လူ့ဘဝမှာ ရွေးချယ်စရာလမ်းတွေ အများကြီးလို့ဆိုပေမယ့်

လူ့ဘဝမှာ ရွေးချယ်စရာလမ်းတွေ အများကြီးလို့ဆိုပေမယ့်

လွန်ခဲ့တဲ့ နှစ်အစိတ်လောက်တုန်းကပေါ့။ အိမ်နီးချင်း ဆယ်တန်းကျောင်းသားလေး တစ်ယောက်က ကျွန်တော့်ကို တိုင်ပင်စရာတစ်ခုရှိလို့ဆိုပြီး အိမ်ကိုရောက်လာတယ်။ ဒီသူငယ်လေးဟာ ကျောင်းစာကို အတော်လေး ကြိုးစားနေသူမို့ တစ်ခါတလေ အမြင်မတော်တာလေးတွေ့ရင် ဆုံးမပြောဆိုဖူးပါတယ်။ သူကလည်း အမြဲတမ်း တလေးတစားနဲ့ နားထောင်လေ့ရှိပါတယ်။ နာမည်က မောင်ဝေလို့ ခေါ်ကြပါစို့။

အိမ်ပေါ်တက်လာချင်းချင်းပဲ သူက ခုလိုပြောပါတယ်။

မောင်ဝေ။ “ဦးရေ ကျွန်တော့်စိတ်ထဲမှာ မတင်မကျဖြစ်နေတာလေး တစ်ခုရှိလို့ မေးချင်လို့ပါ”။

ကျွန်တော်။ “ရပါတယ်။ မေးပါ။ ဦးသိတာဆိုရင် ဖြေပေးပါမယ်”။

မောင်ဝေ။ “ကျွန်တော် ဒီနှစ်ဆယ်တန်းကို အနည်းဆုံးဂုဏ်ထူးလေးခုနဲ့အောင်ပြီး ဆေးတက္ကသိုလ်တက်ချင်တယ်လို့ ပြောဖူးတယ်လေ။ အဲဒါ ဦးမှတ်မိသေးလား”။

ကျွန်တော်။ “မှတ်မိတာပေါ့ကွာ။ မှတ်မိရုံတင် ဘယ်ကမလဲ။ မင်းစာ ဘယ်လောက်ကြိုးစားနေတယ်ဆိုတာ ဦး အမြဲစောင့်ကြည့်နေတယ်လေ။ ဒါနဲ့ မင်းက ဘာမေးချင်တာလဲ”။

မောင်ဝေ။ “ဒီလိုပါ ဦးရေ။ ကျွန်တော် ၁၀ တန်းနှစ်စကတည်းက ကျောင်းလည်း မှန်မှန်တတ်တယ်။ စာသင်တုန်းကလည်း ကောင်းကောင်း နားလည်အောင် ကြိုးစားတယ်။ ကျောင်းကပြန်ရောက်တော့ ကျူရှင်ပြေးတက်ရသေးတယ်။ ကျူရှင်က အိမ်ပြန်ရောက်တော့လည်း ကျောင်းကပေးလိုက်တဲ့အိမ်စာရော၊ ကျူရှင်ကအိမ်စာရော လုပ်ရတော့ အမြဲတမ်း ည ၁၀ နာရီ၊ ၁၁ နာရီမှ အိပ်ရတယ်လေ”။

ကျွန်တော်။ “အေးလေ အဲဒါ ဘာပြဿနာရှိလို့လဲကွာ”။

မောင်ဝေ။ “ဒီလိုပါ။ ကျွန်တော် နှစ်စကတည်းက အခုလို ကြိုးစားနေတာ အခု ၁၀ တန်းနှစ်ဝက်ရောက်လာပြီ။ ကျွန်တော် ကျောင်းက အိမ်ပြန်လာရင်ပဲဖြစ်ဖြစ်၊ ကျူရှင်အသွားအပြန်မှာပဲဖြစ်ဖြစ် ကျွန်တော့် အတန်းဖော်တွေက ဂီတာတီးလိုက်၊ လက်ဖက်ရည်ဆိုင်မှာ တဝါးဝါးနဲ့ ပျော်နေကြတာတွေ့တော့ သူတို့ကို ကျွန်တော် မနာလို ဖြစ်လာတယ်။ ကျွန်တော့်ဘဝကတော့ ကျောင်းနဲ့ကျူရှင် ပြေးနေရလို့ တစ်ချက်လေးမှ မနားရတော့ သူတို့လို ပျော်ချင်စိတ်ဖြစ်လာတယ်။ သူတို့ပျော်နေကြတာကိုလည်း အားကျနေမိတယ်။ ကျွန်တော် အခုလို စာပဲလုပ်နေတာ မှားနေသလားထင်လို့ ဦးကိုတိုင်ပင်တာပါ”။

ကျွန်တော်။ “မင်း သူတို့လိုနေချင်လို့လား ရတယ်လေ။ မင်းမှာ ရွေးချယ်ပိုင်ခွင့် ရှိတယ်လေ။ မင်းကို ဘယ်သူမှ တားလို့မရပါဘူး”။

