လက်ဦးဆရာများ

လက်ဦးဆရာများ

လက်ဦးဆရာကား အမိနှင့်အဖပင် ဖြစ်၏။ ယခုခေတ်တွင် ကလေးငယ်တစ်ဦးအဖို့ အမိဝမ်းမှ ကျွတ်ပြီးနောက် ၅ နှစ်သားရောက်သည့်အထိ အမိ၊ အဖတို့နှင့် လက်ပွန်းတတီး နေထိုင်ကြရ၏။ မိဖတို့၏ သွန်သင်ပေးမှုအောက်တွင် တရိပ်ရိပ်ကြီးပြင်းခဲ့ကြရသည်။ စကားပြောတတ်လာသည်နှင့်အမျှ “ဖေဖေ၊ မေမေ၊ ကိုကို၊ မမ” အခေါ်အဝေါ်မှ အစပြု၍ လူသားဆိုင်ရာ အန္နတသညာတို့ကို သင်ကြားပေးကြသည်။

ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုအတွက်လည်း “ဤကဲ့သို့ နေ၊ ဤကဲ့သို့ ထိုင်” စသည်ဖြင့် သင်ပြပေးရသကဲ့သို့ … စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုဖြစ်သည့် … “ဤကဲ့သို့ မပြောနှင့်၊ ဤကဲ့သို့ မလုပ်နှင့်” စသည်ဖြင့် သင်ပြပေးရပြန်၏။ ယင်းကား … မိမိတို့သားသမီးများအား ယဉ်ကျေးစေရန်ပင် ဖြစ်၏။

ထိုမှတစ်ဆင့်တက်၍ ပြောဆိုဆက်ဆံရာတွင် နှုတ်ဆက်စကားအဖြစ် “မင်္ဂလာပါခင်ဗျာ/ မင်္ဂလာပါရှင်” စသည်ဖြင့် ယဉ်ကျေးသောစကားဆိုတတ်ရန် ညွှန်ကြားသင်ပြရသည်။ အချို့ကလေးများအဖို့ ၃ နှစ်ကျော် ၄ နှစ်မျှနှင့်ပင် မူကြိုကျောင်းသို့ အပ်နှံခြင်း ခံရကြသည်။ ထိုမူကြိုမှ ဆရာမတို့သည် တေးကဗျာ၊ သီချင်း၊ ရုပ်ပုံကားချပ်၊ ကစားစရာ စသည်တို့ဖြင့် ကလေးငယ်များ ပျော်ရွှင်မှုကို ပေးစွမ်းလျက် ပြည်သူ့နီတိအခြခံကို သင်ပေးကြကုန်၏။ ယဉ်ကျေးခြင်း အနုပညာသည် ထိုစဉ်ကပင် ကလေးငယ်များသည် အတုခိုးမြန်သော အရွယ်များဖြစ်သဖြင့် များစွာဂရုစိုက်သင်ပေးသည်။ မိမိပတ်ဝန်းကျင်မှအမြင်၊ အကြားတို့ကို အတုယူတတ်ကြလေ၏။

အဆိုးကိုလည်း တုပသကဲ့သို့၊ အကောင်းကိုလည်း တုပကြသည်။ ဥပမာအားဖြင့် – ၄ နှစ်သားကလေးတစ်ဦးသည် နံနက်တိုင်း တီဗွီဖန်သားပြင်မှ သီလပေးတရားကို သံပြိုင်လိုက်ဆိုနေသကဲ့သို့၊ ပါဝါရိန်းဂျားသကဲ့သို့ အခုန်အပျံ အသတ်အပုတ်တို့ကိုလည်း လိုက်လံအတုခိုးခုန်ပေါက်တတ်ပြန်၏။ ထို့ကြောင့် ဤအရွယ်သည် လိုရာပုံစံကို သွင်းယူနိုင်သော ဖယောင်းပျော့ကဲ့သို့ အရွယ်ဖြစ်သည်။

