတ်ကွပ်ကဲနိုင်ဖို့အတွက် လှေတော်သား တစ်ယောက်၊ ပဲ့ကိုင် လေးယောက်၊ အထူးတန်းပဲ့ကိုင် သုံးယောက်နဲ့ ပဲ့ကိုင်အရာရှိချုပ် တစ်ယောက် ပါဝင်တဲ့ ဖွဲ့စည်းပုံအသစ်ကိုရေးဆွဲတင်ပြတယ်တဲ့။

ဖွဲ့စည်းပုံအသစ်နဲ့ လှေတော်သားကို အားစိုက်လှော်ခေတ်ဖို့ အထူးကြပ်မတ်ညွှန်ပြ ယှဉ်ပြိုင်ပေမဲ့ ဂျပန်လှေအသင်းက အင်္ဂလိပ်လှေအသင်းကို နှစ်မိုင်လောက် ဖြတ်ကျော်အနိုင်ယူသွားသတဲ့။ ဒါကြောင့်လှေတော်သားကို ကြိုးစားအားထုတ်မှု ညံ့ဖျင်းမှုနဲ့ အရေးယူ အပြစ်ပေးလိုက်တယ်။ လှေတွေတက်တွေအားလုံးကို ရင်းနှီးမြှုပ်နှံမှု ဆက်လက်မပြုလုပ်တော့ဘဲ ရန်ပုံငွေအားလုံးကို ဒါရုက်တာအဖွဲ့၊ အုပ်ချုပ်ရေးမှူးချုပ်နဲ့ ပဲ့ကိုင်အရာရှိများက ဆုတော်ငွေအဖြစ် ခွဲဝေရယူလိုက်ကြပါသတဲ့။

ဒီပုံပြင်က ဆရာများနေတဲ့ အင်္ဂလိပ်တွေရဲ့ စီမံခန့်ခွဲမှုစနစ်ကိုသရော်တာပါ။ ဒါပေမဲ့ အရှုံးကိုသုံးသပ်ရာမှာ နည်းမှန်လမ်းမှန် မဝေဖန်တာကြောင့် ရှုံးပြီးရင်း ရှုံးတတ်တာကိုလည်း မြင်တွေ့ရပါတယ်။

ကျော်ရင်မြင့် ရေးသားထားသော ငပျင်းတွေအတွက်အောင်မြင်ရေးနည်းလမ်းများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

#OpenYourBusinessOnline

Related Posts