တိုးတက်ရေး

လုပ်ငန်းတွေ ထူးထူးကဲကဲ တိုးတက်ရေး

အခြေခိုင်မာပြီးသား စီးပွားရေးလုပ်ငန်းကုမ္ပဏီတွေဟာ မိမိတို့ဆောင်ရွက်လုပ်ကိုင်နေတဲ့ စီးပွားရေးဘဏ္ဍမှာ ရှေ့ကနေပြီး တိုးတက်နှုန်းရဖို့ ကြိုးစားလေ့ရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဆောင်ရွက်နေတဲ့ ကဏ္ဍဟာ တိုးတက်မှုနှုန်း နှေးကွေးသွားလို့ဖြစ်နိုင်သလို အပြိုင်အဆိုင်တွေ သိပ်များလွန်းလာလို့လည်းဖြစ်နိုင်တယ်။ ဒါမှမဟုတ် တိုးချင်တဲ့ စိတ်အားကြီးနေလို့လည်း ဖြစ်နိုင်တယ်။ သူတို့ပြိုင်ဘက်တွေကိုပဲ အတတ်နိုင်ဆုံး အကျိုး ရှိအောင် များများအသုံးပြုခြင်းနဲ့ အမြတ်အစွန်းရသင့်သလောက် ရအောင် လုပ်ခြင်းစတဲ့ မိမိတို့ရဲ့ ပြိုင်ဘက်တွေရဲ့ လုပ်နည်းလုပ်ဟန်အတိုင်း လုပ်ကိုင် ဖို့ လိုတယ်ဆိုတာ ဒီကုမ္ပဏီတွေ သဘောပေါက်လာကြပြီ။ တိုးတက်နှုန်း တက်လာဖို့ နောက်တစ်နည်းကတော့ အမြတ်အစွန်းရစေနိုင်တဲ့နည်းတွေကို အခြေခံကစပြီး ကြံဆဖော်ထုတ်သွားဖို့နဲ့ ပိုမိုကောင်းမွန်တဲ့လုပ်နည်းလုပ် ဟန်တွေကိုပြောင်းပြီးလုပ်ဖို့ပါပဲ။ အဲဒီလိုလုပ်ရင်း စီးပွားရေးလုပ်ငန်း တိုးတက်မှုနှုန်းရရှိအောင် ဆောင်ရွက်ခြင်းဖြစ်တယ်။


အယူအဆ
    စီးပွားရေးလုပ်ငန်းကျောင်းက ပါမောက္ခတွေဖြစ်ကြတဲ့ Rita Gunther McGrath နဲ့ Ian C.MacMillan တို့ဟာ လုပ်ငန်းမျိုးစုံပါဝင်တဲ့ စီးပွားရေး လောကထဲက ကုမ္ပဏီတွေ ထူးခြားတဲ့လုပ်ငန်းတိုးတက်မှုတွေ ဘယ်လိုရရှိ ခဲ့ကြသလဲဆိုတာ မီးမောင်ထိုးပြထားတာရှိတယ်။ Marketbusters: 40 strategic Moves That Drives Exceptional Business Growth ဆိုတဲ့ စာအုပ်မှာကြည့်ပါ။ အဓိကကတော့ ကိုယ်လုပ်နေတဲ့လုပ်ငန်းကို ပြန်လည် သုံးသပ်ပြင်ဆင်ဖို့ပါပဲ။ ကိုယ့်ပြိုင်ဘက်တွေနဲ့မတူတဲ့အမြင်သစ်တွေသုံးပြီး အမြတ်အစွန်းတွေ ရနိုင်တဲ့နည်းလမ်းတွေကို ရှာဖို့ဖြစ်တယ်။ ဆုတ်သာတက်သာ လုပ်တတ်ကိုင်တတ်ဖို့နဲ့ တီထွင်ကြံဆတတ်ဖို့ကတော့ မရှိမဖြစ်ပါ။ ဖောက်သည်တွေက ဘာကိုတန်ဖိုးထားကြသလဲ၊ ဘာကိုလိုလားနေကြ သလဲဆိုတာလည်း သိဖို့လိုတယ်။
    Cemex ဆိုတဲ့ မက္ကဆီကိုနိုင်ငံက ကုန်ပစ္စည်းအရောင်းအဝယ်လုပ်တဲ့ လုပ်ငန်းသေးသေးဟာ အမြတ်အစွန်းတွေရနိုင်တဲ့နည်းတွေကို အောက်ခြေကစပြီး ပြန်လည်ဆန်းစစ်ပြီး ဆောင်ရွက်ခဲ့တဲ့အတွက် ကမ္ဘာမှာ အကြီးမားဆုံး ဘိလပ်မြေလုပ်ငန်းကုမ္ပဏီတွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။ ကမ္ဘာ တစ်လွှား သူရဲ့ပြိုင်ဘက်တွေဖြစ်ကြတဲ့ Holcim နဲ့ Lafarge တို့ထက် ရှယ်ယာတန်ဖိုး၊ အသားတင်အမြတ်ငွေနဲ့ ရင်းနှီးထားတာတွေ အကျိုးရှိမှုဆိုတဲ့ ကိစ္စတွေမှာ သာလွန်နိုင်ခဲ့တယ်။
    Cemex ဟာ အစတုန်းက ကွန်ကရစ်တွေကို ကိုက်တန်နဲ့တိုင်းပြီး ရောင်းနေခဲ့ရာက နောက်ပိုင်းအချိန်မီပို့ပေးတဲ့နည်းကိုသုံးပြီး ရောင်းတယ်။ အိမ်တိုင်ရာရောက်ပို့ပေးတာဟာ ဖောက်သည်တွေအတွက် အရေးပါတဲ့ကိစ္စ ဖြစ်တယ်။ လိုချင်သလောက်ကို လိုချင်တဲ့အချိန်မှာ ပို့ပေးစေချင်တဲ့နေရာကို အရောက်ပို့ပေးတော့ အလုပ်လုပ်ရင်း ထိုင်စောင့်နေစရာ မလိုတော့တဲ့အပြင်  ကွန်ကရစ်လဲ အလေအလွင့်မဖြစ်တော့ဘူး။ ဒါ့အပြင် ဒစ်ဂျစ်တယ်နည်း ပညာသုံးပြီး ပို့ရမယ့်နေရာနဲ့ ကုန်တင်ကားတွေ စေလွှတ်ရေးကိစ္စတွေကို စီမံ ခန့်ခွဲပေးတယ်။ အခုအခါ Cemex ဟာ GPS စနစ်ကိုသုံးပြီး အသင့်လုပ်ပြီး သား ဘိလပ်မြေကို မိနစ် ၂၀ အတွင်း အရောက်ပို့ပေးဖို့ အာမခံနိုင်ပြီ။


လက်တွေ့ဆောင်ရွက်ရန်
    Cemex ရဲ့ အောင်မြင်မှုဟာ သူ့ရဲ့လုပ်ငန်းကဏ္ဍအသီးသီးမှာ လုပ်နည်းလုပ်ဟန်တွေ အပြောင်းအလဲလုပ်ခဲ့တဲ့အပေါ်မှာ အခြေခံထားတာ ဖြစ်တယ်။ ကတိကဝတ်ပြုထားတဲ့အတိုင်း ဆောင်ရွက်နိုင်ရေး၊ ဖောက်သည် တွေ ကျေနပ်အောင် ဆောင်ရွက်ပေးရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ထိထိရောက်ရောက်ဖြစ်ရေးဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး လုပ်သင့် လုပ်ထိုက်တာတွေ ကြိုတင်ပြီး လုပ်ကိုင်ဆောင်ရွက်ထားနိုင်ခဲ့တယ်။ အောက်ဖော်ပြပါနည်းတွေကိုသုံးရင် လုပ်ငန်းတွေ ထူးထူးကဲကဲ အောင်မြင် တိုးတက်လာနိုင်ပါတယ်။
    ဖောက်သည်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရာမှာ အရင် ကလို မဟုတ်ဘဲ ဆန်းသစ်တီထွင်ပေးပါ။ ဥပမာအားဖြင့် Microsoft ဟာ ရုံးသုံးဆော့ဖ်ဝဲတစ်ခုကို တီထွင်လိုက်တော့ သူတို့လုပ်ငန်းနဲ့ ပတ်သက်ပြီး ဘာပဲပြောကြပြောကြ၊ အဲဒီဆော့ဖ်ဝဲလ်ဟာ လက်နှိပ်စက်ထက်တော့ သာတာအမှန်ပါပဲ။
    ကုန်ပစ္စည်းပဲဖြစ်ဖြစ်၊ ဝန်ဆောင်မှုပဲဖြစ်ဖြစ် ဖောက်သည်တွေ အကြိုက် ဖြစ်အောင်ဆောင်ရွက်ပေးပါ။ အဲဒီလိုလုပ်နည်းတွေထဲက တစ်ခုကတော့ ပြိုင်ဘက်ဈေးတွေနဲ့မတူအောင် ကိုယ့်ပစ္စည်းကို သုံးမျိုးသုံးစား ခွဲခြားမှု ပြုထားဖို့ပါပဲ။ အခြေခံလိုအပ်ချက်တွေပဲပါတဲ့ပစ္စည်း၊ သူများနဲ့ မတူအောင် ပြုလုပ်ထားတဲ့ ပစ္စည်းနဲ့ ထူးထူးခြားခြားပြုလုပ်ထားတဲ့ပစ္စည်းဆိုတဲ့ ပစ္စည်း သုံးမျိုးပေါ့။
    ကိုယ့်လုပ်ငန်းတွေ ဘယ်လောက်အောင်မြင်သလဲဆိုတာ သိရအောင် တွက်ချက်စဉ်းစားရာမှာ အကျုံးဝင်တဲ့ တွက်ချက်စဉ်းစားနည်းတွေကို လိုအပ် သလိုပြောင်းပေးပါ။ ဖောက်သည်တွေရဲ့အကျိုးကို ဆောင်ရွက်ရာမှာ ပိုကောင်းဖို့ဖြစ်တယ်။
    လုပ်ငန်းရဲ့ သဘောသဘာဝကို ပြန်လည်သုံးသပ်ပြင်ဆင်ပါ။ ဥပမာ အားဖြင့် တချို့သောရှေ့နေတွေဟာ မိမိတို့သုံးရတဲ့အချိန်ကိုလိုက်ပြီး အခ ကြေးငွေယူတဲ့ အစဉ်အလာကနေ ” အမှုမနိုင်ရင် ငွေမယူ ” တဲ့ အစဉ်အလာ ကို ပြောင်းလုပ်တာမျိုးဖြစ်တယ်။
    ကိုယ်လုပ်နေတဲ့ စီးပွားရေးကဏ္ဍမှာ အပြောင်းအလဲတွေတွေ့ရင် အဲဒါ တွေကို အသုံးချပါ။ ဥပမာအားဖြင့် Amazon.com ဟာ လက်လီလုပ်ငန်းကို အင်တာနက်အသုံးချပြီး လုပ်နိုင်တဲ့အလားအလာလို့ သိမြင်ခဲ့တယ်။ HSBC ဘဏ်ကလည်း အလားတူပါပဲ။ ဗြိတိန်နိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင် ကြသူတွေဟာ မိမိတို့ရဲ့နိုင်ငံရင်းဆီကို ငွေပြန်လွှဲချင်ပေမဲ့ အဲဒီလိုဝန်ဆောင် မှုမျိုး အဲဒီတုန်းက မရှိသေးတာကို သိမြင်တယ်။ ဒါကြောင့် အခြေအနေကို အသုံးချပြီး အဲဒီလူတွေအတွက် ဝန်ဆောင်မှုပေးတယ်။

ဆရာညွန့်သောင်းရေးသားထားသော စီးပွားရေးဆိုင်ရာ အယူအဆချက်များ မှ ကူးယူဖော်ပြသည်။

Related Posts