တရားထိုင်နည်း အမျိုးမျိုး

ပထမဦးဆုံး စပြောလိုတာက တရားထိုင်တာကို ဘာသာရေးကိစ္စ၊ လူကြီးတွေမှ လုပ်ရမဲ့ကိစ္စ၊ ဗုဒ္ဓဘာသာဝင်တွေနဲ့ပဲ ဆိုင်တဲ့ကိစ္စလို့ မြင်နေတာတွေကို ရပ်လိုက်ဖို့ပါ။ ဘယ်သူမဆို လုပ်လို့ ရသလို ၂၁ ရာစုရဲ့ လူနေမှုပုံစံတစ်ခုလည်း ဖြစ်လာပါပြီ။ ဒီနေ့ခေတ်ရဲ့ အပြိုင်အဆိုင်များမှု၊ ရုပ်ဝတ္တုတွေ တိုးတက်လာမှု၊ မရေရာ မသေချာမှုတွေကြားမှာ ရုန်းကန်နေရသူတွေအဖို့ စိတ်တွေ ကျန်းမာနေဖို့ဟာ သိပ်အရေးကြီးလာပါတယ်။ အခုလို မတရား အာဏာသိမ်းခံရပြီး အနာဂတ်တွေ ​ဝေဝါးနေတဲ့ ကျွန်တော်တို့အတွက်တော့ ပိုတောင်မှ လိုအပ်လိမ့်ဦးမယ်ပေါ့။

ဒီဆောင်းပါးက တစ်ခါမှ တရားမထိုင်ဖူးသေးတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။ နည်းအမျိုးမျိုး ရေးထားပေးတာမို့ ကိုယ်နဲ့ ကိုက်တဲ့နည်းကို သုံးနိုင်ပါတယ်။

၁။ ဝင်လေထွက်လေ မှတ်ခြင်း

အာနပါနလို့ ခေါ်တဲ့ နည်းပါ။ နေ့စဉ်နဲ့အမျှ စက္ကန့်မလပ် အသက်ရှူနေကြပေမဲ့ ကိုယ်ရှူလို့ ရှူနေမှန်းတောင် သတိမထားမိကြဘူး။ ဒီအတွက် ကိုယ့်စိတ်တွေကို ဘယ်မှ မရောက်စေဘဲ နှာသီးဖျားလေးမှာပဲ ထားပြီး ရှုမှတ်တဲ့ နည်းပါ။ ဝင်ရင် ဝင်တယ်၊ ထွက်ရင် ထွက်တယ်၊ သိနေဖို့ပါပဲ။ စိတ်တွေ လွင့်သွားလိမ့်မယ်။ လွင့်ပါစေ။ သတိလေးကပ်ပြီး နှာသီးဖျားဆီ ပြန်ပို့။ ပြန်လွင့်လိမ့်ဦးမယ်။ ရတယ်။ ပြဿနာ မရှိဘူး။ နှာသီးဖျားဆီ ပြန်ပို့။ တဖြည်းဖြည်းနဲ့ စိတ်လွင့်တာတွေ သက်သာလာတာ တွေ့ရပါလိမ့်မယ်။

၂။ တစ်ခုခုအပေါ် အာရုံစိုက်ထားခြင်း

ဥပမာ အသက်ရှူတဲ့ အကြိမ်အရေအတွက်ကို ရေတာ၊ ဖယောင်းတိုင်မီးကို စိုက်ကြည့်တာ၊ ဒါမှမဟုတ် Meditation music လေး ဖွင့်ထားပြီး အဲ့သီချင်းသံလေးပေါ်မှာပဲ စိတ်ကို ညွှတ်ထားတာ စသဖြင့် လုပ်လို့ ရပါတယ်။ အပေါ်က ဝင်လေထွက်လေ မှတ်တာနဲ့ သဘောချင်း တူတူပါပဲ။ သို့သော် အဲ့လို မှတ်ရခက်တယ်ဆို တခြားအာရုံတစ်ခုခုအပေါ်မှာ စူးစိုက်လို့ ရပါတယ်။

