လက်လှည့်ဆရာ

တစ်ခါက ဆပ်ကပ်တစ်ခုမှာ တစ်ကမ္ဘာလုံးကလူတွေကို ဆွဲဆောင်နိုင်တဲ့ လက်လှည့်ဆရာ တစ်ဦးရှိခဲ့တယ်။ သူကဘယ်အရာနဲ့မဆို လက်လှည့်ပြကွက်နဲ့ စိတ်ဝင်စားအောင် ပြသနိုင်သူဖြစ်တယ်။ လက်လှည့်ဆရာက ကန်တဲ့ဘောလုံး၊ ဓား၊ ရုပ်/သံ စက်တွေကိုလည်း လက်လှည့်ပြကွက်နဲ့ပြသနိုင်တယ်။ တစ်နေ့သောညနေ လက်လှည့်ဆရာက ပြကွက်တွေပြသနေတုန်း ကလေးမလေးတစ်ယောက်က ပစ္စည်းတစ်ခုဖျောက်ပြဖို့ အကြံပေးတယ်။ ဒီတစ်ခါ လက်လှည့်ဆရာက “ကဲ ကလေးမ ဘယ်ပစ္စည်းကို ကျုပ်လက်လှည့်ပြီး ဖျောက်ပေးရမလဲ” လို့ မေးလိုက်တယ်။

ဒီတစ်ခါ ကလေးမလေးက “မစ္စတာလက်လှည့်ဆရာကြီးရှင် အချိန်ကို ဖျောက်ပေးနိုင်မလား” လို့ မေးလိုက်တယ်။ “အချိန်! ဟုတ်လား! “ လို့ ထိတ်လန့်နေတဲ့ လက်လှည့်ဆရာက ပြန်မေးလိုက်တယ်။ ဒီတော့ကလေးမလေးက “ဟုတ်ပြီလေ ရှင်ပြကွက်ပြတဲ့ အချိန်က အမြဲတမ်း နောက်ကျနေပုံရတယ်။ ရှင့်အချိန်ကို လက်လှည့်ပညာနဲ့ ဖျောက်ပြဖို့ ပြဿနာရှိသလား” လို့ ဆက်မေးတယ်။ ဒီလိုစကားကို ကြားလိုက်ရတော့ လက်လှည့်ဆရာ တော်တော်လေးကို အံ့အားသင့်ပြီး မျက်လုံးပြူးသွားတယ်။ ကလေးမလေးပြောတာ အမှန်တရားပါ။

လက်လှည့်ဆရာက ဘယ်အရာကိုပဲ စေလိုရာစေအတိုင်း ဖျောက်ဖျက်ပြနိုင်ပေမယ့် အချိန်ကိုတော့ စနစ်တကျ စီမံခန့်ခွဲနိုင်စွမ်းမရှိဘူးဆိုတာ သိသာနေပါတယ်။ အချိန်ကို မစီမံ မခန့်ခွဲနိုင်လို့လည်း အချိန်ကို လေးစားခြင်းမရှိတော့ဘဲ နောက်ကျချင်သလို နောက်ကျနေတာပါ။ အချိန်နောက်ကျတတ်တာ အကျင့်ပါသွားပြီဆိုရင် စိတ်ပူပန်သောကရောက်စရာတွေ မဖိတ်ခေါ်ရပဲနဲ့ အလိုလို ရောက်လာပါလိမ့်မယ်။ ဒီတစ်ခါ စိတ်ညစ်စရာတွေက ပျော်စရာတွေနေရာမှာ အစားထိုးဝင်ရောက်လာကြတော့မှာပေါ့။

အောင်လှိုင် ဘာသာပြန်သော Why Worry ? Be Happy ! စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts