လူဖြစ်ရကျိုးနပ်စေဖို့

၁။ ကိုယ်ချင်းစာတရား

ဗုဒ္ဓဘာသာဝင်တွေ ဆောက်တည်လေ့ရှိကြတဲ့ ၅ ပါးသီလ ဆိုတာ တကယ်တော့ ကိုယ်ချင်းစာတရားကို အခြေခံတာပါပဲ။ ကုသိုလ်ရဖို့ စောင့်ရတာလို့ပဲ မှတ်နေကြပြီး တစ်ခုစီရဲ့ အဓိပ္ပါယ်ကိုလည်း တိတိကျကျ သိမနေကြတဲ့အခါ ငါးပါးသီလတော့ လုံသလို ရှိပေမဲ့ လူကောင်းသူကောင်းတွေတော့ ဖြစ်မနေကြဘူး။ ဥပမာ သူတစ်ပါးပစ္စည်းတော့ မခိုးပေမဲ့ သမ္မာအာဇီဝအလုပ်နဲ့ အသက်မမွေးတာ၊ မွေးရင်လည်း ဈေးတင်ရောင်းတာ၊ အလုပ်ကို ခိုလုပ်တာ စသဖြင့်ပေါ့။ မုသားစကားတော့ မပြောဘူး။ ဒါပေမဲ့ မာယာအပြည့်၊ ဟန်ဆောင်မှုအပြည့်နဲ့ မရှိတာကို အရှိလုပ်၊ ရှိတာကို မရှိဘူးပြော လုပ်နေကြရော။

ကိုယ်ချင်းစာတရားနဲ့ နေထိုင်မယ်ဆို ဆေးလိပ် မသောက်တတ်တဲ့သူနားမှာ ဆေးလိပ်မသောက်တော့ဘူး။ ငါသာ ဘယ်ဘာသာ ကိုးကွယ်လို့၊ ဘာလူမျိုးမို့လို့၊ ဘယ်လို လိင်စိတ်တိမ်းညွှတ်မှုမျိုး ရှိလို့ ခွဲခြားခံရမယ်ဆို ကြိုက်ပါ့မလား စဉ်းစားကြည့်လိုက်။ သူများတွေကိုလည်း ခွဲခြားဆက်ဆံမိတော့မှာ မဟုတ်ဘူး။ ဒါကြောင့် ဘယ်ကိစ္စပဲဖြစ်ဖြစ် ငါသာဆို အဲ့လိုလုပ်ရင် ကြိုက်ပါ့မလား ဆိုတဲ့ စိတ်ကလေး ရှိနေဖို့ သိပ်အရေးကြီးပါတယ်။

၂။ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူဖို့

ကိုယ့်ကြောင့် ဘယ်သူမှ မထိခိုက်အောင် နေထိုင်ခြင်းသည် ကိုယ်ချင်းစာတရား ဆိုရင် နောက်တစ်ဆင့် လုပ်ဖို့လိုတာက ကိုယ့်ကြောင့် လူတွေ ဝန်မပိုစေဖို့ပါ။ ကလေးဘဝကဆို ကျွန်တော်တို့တွေ လူကြီးမိဘအပေါ် မှီခိုရတယ်။ စားတာ သောက်တာ၊ အညစ်အကြေးစွန့်တာကအစ။ အဲ့လိုကနေ တဖြည်းဖြည်းနဲ့ ကိုယ့်ဟာကိုယ် ထမင်းစားတတ်လာတယ်။ အဝတ်ဝတ်တတ်လာတယ်။ အမှီအခို ကင်းလာတယ်။ နောက်တော့ ကိုယ့်ဝင်ငွေ ကိုယ်ရှာပြီးပါ ရပ်တည်တော့တယ်။ ဒါ ဘာလဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူတာ။ ကိုယ့်ကြောင့် လူတွေ ဝန်မပိုစေတာမျိုးပါ။

ကိုယ့်ရဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်မယ်။ ဒါမှ ဘေးလူတွေ ကိုယ်ညစ်ပတ်လို့ စိတ်ရှုပ်ရတယ် ဆိုတာမျိုး မဖြစ်တော့ဘူး။ ကိုယ့်ကျန်းမာရေး ကိုယ်ဂရုစိုက်မယ်။ အတူနေတဲ့သူတွေ ပြုစုရတာ သက်သာသွားမယ်။ (ရောဂါဖြစ်တတ်တဲ့သူတွေကို ပြောလိုတာ မဟုတ်ပါဘူး။ ရောဂါက ဘယ်သူမဆိုလည်း ဖြစ်တာပဲ။ ဖြစ်ရင် ဘေးလူတွေကို ပြုစုခိုင်းရတာပဲ။ ကိုယ့်ရဲ့ နေထိုင်မှုက ကျန်းမာရေးနဲ့ ညီညွှတ်ဖို့ လိုတယ် ပြောလိုရင်းပါ။)

၃။ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ဖို့

ရှေ့ ၂ ဆင့်က သူများကို ဒုက္ခမပေးမိအောင် နေထိုင်တာ။ တတိယအဆင့်ကစလို့ သူများကို အကျိုးပြုနိုင်၊ ကူညီနိုင်ဖို့ ဖြစ်သွားပါပြီ။ မဟုတ်တာ မလုပ်ရုံနဲ့ မပြီးဘူး။ ဟုတ်တာတွေလည်း လုပ်သွားဖို့ လိုသေးတာကိုး။ကိုယ်တောင်မှ ထမင်းမဝဘဲ သူများကို ထမင်းကျွေးနိုင်ဖို့ ဆိုတာ မလွယ်ဘူး။ လူတစ်ယောက် ပစ်လဲသွားတယ်။ ရှေးဦးသူနာပြုစုနည်း မတတ်ထားဘဲ အသက်ကယ်လို့ မရဘူး။ ဆိုလိုတာက သူများကို ‘တစ်ခုခု’ ပေးနိုင်ဖို့ဆိုရင် အရင်ဆုံး ကိုယ့်မှာ ‘တစ်ခုခု’ ရှိထားဖို့ လိုအပ်ပါတယ်။ ပညာ၊ ငွေကြေး၊ လုပ်အား စသဖြင့်ပေါ့။ ဒီတော်လှန်ရေးမှာဆိုလည်း အဲဒါတွေ ရှိထားတဲ့သူတွေက ပိုပြီး ထိထိရောက်ရောက် ကူညီနိုင်ကြတာကို တွေ့ရလိမ့်မယ်။

ဒါကြောင့် အသက်မွေးစရာ ပညာတစ်ခုခု သင်ရမယ်။ လောကကြီးကနေ ကိုယ့်ကို ပိုက်ဆံပေးဖို့ လုံလောက်တဲ့ စွမ်းရည်တစ်မျိုးမျိုးပေါ့။ ဘယ်သူမှတော့ အလကား ဘယ်လာပေးမလဲ။ စာရေးပြီး အသက်မွေးမလား။ ဆရာဝန် လုပ်မလား။ ဝန်ထမ်းလုပ်မလား။ အနုပညာ ဖန်တီးမလား။ တစ်ခုခုတော့ တတ်ထားဖို့ လိုမယ်။နောက်ပြီး ငွေကြေး စီမံခန့်ခွဲမှုလည်း အရေးကြီးတယ်။ ငွေရှာဘယ်လောက်ကောင်းကောင်း မစီမံတတ်ရင်လည်း မချမ်းသာနိုင်ဘူးကိုး။ ဒီတော့ အသက်မွေးပညာရယ်၊ ငွေကြေးစီမံခန့်ခွဲမှု ပညာရယ်ကတော့ ဘယ်သူမဆို တတ်ထားဖို့ လိုမယ်။ ဒါမှ အများကို ပြန်ကူညီပေးနိုင်စွမ်း ရှိလိမ့်မယ်။

၄။ မတ်ေတာ

ကိုယ်ချင်းစာတရားကို အုတ်မြစ်ချမထားရင် သူက ငွေကို ရတဲ့နည်းနဲ့ ရှာတော့မှာပဲ။ ချမ်းသာချင် ချမ်းသာလိမ့်မယ်။ သို့သော် သူ့ငွေတွေက သွေးတွေ ပေနေမယ်။ မျက်ရည်တွေ စွန်းနေမယ်။အဲ့လိုပဲ ပိုက်ဆံတွေတော့ ရှိလာပြီ။ ပညာတွေလည်း တတ်လာပြီ။ အပေါ်ကနေ မေတ္တာတရားနဲ့ အုပ်မထားရင်လည်း အဲဒီပိုက်ဆံ၊ အဲဒီပညာတွေက သူ့အတွက်၊ သူ့မိသားစုအတွက်၊ သူ ချမ်းသာပြီးရင်း ချမ်းသာဖို့အတွက်ပဲ ဖြစ်နေမှာပဲ။ ဒါကြောင့် တန်ဖိုးရှိတဲ့ လူ့ဘဝတစ်ခု ရဖို့ မေတ္တာတရားဟာလည်း လိုအပ်တယ်။

