လူတိုင်းအတွက် ဝိပဿနာ

ဒီဘက်နောက်ပိုင်း Meditation (တရားထိုင်တာ) နဲ့ ပတ်သက်လို့ အရေးများလာတော့ စိတ်ဝင်တစားနဲ့ လာမေးကြပါတယ်။ တရားထိုင်ပုံထိုင်နည်းပေါ့။ သူတို့အခြေအနေကျ ပုံမှန်လို ဘေးကင်းရာ၊ ဆိတ်ငြိမ်ရာမှာ ဟုတ်မနေတဲ့အခါ သမာဓိရအောင်၊ စိတ်ငြိမ်အောင် လုပ်ဖို့က အတော်ခက်ပါတယ်။ ​နောက် နာရီဝက်၊ ၄၅ မိနစ် ဆက်တိုက်လည်း ထိုင်ဖို့ မလွယ်ဘူး​ပေါ့။ဒီတော့ အားလုံးအတွက် လွယ်ကူအောင် အခြေခံအကျဆုံး ဝိပဿနာ အားထုတ်နည်းကို မျှဝေချင်ပါတယ်။ ဒီနေ့ နှစ်ဆန်း ၁ ရက်နေ့မှာ ဥပုသ်သီလ ဆောက်တည်ကြတဲ့ မိတ်ဆွေတွေထဲမှာ တရားမထိုင်ဖူးသေးတဲ့သူတွေ ရှိရင်လည်း စမ်းလုပ်ကြည့်နိုင်ပါတယ်။

◾️တရားထိုင်နည်း ၂ မျိုး ရှိပါတယ်။ တစ်မျိုးက သမထ၊ နောက်တစ်မျိုးက ဝိပဿနာပါ။ သမထ က စိတ်တည်ငြိမ်ဖို့ ရည်ရွယ်တယ်။ အာရုံတစ်ခုခုအပေါ် စူးစိုက်ထားရတယ်။ ဥပမာဆို ဝင်လေထွက်လေပေါ့။ အကျိုးကျေးဇူးက စိတ်တွေ ငြိမ်လာတယ်။ အာရုံစူးစိုက်မှုတွေ ကောင်းလာတယ်။ဝိပဿနာရဲ့ ရည်ရွယ်ချက်ကတော့ သဘာဝတရားတွေကို သိမြင်လာဖို့ ဖြစ်ပါတယ်။ စိတ်ရဲ့ သဘာဝတွေ၊ မတည်မြဲခြင်း သဘောတွေ စသဖြင့်ပေါ့။

◾️ဒါဖြင့် ဘယ်လိုလုပ်ရမလဲဆို အောက်က ပုံထဲကအတိုင်း ရှုမှတ်မယ်ဆို ရပါတယ်။ ကျွန်တော်တို့ရဲ့ စိတ်ဆိုတာ ဂစ်တာသံနဲ့ တူပါတယ်။ နဂိုကတည်းက ရှိနေတာ မဟုတ်ဘူး။ ဂစ်တာကြိုးနဲ့ တီးတဲ့သူရဲ့ လက်နဲ့ ထိလိုက်မှ ပေါ်လာတာ။ အဲ့လိုပဲ စိတ်ဆိုတာကလည်း ခန္ဓာကိုယ်မှာ ရှိတဲ့ အာရုံခံစားနိုင်စွမ်းနဲ့၊ ပြင်ပမှာရှိတဲ့ အာရုံ ၆ ပါး ပေါင်းဆုံလိုက်တဲ့အခါမှသာ ဖြစ်လာတာ။ အဲ့လိုဖြစ်လာပြီးရင် ခံစားချက် ဆိုတဲ့ ဝေဒနာ ပေါ်လာတယ်။ ဝေဒနာဆိုလို့ ရောဂါခံစားရတာကိုပဲ ပြောတာ မဟုတ်ဘူး။ ခံစားတွေ့ကြုံမှု မှန်သမျှဟာ ဝေဒနာပဲ။ ဝေဒနာကို ၃ မျိုးခွဲလို့ရတယ်။ နှစ်သက်စရာကောင်းတဲ့ သုခ၊ နှစ်သက်စရာ မကောင်းတဲ့ ဒုက္ခ၊ သုခလည်း မဟုတ်၊ ဒုက္ခလည်း မဟုတ်တဲ့ ခံစားချက် ဆိုပြီး ၃ ခု ရှိတယ်။ အဲဒီဖြစ်စဉ်ကလေးကိုပဲ စိတ်က လိုက်မှတ်နေရုံပဲ။

◾️ဆိုပါတော့။ အချိန်ကလေး ရလို့ တရားထိုင်ကြည့်မယ်။ မျက်စိမှိတ်ထားတဲ့အတွက် အမြင်အာရုံကြောင့် ခံစားမှု မပေါ်ဘူး။ အဲ့လိုပဲ အစားစားမနေတဲ့အတွက်လည်း အရသာကြောင့် ခံစားမှု မပေါ်ဘူး။

• အရင်ဆုံး ပေါ်မှာက အထိအတွေ့။ လေရှူနေတာကိုး။ သမထ က ဝင်တယ် ထွက်တယ် ဆိုပြီး မှတ်တယ်။ အာရုံစိုက်တယ်။ ဝိပဿနာက အခု ပုံမှာ ပါတဲ့အတိုင်း စိတ်ဖြစ်စဉ်၊ စိတ်ရဲ့ သဘာဝတွေကို ရှုတာ။လေ ဆိုတာလေးနဲ့ ကိုယ့်နှာခေါင်းနဲ့ ထိတဲ့အခါ ထိတယ်ဆိုတဲ့ စိတ် ဖြစ်တယ်။ ခံစားချက်ကတော့ သုခလည်း မဟုတ်၊ ဒုက္ခလည်း မဟုတ်တဲ့ Neutral ပဲ။ဂစ်တာကြိုးနဲ့ လက်နဲ့ ထိလိုက်တဲ့အခါ အသံထွက်လာသလိုပဲ။ လေနဲ့ နှာခေါင်းနဲ့ ထိလိုက်တဲ့အခါတိုင်းမှာ ထိတယ်ဆိုတဲ့ စိတ်ကလေး ပေါ်လာပါလား။ဂစ်တာသံက ဂစ်တာထဲမှာ မရှိသလို၊ ပေါ်လာပြီးရင်လည်း ခဏလေးနဲ့ ပျောက်သွားတယ်။ ဘယ်ရောက်သွားတယ်ရယ်လည်း မရှိဘူး။ ပျောက်ကိုသွားတာ။ အဲ့လိုပဲ၊ စိတ်ဆိုတာလည်း နဂိုကတည်းက ရှိတာ မဟုတ်သလို တစ်နေရာရာ ရောက်သွားတာလည်း မဟုတ်ဘူး။ ပေါ်လိုက် ပျောက်သွားလိုက် ဖြစ်နေတာပဲ လို့ ရှုနေမယ်။

• အဲ့လိုကနေ ခွေးဟောင်သံဖြစ်ဖြစ်၊ ထုရိုက်သံဖြစ်ဖြစ် ကြားလိုက်မယ်။ ဒီအသံနဲ့ နားနဲ့ ထိတဲ့အခါ ကြောက်စိတ် ပေါ်လာမယ်။ ဒုက္ခဝေဒနာပေါ့။ အဲဒါလေးကို မှတ်မယ်။

• အနံ့ဆိုးတစ်ခုခု ရမယ်။ ဒီအနံ့နဲ့ နှာခေါင်းနဲ့ ထိတဲ့အခါ နံတယ်ဆိုတဲ့ စိတ်ကလေး ဖြစ်မယ်။ ဝေဒနာက ဒေါသပဲ။ ပန်းနံ့၊ အမွှေးနံ့ဆိုရင်တော့ နှစ်သက်တယ် ဆိုတဲ့ သုခပေါ့။

• ထိုင်နေတုန်း ပူအိုက်တော့ ချွေးတွေ ထွက်နေမယ်။ ချွေးစက်တွေနဲ့ ခန္ဓာကိုယ်နဲ့ ထိတာကို သိပေး။

• အဲ့အချိန် လေကလေး တိုက်လိုက်တဲ့အခါ အေးသွားတယ်။ သုခဝေဒနာလေး ဖြစ်သွားတယ်။ ဒါဆိုလည်း သိပေး။

• အဲ့လိုရှုမှတ်နေရင်းကနေ အတွေးက အနာဂတ်ကို ရောက်သွားမယ်။ အနာဂတ် ဆိုတဲ့ တွေးစရာနဲ့ ကိုယ့်စိတ်ကူးနဲ့ ပေါင်းလိုက်တဲ့အခါ စိတ် ပေါ်လာမယ်။ ပူပန်တယ်ဆိုပြီး ဖြစ်ရင် ဒုက္ခ။ မနက်ဖြန် ကိုယ့်ကို ဘယ်သူက ဘာလက်ဆောင်ပေးမှာ ဆိုပြီး တွေးမိရင်ကျ သုခ။ အဲ့ဒါတွေကိုလည်း သိသိပေး။ဒါဆို အသံနည်းနည်း ဆူနေလည်း ရတယ်။ ပတ်ဝန်းကျင်မှာ လူတွေရှိနေလည်း တရားရှုမှတ်လို့ ရသွားမယ်ပေါ့။ တဖြည်းဖြည်းနဲ့ စိတ်ရဲ့ ဖြစ်စဉ်တွေကို သိလာတဲ့အခါ မမြဲခြင်းသဘောကို မြင်လာမယ်။ စိတ်တွေကို ပိုနားလည်လာမယ်။ သုခဖြစ်လို့ နောက်က လိုက်လာတဲ့ တပ်မက်မှုတွေ နည်းသွားမယ်။ ဒုက္ခဖြစ်တဲ့အခါ ပေါ်လာတဲ့ ဒေါသတွေကို ထိန်းနိုင်လာလိမ့်မယ်။

• အဲ့လို ထိုင်မနေနိုင်ဘူးလား။ ရသေးတယ်။ ထမင်းစားတယ် ဆိုပါတော့။ ဒီထမင်းနဲ့ ကိုယ့်လျှာနဲ့ ထိတဲ့အခါ စိတ်ကလေး ပေါ်လာတယ်။ ကြိုက်တဲ့အရသာဆို သုခ။ မကြိုက်ဘူးဆို ဒုက္ခ။ သုခဆို ထပ်ထပ်စားချင်တဲ့ တဏှာလောဘ ဖြစ်မယ်။ မကြိုက်တဲ့ ဒုက္ခဆို မစားချင်တော့ဘူး ဆိုတဲ့ ဒေါသဖြစ်မယ်။ အဲဒါတွေကို သိသိပေး။

• ရေချိုးတယ်။ ရေနဲ့ ကိုယ့်ခန္ဓာကိုယ်နဲ့ ထိတဲ့အခါ အေးသွားတယ်။ သုခဆိုတဲ့ ခံစားချက်ကလေး ပေါ်လာမယ်။ အဲဒါကို သိအောင် လုပ်နေရုံပဲ။

• ဖေ့စ်ဘွတ်သုံးနေရင်းလည်း ဆင်ခြင်ကြည့်နေလို့ ရတယ်။ ကိုယ်က အင်တာနက်တောင် မနည်းသုံးနေရတယ်။ ဖေ့စ်ဘွတ်လည်း ကြည့်လိုက်​ရော ပျော်ပါးနေကြတဲ့သူတွေရဲ့ ပုံကို မြင်မယ်။ ဒီပုံနဲ့ ကိုယ့်မျက်စိနဲ့ တိုက်တဲ့အခါ မြင်တယ်ဆိုတဲ့ စိတ်ဖြစ်မယ်။ ဒေါသပေါ်လာမယ်။ ဒါကို သတိထားမိလာတဲ့အခါ ဒေါသတွေကြောင့် မပူလောင်ရတော့ဘူး​ပေါ့။

◾️ဒါကြောင့် ဝိပဿနာ အားထုတ်တယ်ဆိုတာ Every time, Everywhere, Everyone ဘယ်သူမဆို ဘယ်နေရာမှာဖြစ်ဖြစ် အချိန်တိုင်း လုပ်နေလို့ ရပါတယ်။ အချိန်ရလို့ ထိုင်ပြီးပဲ မှတ်မှတ်၊ သွားလာလှုပ်ရှားနေရင်းပဲ မှတ်မှတ် အားထုတ်နေလို့ ရတယ်။ ဒါကို လုပ်ဖို့ ဗုဒ္ဓဘာသာဝင် ဖြစ်စရာလည်း မလိုပါဘူး။ ထိုင်နိုင်တယ်ဆိုရင်တော့ တစ်နေ့ ၁၅ မိနစ်၊ နာရီဝက် ရသလောက် ထိုင်ပါ။ အဲ့လိုကြီး အချိန်ပေး မထိုင်နိုင်ဘူး၊ အခြေအနေအရ ထိုင်ဖို့ အဆင်မပြေဘူးဆိုလည်း ရတယ်။ လမ်းလျှောက်ရင်းနဲ့ မှတ်လည်း ဖြစ်တယ်။ စစ်ဘေးရှောင်တွေအတွက် ချက်ပြုတ်ပေးနေတုန်း မှတ်လည်း ရတယ်။ဒီတော့ စိတ်အေးချမ်း ကြည်လင်လိုတယ်ဆိုရင် အခု ကျွန်တော် ပြောထားသလောက်လေးကိုပဲ စမ်းလုပ်ကြည့်ပါ။ ဒီနေ့ကို ဥပုသ်ယူထားတယ်ဆိုလည်း တနေကုန် ခုပြောတဲ့အတိုင်း အမှတ်သတိလေးနဲ့ ကြိုးစားနေထိုင်ကြည့်ပါ။ တဖြည်းဖြည်းနဲ့ စိတ်တွေ တည်ငြိမ်လာတာ၊ ကြည်လင်လာတာ၊ ခိုင်မာလာတာကို လက်တွေ့ခံစားရပါလိမ့်မယ်။

လူတိုင်းအတွက် ဝိပဿနာ အကြောင်းကို Dr Phio Thiha facebook page မှ ကူးယူဖော်ပြ ရေးသားထားပါသည်။

ဘဝနေနည်း  သုတ 

openmoreonline

Related Posts