မျှော်မှန်းချက်ကြီးမားသော အရွယ်လည်းဖြစ်သည်။ ဤသူငယ်ကလေးများကို မေးကြည့်စစ်တမ်းကောက်ယူရာတွင် “သားသားကြီးရင် ဘာလုပ်မှာလည်း” “သားက စစ်ဗိုလ်ကြီးလုပ်မယ် … သားက လေယာဉ်ပျံကြီး မောင်းမယ်” “သမီးကကော ကြီးရင်ဘာလုပ်မလည်း” “သမီးက ဆရာဝန်မကြီးဖြစ်ချင်တာ” စသည်ဖြင့် ကောင်းသည့် အထက်တန်း မျှော်မှန်းချက်များကိုသာ ထွက်ဆိုကြ၏။ ဆင်းရဲခြင်း၊ ချမ်းသာခြင်း အခြေခံ ရုပ်ပိုင်းဆိုင်ရာနှင့် မဆိုင်ပေ။ စိတ်ပိုင်းဆိုင်ရာတွင် များစွာ အထက်တန်းကျကျ မျှော်မှန်းကြကြောင်း တွေ့ရသည်။ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးနေသူတို့အား အမိအဖသည်လည်းကောင်း၊ ဆရာသမားတို့သည်လည်းကောင်း၊ မြေတောင် မြှောက်ပေးရမည်မှာ တာဝန်ကြီးတစ်ရပ်ပင် ဖြစ်၏။ လိမ္မာယဉ်ကျေးစေရန် ပထမဦးဆုံး သင်ကြားရန်ပင်ဖြစ်သည်။

အချို့ကလေးများအား စိတ်ပိုင်းဆိုင်ရာ နူးညံ့သိမ်မွေ့သဖြင့် မိမိကိုစကားပြောရာတွင် “သားသား၊ မီးမီး” ဟူ၍လည်းကောင်း၊ မိမိအမည်နာမကို အဖျားဆွတ်ခေါ်၍လည်းကောင်း သုံးနှုန်းကြသည်။ ဤ ၄ နှစ်၊ ၅ နှစ်အရွယ်ကလေးငယ်များသည် အိပ်ရာဝင်ပုံပြင်ကို နှစ်ခြိုက်သူများဖြစ်သဖြင့်၊ သင့်တော်ရာရာပုံပြင်တို့ကို ရွေးချယ်ပြောတတ်ဖို့လည်း လိုပေသည်။ ပုံပြင်ထဲမှ ဇာတ်ကောင်စရိုက်ကို အတုလိုက်ယူတတ်သူများ ဖြစ်သည်။

မင်းဆင်ပမာ၊ စံထားရာ။

သားသမီးတို့ လိမ္မာယဉ်ကျေးဖို့ရာ လက်ဦးဆရာဖြစ်သော အမိနှင့် အဖတွင် အလျှင်ဦးဆုံး တာဝန်ယူရပေမည်။ မိမိကိုယ်တိုင်ကလည်း အကျင့်စာဂကောင်းမွန်သော မိဘဖြစ်ရပေမည်။ အတုမြင်၊ အတတ်သင်အရွယ်များတွင် ဂရုထားသင့်ကြောင်း၊ ဧကနိပါတ်တော်မှ “မဟိဠာမုခ” မင်းဆင်ကြီးကဲ့သို့ မဖြစ်စေရန် သတိချပ်သင့်သည်။

လူမဆိုဘိ၊ တိရစ္ဆာန်ပင်လျှင် ပတ်ဝန်းကျင်၏အကြား၊ အမြင်၊ အထိအတွေ့တို့ကြောင့် အယဉ်နှင့် အရိုင်း ကွဲပြားခြားနားသွားကြောင်း တွေ့မြင်နိုင်ပေသည်။

ရှေးလွန်လေပြီးသောအခါ ဘုရင်ကြီးတစ်ပါးတွင် များစွာ လိမ္မာရေးခြားရှိသော မင်္ဂလာဆင်တော်ကြီးတစ်စီး ရှိလေ၏။ ထိုဆင်ကြီးကား … မူလက အလွန်တတ်သိ၊ လိမ္မာယဉ်ကျေးသဖြင့် အတိုင်းတိုင်းအပြည်ပြည်မှ ဂုဏ်ယူတဝင့် ပြောကြားကြရကုန်သည်အထိ ရှိလေ၏။ ထိုယဉ်ကျေးလိမ္မာသော မင်္ဂလာဆင်တော်ကြီး၏ ဆင်တင်းကုပ်အနီးတွင် လူဆိုးသူခိုးတို့သည် ညစဉ်ညတိုင်း ကပ်ရောက်လာပြီး စုရုံးတိုင်ပင်ကြလေ၏။

သူတို့စကားတို့တွင် ဘယ်နေ့၊ ဘယ်သူ့ကို၊ ဘယ်ကဲ့သို့ သတ်ရမည်။ ဘယ်ကဲ့သို့ ထိုးနှက်ရိုက်ပုတ်ရမည် စသည်ဖြင့် အချင်းချင်းတိုင်ပင်ကြလေ၏။ ထိုကဲ့သို့ ဆွေးနွေးတိုင်ပင်ကြသည့် စကားသံတို့သည် ဆင်လိမ္မာ ကြားသောအခါ သူ့အား တမင်သင်ကြားပေးလေဘိသည်ဟု ထင်မှတ်လေ၏။ ထို့ကြောင့် ယခင်က လူကဲ့သို့ လိမ္မာယဉ်ကျေးလှသော ဆင်ကြီးသည် စိတ်ရိုင်း၊ စိတ်မာန်၊ စိတ်မိုက်ဆိုးတို့ ဝင်လာကြကုန်လျက် အမူအရာများ ပြောင်းလဲကုန်ပေသည်။

နောက်တစ်နေ့တွင် အနီးကပ်ဖြစ်သော မိမိ၏ သခင်ဆင်ဦးစီးအား အစွယ်နှင့် ထိုးသတ်လေ၏။ မကြာမီပင် နောက်အသစ်ဖြစ်သော ဆင်ဦးစီးကိုလည်း ခြေဖြင့် နင်းချေသတ်ဖြတ်လိုက်ပြန်လေ၏။ ဤသို့ဖြင့် ဆင်ခြေးကျုံးသမား၊ ဆင်ထိန်း စသည်တို့ကို မုံယိုစိတ်မဝင်သော်လည်း စိတ်ရိုင်းစိတ်မိုက်ဝင်လျက် အမှတ်မထင် သတ်ဖြတ်ပစ်လေ့ ရှိ၏။ ထိုအခါ ဆင်လိမ္မာကြီးအနားသို့ မည်သို့သော ဆင်ထိန်းမျှ မကပ်ဝံ့တော့ပေ။

ဘုရင်ကြီးထံသို့လည်း ဆင်လိမ္မာကြီး၏ ဖောက်ပြန်မှုနေမှုတို့အား ဆင်ထိန်းတို့သည် လျှောက်တင်ကြကုန်လေသည်။

“အရှင်မင်းကြီး၊ အရှင်မင်းကြီး၏ မင်္ဂလာဆင်တော်သည် ရူးသွားလေပြီ၊ စိတ်မမှန်သဖြင့် ကိုင်တွယ်ရန် မဝံ့ကြောင်းပါဘုရား” ထိုအခါ ဘုရင်ကြီးသည် ပညာရှိဘုရားအလောင်းအား ဤဖြစ်ရပ်ကို စုံစမ်း၍ သံတော်ဦးလျှောက်တင်စေရန် တာဝန်ပေးအပ်လေ၏။ ဘုရားလောင်းပညာရှိသည် ဦးစွာ ပထမတတ်သိနားလည်သော ဆင်ဆေးဆရာတို့ကို ချဉ်းကပ်၍ စစ်ဆေးကြည့်တော်မူရာ၊ ဆင်ကြီးကိုယ်ခန္ဓာတွင် မည်သည့်ရောဂါဘယ တစ်စုံတစ်ရာမျှ မတွေ့ရပေ။