၃။ လှုပ်ရှားမှုတွေကို သတိကပ်ထားခြင်း

ယောဂလေ့ကျင့်တာ၊ လမ်းလျှောက်တာ၊ အဲ့လိုအချိန်တွေမှာ ကိုယ့်ရဲ့ လက်ကလေး အကွေး အဆန့်၊ ခြေထောက် အမြှောက် အချ စသဖြင့် လှုပ်ရှားမှုတွေကို သတိနဲ့ မှတ်နေတာမျိုး ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာ ပြောတဲ့ ကာယာနုပဿနာ ဆိုတဲ့အထဲ ဒီနည်းလည်း ပါတယ်ပေါ့။ တရားစခန်းတွေမှာ ဖြည်းဖြည်းမှန်မှန်လေး လမ်းလျှောက်ပြီး တရားမှတ်နေကြတာ မြင်ဖူးကြမယ် ထင်ပါတယ်။

၄။ ဘုရားကို အာရုံပြုခြင်း

Spiritual meditation လို့ ခေါ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအတွက်ဆို ဗုဒ္ဓနုဿတိ ပွားတာပေါ့။ ဗုဒ္ဓရဲ့ ဂုဏ်တော်တွေကို စိတ်ထဲကနေ အာရုံပြုတာ။ ဥပမာ အရဟံဆို ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား၊ ဆိတ်ကွယ်ရာ နေရာမှာတောင် မဟုတ်တာ မလုပ်ဘူး၊ သုဂတောဆို ကောင်းတဲ့ စကားတွေကိုပဲ ပြောတယ် စသဖြင့် ကိုယ် ကြည်ညိုလေးစားရတဲ့ ဂုဏ်တွေကို စိတ်ထဲ ပုံဖော်နေတာမျိုးပါ။

တခြားဘာသာဝင်တွေဆိုလည်း ဘုရားသခင်ရဲ့ ကျေးဇူးတော်၊ သူ့ရဲ့ ချစ်ခြင်းမေတ္တာတွေ၊ ကယ်တင်မှုတွေကို စိတ်ထဲကနေ ကြည်ညိုမှုနဲ့ တွေးနေလို့ ရမယ်ထင်ပါတယ်။

၅။ Body scan ဖတ်ခြင်း

ကိုယ့်ခန္ဓာကိုယ်ကို ခေါင်းအစ ခြေအဆုံး အပိုင်းလိုက် အပိုင်းလိုက် ခွဲပြီး ဝေဒနာဆိုတဲ့ တွေ့ကြုံခံစားမှုတွေကို အာရုံစိုက်တဲ့နည်းပါ။ ဆရာကြီး ဂိုအင်ကာရဲ့ တရားစခန်းတွေမှာ သုံးတဲ့နည်းလို့ သိထားပါတယ်။ အပိုင်းလိုက် ဆိုတဲ့နေရာမှာ ကိုယ့်စိတ်က တအားကြီး မထက်မြက်သေးရင် ခေါင်းဖြင့်ခေါင်း၊ မျက်နှာဖြင့်မျက်နှာ စသဖြင့် မှတ်လို့ ရပါတယ်။ ဝေဒနာပေါ်တဲ့နေရာကို တန်းမှတ်တာမျိုး မဟုတ်ဘဲ ခေါင်းကနေ ခြေထောက်ထိ၊ သို့မဟုတ် ခြေထောက်ကနေ ခေါင်းအထိ၊ အစဉ်လိုက် မှတ်တာမျိုးပါ။ ကိုယ် နာရီဝက် တရားထိုင်မယ်ဆို နာရီဝက် မပြည့်မချင်း တစ်ကျော့ပြီးတစ်ကျော့ မှတ်နေဖို့ပါပဲ။

ဝေဒနာဆိုလို့ နာကျင်မှ မဟုတ်ပါဘူး။ တွေ့ကြုံခံစားရတဲ့ Experience ကို ပြောတာဖြစ်လို့ ချွေးတွေ ထွက်နေတာလည်း ဝေဒနာပဲ။ လေတိုက်လို့ အေးခနဲ ဖြစ်သွားတာလည်း ဝေဒနာပဲ။ ကြွက်သားတွေ တောင့်တင်းလာတာလည်း ဝေဒနာပဲ။ စစချင်းဆို စိတ်က ထုံနေသေးတော့ တော်တော်ပြင်းထန်တဲ့ ဝေဒနာမျိုးမှ သိတယ်။ နောက်ပိုင်းကျ အကြောတွေ တင်းချင်သလို ဖြစ်နေတာ၊ နှုတ်ခမ်းခြောက်နေတာလေးတွေကအစ သိလာပါလိမ့်မယ်။

၆။ မေတ္တာပို့ခြင်း

အတွေ့အကြုံအရ တစ်လောကလုံးကို ခြုံပြီး မေတ္တာပို့တာအစား ကိုယ်ချစ်တဲ့သူ၊ ကိုယ့်အပေါ် ကျေးဇူးပြုဖူးတဲ့သူတွေကနေ စပို့ပါ။ ပြီးမှ ဆွေမျိုး၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်။ နောက်ကျ၊ ဘေးဒုက္ခ ရောက်နေရသူတွေ စသဖြင့် အဆင့်ဆင့် ပို့သွားပါ။ အဓိကက ကိုယ့်စိတ်မှာ မေတ္တာတရားတွေ ပိုပြီး တည်ရှိနေဖို့ ဖြစ်ပါတယ်။ ဒါမှသာ ဘာပဲလုပ်လုပ် မေတ္တာရှေ့ထားပြီး လုပ်တတ်လာမယ်။ ပြောဖြစ် ဆိုဖြစ်လာမယ်။ ဆက်ဆံရေးတွေ အဆင်ပြေလာမယ်။ တော်လှန်ရေးကိုတောင် မေတ္တာတရားနဲ့ လုပ်နိုင်လာမယ်။

ခွေ့မလို့ ရောက်လာတဲ့ကျွဲက ကိုယ့်မေတ္တာအစွမ်းကြောင့် မခွေ့တော့ဘဲ လှည့်ထွက်သွားတယ် ဆိုတာမျိုး ကျွန်တော်တို့ အဆင့်နဲ့ ဖြစ်ဖို့ ခက်ပါတယ်။ ဒါကြောင့် မေတ္တာပို့ရင် ငါ ဘေးအန္တရာယ် မဖြစ်ဖို့၊ ငါ လူချစ်လူခင်ပေါဖို့ ဆိုတဲ့ အတ္တကို ဖယ်ပါ။ ကိုယ့်ကိုယ်ကိုယ်လည်း မညာပါနဲ့။ တကယ်ကို ကောင်းစေချင်တဲ့ စိတ်နဲ့ ပို့ပါ။ ကိုယ့်ကို မုန်းနေတဲ့သူ ပြန်ချစ်လာအောင်၊ အကြွေးမဆပ်တဲ့သူ ဆပ်ချင်စိတ် ဖြစ်လာအောင် ဆိုပြီးလည်း မေတ္တာမပို့ပါနဲ့။ အကျိုးမရှိပါဘူး။ ဒီအတွက်လည်း မေတ္တာပို့တဲ့သူဟာ ‘ဥဇူစ၊ သုဟုဇူစ’ ရိုးသားဖို့လိုတယ်၊ အလွန်ရိုးသားဖို့ လိုတယ် ဆိုပြီး ဗုဒ္ဓက ဟောခဲ့တာ ဖြစ်ပါတယ်။

၇။ စိတ်ကူးပုံဖော်ခြင်း

ကိုယ်ဖြစ်ချင်တာတွေ၊ အနာဂတ်မှာ လုပ်ချင်တာတွေ၊ ဒါမှမဟုတ် လိုချင်တဲ့ မိသားစုဘဝလေး စတာတွေကို ကြည်ကြည်နူးနူးနဲ့ စိတ်ကူးပုံဖော်တာ ဖြစ်ပါတယ်။ ထိုင်လျက်နဲ့ မဟုတ်တောင် တစ်ခါတလေ စိတ်တွေ ပင်ပန်းတဲ့အချိန်ဆို အဲ့လိုပဲ စိတ်ကူးယဉ်တတ်ကြတယ်မို့လား။ ငါ တစ်ယောက်တည်း အိမ်ခွဲနေရရင် ဘယ်လိုလေး နေမယ်၊ ငါ့မိသားစုကို ဘယ်လိုပုံစံလေး တည်ဆောက်မယ်၊ ကျွန်တော်ဆို ဗုဒ္ဓရဲ့ Mind-centered teaching တွေကို နောင်တစ်ချိန်ကျ ဗုဒ္ဓဘာသာဝင်မှ မဟုတ်ဘူး၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဘာသာမဲ့၊ ဘယ်သူပဲ ဖြစ်ဖြစ် လာနားထောင်လို့ ရအောင် မျှဝေမယ် ဆိုတာမျိုး စိတ်ကူးယဉ်တယ်။ ဒါကြောင့် တရားထိုင်ဖို့ တခြားနည်းတွေက ခက်နေသေးတယ်ဆို ဒါလေးနဲ့လည်း အလွယ်တကူ စကြည့်လို့ ရပါတယ်။

၈။ အသုဘ ဘာဝနာ

ဒါကတော့ ကိုယ့်ခန္ဓာကိုယ်ရဲ့ မတင့်တယ်မှုတွေ၊ ရွံစရာကောင်းတာတွေကို ဆင်ခြင်တာ ဖြစ်ပါတယ်။ ဒီခေတ်က သိပ်လွယ်သွားပြီ။ အင်တာနက်မှာ ကိုယ်တွင်းကလီစာတွေနဲ့ ပုံကို ရှာလိုက်။ အပေါ်ယံသာ six packs ဘာညာနဲ့ လှနေတာ။ အတွင်းထဲက ရွံစရာတွေချည်းပဲ။ နောက်ဆုံး Zombie ကားတွေ ကြည့်ဖူးကြတာပဲ။ ဗိုက်ထဲက အူတွေထွက်လာတာ မြင်ရင် ဘယ်လိုနေတုံး စဉ်းစားကြည့်ပေါ့။ နောက် ခန္ဓာကိုယ်က အညစ်အကြေးတွေ၊ ချွေး၊ ဆီး၊ ဝမ်း၊ သလိပ် စသဖြင့် ဒါတွေကို ဆင်ခြင်ကြည့်လို့ ရတယ်။

အထူးသဖြင့် တဏှာရာဂ များတဲ့သူတွေ လုပ်သင့်တယ်လို့ ဆိုပါတယ်။ ဖုန်းထဲမှာ မင်းသား မင်းသမီးပုံ၊ အဖော်အချွတ် မော်ဒယ်တွေရဲ့ပုံ အများကြီး save ထားလေ့ ရှိသူများ အဲ့လိုစိတ်တွေ နည်းသွားချင်တယ်ဆို လုပ်လို့ ရပါတယ်။

၉။ မရဏနုဿတိ

ကိုယ်မြင်ဖူးတဲ့ အသုဘ အခမ်းအနားတွေ၊ ကိုယ့်အမျိုးအဆွေတွေ ဆုံးပါးတုန်းက မြင်ကွင်းတွေ ပုံဖော်လို့ ရတယ်။ တစ်ဆင့်ထပ်တက်ရင် ကိုယ်ချစ်တဲ့သူတွေကို မြင်ယောင်ကြည့်၊ ကိုယ်ဆုံးပါးသွားလို့ မိသားစုဝင်တွေ ငိုနေကြတာမျိုးကို မြင်ယောင်ကြည့်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ လူတိုင်း ဒီလမ်း သွားရမှာပါလားဆိုတာကို သတိရနေဖို့ ဖြစ်ပါတယ်။ ဒီအခါ မာန်မာနတွေ လျော့သွားမယ်။ ပစ္စည်းဥစ္စာနဲ့ လူတွေအပေါ် တပ်မက်တာတွေရော၊ မုန်းတီးတာတွေရော နည်းသွားမယ်။ အချိန်ကို အကျိုးရှိရှိ သုံးဖြစ်လာမယ်။ ဒါကြောင့် မရဏ ဆိုလို့ စိတ်ညစ်စရာကြီး မထင်ပါနဲ့။ လက်တွေ့ဘဝမှာလည်း အကျိုးရှိစေပါတယ်။

ဒီနည်း ၉ ခုကတော့ ခုမှ တရားစထိုင်ကြည့်ချင်တယ် ဆိုတဲ့သူတွေအတွက် ရည်ရွယ်ပြီး မျှဝေလိုက်တာပါ။ လူဆိုတာ အကြိုက်မတူသလို၊ လိုအပ်ချက်ချင်းလည်း မတူပါဘူး။ ဥပမာ သိပ်ပြီး ဒေါသထွက်လေ့ မရှိတဲ့သူ၊ ဘယ်သူ့ကိုမဆို မေတ္တာထားပြီး ဆက်ဆံတတ်တဲ့သူက မေတ္တာဘာဝနာ လုပ်ဖို့ လိုချင်မှ လိုမယ်။ အဲဒီအစား စိတ်ပျံ့လွင့်မှု များနေတယ်ဆို ဝင်လေထွက်လေ မှတ်တာ ပိုကောင်းမယ်။ နောက်ပြီး ကိုယ်လက်ရှိ ဖြစ်နေတဲ့ စိတ်အခြေအနေပေါ် မူတည်ပြီးလည်း လုပ်လို့ရတယ်။ တစ်ခါတလေ စိတ်တွေ တအားရှုပ်ထွေးလွန်းလို့ ဘယ်လိုမှ ဝင်လေထွက်လေအပေါ် အာရုံမစိုက်နိုင်ဘူးဆို အဲ့ညမှာ မေတ္တာပွားတာ၊ ဘုရားဂုဏ်တော်ကို အာရုံပြုတာ စသဖြင့် လုပ်လိုက်လို့ ရပါတယ်။

အပြုအမူတစ်ခုဟာ ၂၁ ရက်ဆက်တိုက် လုပ်ပြီးသွားရင် အကျင့် ဖြစ်သွားပြီလို့ ဆိုကြပါတယ်။ အတင်းလုပ်ယူနေရတာမျိုး မဟုတ်တော့ဘဲ သူ့အလိုလိုကို လုပ်ဖြစ်လာလိမ့်မယ်။ ဒါကြောင့် ၂၁ ရက် မပျက်မကွက် တရားထိုင်ကြည့်ပါ။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတင်မက စွမ်းဆောင်ရည်၊ လူမှုဆက်ဆံရေး၊ အာရုံစူးစိုက်နိုင်စွမ်း စတဲ့ အပိုင်းတွေမှာပါ တကယ်ကို သိသိသာသာ တိုးတက်အဆင်ပြေလာတာ တွေ့ရပါလိမ့်မယ်။

တရားထိုင်နည်း အမျိုးမျိုး အကြောင်းကို Dr Phio Thiha facebook page မှ ကူးယူဖော်ပြ ရေးသားထားပါသည်။

ဘဝနေနည်း 

openmoreonline

Related Posts