၅။ စိတ်ဓါတ်သတ္တိ

သတ္တိဆိုလို့ တိုက်ရဲခိုက်ရဲ သတ်ရဲဖြတ်ရဲမှ သတ္တိမဟုတ်ဘူး။ မှန်တဲ့ဘက်က ရပ်တည်ရဲတာ၊ မှန်တာကို လုပ်ရဲတာ၊ ယုံကြည်တဲ့အတိုင်း ပြောရဲတာ၊ မတရားမှုကို လက်သင့်မခံတာတွေဟာလည်း သတ္တိပါပဲ။ ပိုပြီး နူးညံ့ပျော့ပျောင်းတဲ့ သတ္တိမျိုးပေါ့။ ဗုဒ္ဓမြတ်စွာဘုရားဆို သူ့ရဲ့ ဂုဏ်တော်တွေကို ပွားများကြတယ်။ အတုယူကြတယ်။ ကိလေသာကင်းတယ်။ မှန်ရာကိုပဲ ပြောတယ်။ ပူဇော်အထူးကို ခံယူထိုက်တယ် စသဖြင့်ပေါ့။ဒါပေမဲ့ စိတ်ဓါတ်သတ္တိနဲ့ ပတ်သက်လို့လည်း သိပ်အတုယူစရာကောင်းတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဟိုးလွန်ခဲ့တဲ့ နှစ် ၂၅၀၀ ကျော်လောက်က အိန္ဒိယနိုင်ငံမှာ ဇာတ်ခွဲခြားတဲ့ စနစ်က အတော်လေးကို ပြင်းပြင်းထန်ထန် ရှိခဲ့တယ်။ ဇာတ်နိမ့်တဲ့သူဆို ရေတွင်းတောင် အတူသုံးခွင့်မရှိတာမျိုးတွေပေါ့။ အဲဒါကို လူတစ်ယောက်ရဲ့ အဆင့်အတန်းဟာ ဘယ်လိုအမျိုးဇာတ်မှာ မွေးဖွားတယ်နဲ့ မဆိုင်ဘူး၊ သူ့လုပ်ရပ် ကုသိုလ် အကုသိုလ်နဲ့ပဲ ဆိုင်တယ် ဆိုတဲ့ ဟောကြားချက်ဟာ ဘယ်လောက် တော်လှန်တဲ့ အတွေးအခေါ်လဲ။ ဘယ်လောက်တောင် ရိုက်ခတ်သွားမလဲ။ ဘယ်လောက်တောင် ကဲ့ရဲ့ပြစ်တင်သံတွေ ခံခဲ့ရမလဲ စဉ်းစားကြည့်ပါ။ အများက ဒီလိုမို့လို့ ကိုယ်လည်း အဲ့လို လိုက်ပြောမယ်၊ ဒါမှမဟုတ် မဆိုင်သလို အသံတိတ်နေမယ် ဆိုတာမျိုး မလုပ်ခဲ့ဘူး။ အခု တော်လှန်ရေးကာလမှာလည်း ကိုယ့်အလုပ်၊ ကိုယ့်ဘဝအနာဂတ်ကို အဆုံးရှုံးခံပြီး CDM လုပ်ခဲ့ကြတဲ့ ဝန်ထမ်းတွေ၊ ကဏ္ဍအသီးသီးကနေ ပါဝင်နေကြသူတွေအားလုံးဟာ ဒီသတ္တိကြောင့်ပါပဲ။ အိမ်က ဖိအားပေးလို့ဖြစ်ဖြစ်၊ ကိုယ်ပိုင်ဆိုင်ထားတာတွေကို မစွန့်လွှတ်ချင်လို့ဖြစ်ဖြစ်၊ အေးအေးဆေးဆေး နေချင်လို့ဖြစ်ဖြစ် Non-CDM လုပ်တဲ့သူတွေ ရှိတယ်။ သူတို့ဟာ ပညာလည်း တတ်တယ်။ စဉ်းစားဆင်ခြင်နိုင်စွမ်းလည်း ရှိတယ်။ မေတ္တာတရားလည်း ရှိမှာပဲ။ သို့သော် ဒီကာလမှာ မှန်တဲ့ဘက်က မရပ်တည်ရဲဘူး။ စိတ်ဓါတ်သတ္တိ မရှိဘူး။ ဒီတော့ အကြောင်းပြချက်က ဘယ်လိုပဲ ရှိနေပါစေ၊ “ပြည်သူလူထုကို အကြမ်းဖက်နှိပ်စက်နေတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားထဲမှာ ပါဝင်လည်ပတ်ခဲ့တယ်” ဆိုတဲ့ သမိုင်းကတော့ ဘယ်လိုမှ ဖျောက်လို့ မရတော့ဘူး။

ဒါကြောင့် လူတစ်ယောက်ရဲ့ ဘဝကို အဆုံးအဖြတ်ပေးတဲ့၊ တန်ဖိုးရှိမရှိ စစ်ထုတ်ပေးလိုက်တဲ့ နောက်ဆုံးအချက်က စိတ်ဓါတ်သတ္တိလို့ ပြောချင်ပါတယ်။

  • လူဖြစ်ရကျိုးနပ်တယ် ဆိုတဲ့နေရာမှာ တစ်ယောက်နဲ့ တစ်ယောက် သတ်မှတ်ချက်ချင်းတော့ တူမှာမဟုတ်ဘူး။ လူဖြစ်တုန်းခဏ ပျော်မယ် ပါးမယ်၊ စည်းစိမ်ခံစားမယ်၊ ဘယ်လိုနည်းနဲ့ ပိုက်ဆံချမ်းသာချမ်းသာ ပြဿနာ မရှိဘူး၊ ကိုယ့်ကြောင့် ဘယ်သူတွေ ဘယ်လိုဒုက္ခရောက်ရောက် အေးဆေးပဲ ဆိုတဲ့သူတွေလည်း ရှိမှာပါ။

ကျွန်တော့်တစ်ကိုယ်ရည်စာအတွက်တော့

  • ဒီလောကထဲ ကိုယ် ရှင်သန်သွားတဲ့ အချိန်အတွင်းမှာ ကိုယ့်ကြောင့် မျက်ရည်ကျရသူထက် ပျော်ရွှင်ရတဲ့သူ အရေအတွက်က ပိုများနေဖို့၊
  • ကမ္ဘာတို့၊ နိုင်ငံတို့ကို မကယ်တင်နိုင်ရင်တောင် ကိုယ့်ပတ်ဝန်းကျင် အဝန်းအဝိုင်းက လူတွေကို ကူညီပေးနိုင်ဖို့၊
  • ရှင်နေချိန်မှာရော၊ တစ်ချိန် သေသွားတဲ့အခါမှာပါ ကိုယ်နဲ့ ပတ်သက်လို့ ကိုယ့်မျိုးဆက်၊ ကိုယ့်မိသားစုဝင်တွေက ဂုဏ်ယူနေရဖို့၊ ဂုဏ်မယူရ​တောင် မရှက်နေရဖို့ ဆိုတဲ့ ပေတံ ၃ ချောင်းနဲ့ တိုင်းချင်ပါတယ်။

အဲ့လို ရှုထောင့်ကနေ လူဖြစ်ရကျိုးနပ်ချင်တယ်ဆိုရင်တော့ အခုမျှဝေခဲ့တဲ့ အချက် ၅ ချက်နဲ့ အဆင့်ဆင့် တည်ဆောက်ပြီး တန်ဖိုးရှိရှိ နေထိုင်သွားကြဖို့ လိုပါတယ်။

လူဖြစ်ရကျိုးနပ်စေဖို့အကြောင်းကို Dr Phio Thiha facebook page မှ ကူးယူဖော်ပြ ရေးသားထားပါသည်။

ဘဝနေနည်း  သုတ 

openmoreonline

Related Posts