မောင်ဝေ။ “ဦး ဘာကိုဆိုလိုချင်တယ်ဆိုတာ ကျွန်တော် သဘောမပေါက်လို့ ရှင်းပြပေးပါလား”။

ကျွန်တော်။ “ဒီလိုကွာ။ မင်းက မင်းသူငယ်ချင်းတွေနဲ့ ပျော်ချင်တယ် မဟုတ်ဘူးလား။ ပျော်လို့ရတယ်လေကွာ။ မင်းအိမ်က မသိနိုင်ပါဘူး။ မင်းကို ကျူရှင်သွားနေတယ်ပဲ ထင်နေကြမှာပါ။ ဒါကြောင့် မင်းမှာ ရွေးချယ်ပိုင်ခွင့်ရှိတယ်လို့ ဦးပြောတာပေါ့။ ဒါပေမဲ့ အဲဒီလမ်းကိုရွေးဖို့ ဆုံးဖြတ်ချက်မချခင် အဲဒီဆုံးဖြတ်ချက်ကြောင့် ဖြစ်လာမယ့် အကျိုးဆက်လေးတွေကိုတော့ စဉ်းစားထားဖို့တော့ လိုတာပေါ့ကွာ”။

မောင်ဝေ။ “ဘာအကျိုးဆက်တွေဖြစ်လာမှာမို့လဲဗျာ”။

ကျွန်တော်။ “ဖြစ်လာမယ့် အကျိုးဆက်တွေကတော့ ကျူရှင်မတက်ဘဲ သူငယ်ချင်းတွေနဲ့ပျော်ရတာက လောလောဆယ် စိတ်ချမ်းသာတာပေါ့ကွာ။ နေ့စဉ်ရက်ဆက် ပျော်နေလို့ကြာလာရင် မင်းကျောင်းစာတွေမလိုက်နိုင်ဘူးဖြစ်လာမယ်။ သေချာတာကတော့ မင်းလိုချင်နေတဲ့ ဂုဏ်ထူးလေးခုရဖို့ဝေးလို့ ၁၀ တန်းအောင်ရင် မင်းကံကောင်းပေါ့ကွာ။ မင်းတက်ချင်နေတဲ့ ဆေးတက္ကသိုလ်တို့၊ မင်းဖြစ်ချင်တဲ့ ဆရာဝန်ဖြစ်ဖို့ဆိုတာတွေကို ဘိုင့်ဘိုင့်လို့သာ နှုတ်ဆက်လိုက်တော့။ ရေရှည်အကျိုးခံစားရဖို့အတွက် ရေတိုမှာတော့ လုပ်ချင်တာ မလုပ်ရတဲ့ စိတ်ဒုက္ခခံရမယ်လေ”။

မောင်ဝေ။ “ဟုတ်ကဲ့။ ကျွန်တော်သဘောပေါက်သွားပြီ။ ကျေးဇူးတင်လိုက်တာ ဦးရေ”။

မကြာခင်ပဲ သူ ၁၀ တန်းစားမေးပွဲမှာ ဂုဏ်ထူးလေးခုနဲ့ အောင်သွားပြီး သူတက်ချင်တဲ့ ဆေးတက္ကသိုလ်တက်ခွင့်ရသွားတယ်။ သူဖြစ်ချင်တဲ့ ဆရာဝန်တစ်ယောက် ဖြစ်သွားပါတယ်။

လူရယ်လို့ဖြစ်လာရင် ကလေးဘဝမှာတော့ ရွေးချယ်စရာ လမ်းသိပ်မရှိကြပါဘူး။ မိဘအုပ်ထိန်းမှုအောက်မှာ လုံးဝနေနေရလို့ပါ။ ဒါပေမဲ့ လူပျိုအပျိုအရွယ်ဖြစ်လာရင် ရွေးချယ်စရာလမ်းတွေ အများကြီးရှိလာတယ်။ စာကြိုးစားမလား၊ ဟေးလေးဝါးလေးနဲ့ အချိန်ဖြုန်းမလား၊ ခိုးဆိုးလုယက်မလား၊ အလုပ်ကြိုးစားမလား၊ မှုးယစ်ဆေးသုံးမလား။ ရွေးချယ်စရာတွေ အများကြီးပါ။ ကိုယ်ရွေးချယ်လိုက်တာနဲ့ သူ့ရဲ့အကျိုးဆက်တွေတော့ ခံစားရမှာပါ။

အကျိုးဆိုတာ အကြောင်းရှိလို့ ဖြစ်လာတာပါ။ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုး မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုး ခံစားရမယ်ဆိုတာ လောကကြီးရဲ့ အမှန်တရားတစ်ခုပါ။ ဒီအမှန်တရားကို ဘယ်သူမှ ချိုးဖောက်လို့မရပါဘူး။

ဘဝမှာ ရွေးချယ်စရာလမ်းတွေ အများကြီးရှိတယ်ဆိုပေမယ့် ဘယ်လမ်းကို ရွေးချယ်မလဲဆိုတာကို ဆုံးဖြတ်ချက်မချခင် ရွေးချယ်မှုကြောင့်ဖြစ်လာမယ့် အကျိုးဆက်တွေကို အရင်ကြိုတင်တွေးမြင် ဆင်ခြင်စေချင်ပါတယ်။ ဆုံးဖြတ်ချက် အမှားတစ်ခုကြောင့် တစ်သက်လုံး စိတ်ဆင်းရဲ နောင်တရသွားဖို့ ဖြစ်စေနိုင်တာကို အထူးသတိထားဖို့ လိုပါလိမ့်မယ်။

ဗန်းမော်သိန်းဖေ ရေးသားထားသော မျှဝေလိုသောအတွေးများစာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

အတွေးအခေါ်

Related Posts