ထို့နောက် ဆင်တင်းကုပ်နှင့် ပတ်ဝန်းကျင်တို့ကို လေ့လာကြည့်သောအခါ လူငါးဦးထက်မနည်း စုရုံးနေထိုင်သွားလာလေ့ရှိသည့် လက္ခဏာသဲလွန်စတို့ကို တွေ့ရလေ၏။ အဘယ်သို့နည်းဟု စေ့ငှသေချာအောင် စုံစမ်းလေ့လာရာ၊ တစ်နေ့သော ညအမှောင်တွင် ယခင်တိုင်ပင်နေကျ လူဆိုးလူမိုက်တို့သည် ဆင်တင်းကုပ်အနီးသို့ အချိန်မှီရောက်ရှိလာကြပြီး သောက်စားဝိုင်းဖွဲ့လျက် ရမ်းကားသောစကား၊ ရိုင်းပျသောစကား၊ ရန်လိုသောစကားတို့ကို ဆိုကြကုန်လေ၏။ ထိုအခါ ဆင်လိမ္မာကြီးသည်လည်း နားစွင့်လျက် ခွာယက်ခြင်း၊ နှာမောင်းမြှောက်ခြင်းတို့ဖြစ်၍ ဂဏှာမငြိမ် ရှိလေ၏။ ထိုအခြင်းအရာကိုမြင်သော ပညာရှိဘုရားလောင်းသည် မင်းကြီးအား ဤသို့ လျှောက်တင်လေ၏။

အရှင်မင်းကြီး၊ အရှင်မင်းကြီး၏ မင်္ဂလာဆင်တော်သည် ရူးသွပ်၍ စိတ်ရိုင်းဝင်ခြင်း မဟုတ်ပါ၊ သူမိုက်သူရမ်းကားတို့၏ ရိုင်းပျသော စကားကိုကြားသည်နှင့် စိတ်မိုက်စိတ်ရိုင်း ဝင်လျက် ဆိုးသွမ်းရခြင်း ဖြစ်ပေသည်။ “အသို့ဆိုလျှင် အဘယ်သို့ ပြုရပါအံ့နည်း” “ဤလူဆိုးတို့၏ အပြုအမူ၊ အကျင့်ဆိုးများ ကူးစက်ခြင်းကြောင့် စိတ်ရိုင်းစိတ်မိုက်ဝင်ဘိသကဲ့သို့၊ လိမ္မာယဉ်ကျေးသော ရှင်ရဟန်း၊ လူသူတော်စင် သီလဝန္တပုဂ္ဂိုလ်တို့အား စုရုံးစေလျက် ညစဉ်ညတိုင်း တရားစကား ဆွေးနွေးစေခြင်း၊ ယဉ်ကျေးဖွယ်ရာ ဗုဒ္ဓဒေသနာတော်တို့ကို ရွတ်ဖတ်စေခြင်း စသည်တို့ကို ပြုလုပ်ပေးရပါလိမ့်မည်”

ဘုရားလောင်းပညာရှိ လျှောက်တင်သကဲ့သို့ လုပ်ဆောင်သောအခါ ဆင်ကြီးသည် တဖြည်းဖြည်း စိတ်ရိုင်းများ နူးညံ့ပျော့ပြောင်းလာပြီး၊ ကြမ်းတမ်းရက်စက်ယုတ်မာသော အကျင့်ဆိုးတို့ ပျောက်ကွယ်သွားလေ၏။ ဆင်လိမ္မာကြီးသည် ယခင်အတိုင်း အမူအကျင့်ကောင်းတို့ဖြင့် ဆင်ထိန်း၊ ဆင်ဦးစီးတို့နှင့်တကွ ဖက်လဲတကင်း နေထိုင်သွားလေ၏။

ဤနိပါတ်တော်တွင် လိမ္မာသောဆင်ကြီးပင်လျှင် ပတ်ဝန်းကျင်၏ လွှမ်းမိုးကူးစက်ခြင်းကို ခံရကြောင်း သာဓကပင် ဖြစ်ပေသည်။ နုနယ်ငယ်ရွယ်သော မိမိတို့၏ သားသမီးကိုလည်း ပတ်ဝန်းကျင်ရှိ အကြား၊ အမြင်၊ အနိဋ္ဌာရုံအားလုံးတို့တွင် ကူးစက်လွှမ်းမိုးနိုင်သော စရိုက်လက္ခဏာဆိုးများ ရှိနေပါက များစွာ ဂရုစိုက်ကိုင်တွယ် ဖြေရှင်းသင့်ပေသည်။

ဦးသန်းထွန်း (လှည်းကူး) ရေးသားသော ပြည်သူ့နီတိနှင့် ယဉ်ကျေးမှုပဒေသာ စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts