ရတနာပုံခေတ် မိန်းမမြင်းစီးသူရဲကောင်း မယ်ဘယက်(ပထမပိုင်း)

ရွှေမြို့တော် – မင်းတုန်းမင်းသည် အမရပူရမြို့တော် နန်းတက်ပြီးနောက် မြန်မာသက္ကရာဇ် (၁၂၂၂) ခုနှစ်တွင် မန္တလေးရတနာပုံရွှေမြို့တော်သို့ ရွှေ့ပြောင်းထီးနန်းစံသည်။ မင်းတုန်းမင်းတွင် စကြာဒေဝီမိဖုရားခေါင်ကြီးနှင့် လောင်းရှည်မိဖုရား၊ ဆင်ဖြူမရှင်မိဖုရားသုံးပါးအပါအဝင် မိဖုရားပေါင်း (၅) ပါးရှိသည်။

မင်းတုန်းမင်းနှင့် ဆင်ဖြူမရှင်မိဖုရားတို့မှ ဖွားမြင်သော စုဖုရားကြီး၊ စုဖုရားလတ်၊ စုဖုရားငယ် သမီးတော် (၃) ပါးအပါအဝင် သမီးတော် (၆၀) ရှိသည်။မင်းတုန်းမင်းနှင့်လောင်းရှည်မိဖုရားတို့မှ ဖွားမြင်သော သားတော်သီပေါမင်းသား အပါအဝင် သားတော်ပေါင်း (၅၅) ပါးရှိသည်။ သားတော် သမီးတော်ပေါင်း (၁၁၅) ပါးရှိသည်။

မင်းတုန်းမင်း၏ သားတော် (၅၅) ပါးမှ အချို့သားတော်များမှာ ခမည်းတော် မင်းတုန်းမင်းအပေါ် ချစ်မြတ်နိုးကြသည်။အချို့သောသားတော်များမှာမင်းတုန်းမင်းအပေါ်မကျေမနပ်မုန်းလျက်ရှိကြသည်။

မကျေမနပ်ချက်မှာအရွယ်ရောက်ပြီးသောသားတော်များရှိပါလျက် ညီတော်ကနောင်မင်းသားကိုအိမ်ရှေ့စံအပ်နှင်းထားခြင်းကြောင့်ဖြစ်သည်။

ထို့အပြင် အိမ်ရှေ့စံဘထွေးတော်ကနောင်မင်းကိုလည်း မြို့စားမင်းသား၊ နယ်စားမင်းသားများကလည်း မကျေမနပ်ဖြစ်ကြပြီး မင်းတုန်းမင်းအပေါ်အမုန်းပွားရန်ညှိုးထားကြသည်။ မင်းတုန်းမင်းသည်အရွယ်ရောက်နေပြီဖြစ်ကြသော သားတော်တို့ကို မြို့စား၊ နယ်စားပေးခန့်အပ်ထားတော်မူရာ မင်းသားများမိမိတို့မြို့နယ်များသို့သွားရောက်နေထိုင်ပြီး အုပ်ချုပ်ကြရန်အမိန့်တော်ချမှတ်ထားတော်မူသည်။

ထိုသို့ အမိန့်ချမှတ်ထားသော်လည်း သားတော်များမြို့နယ်များသို့ ပြောင်းရွှေ့နေထိုင်ခွင့်ကို ဘထွေးတော်ကနောင်မင်းကပိတ်ပင်တားမြစ်၍ မြို့စားနယ်စားမင်းသားများသည် မိမိတို့မြို့နယ်များသို့မသွားရသည့်အတွက် ကနောင်မင်းအပေါ်လုံးဝမကျေမနပ်ဖြစ်ကြရသည်။ ကနောင်မင်းကတူတော်မောင်မြို့စား၊ နယ်စားမင်းသားများသည်ငယ်ရွယ်သူမင်းပျိုများဖြစ်၍ မြို့နယ်များတွင်နေထိုင်အုပ်ချုပ်ကြလျှင် သူတလူငါတမင်းဖြစ်၍ဒုက္ခရောက်ကြမည်ကိုစိုးရိမ်ပြီး တားမြစ်ခြင်းဖြစ်သည်။

ထို့အပြင် မြို့စား၊ နယ်စားမင်းသားများသည် နေပြည်တော်၌ စည်းစည်းလုံးလုံးနေထိုင်ကြရန်၊ တစ်ချိန်တွင် တိုင်းတစ်ပါးနယ်ချဲ့အင်္ဂလိပ်တို့ကရွှေမြို့တော်ကိုအမှတ်မထင်ဝင်ရောက်တိုက်ခိုက်သော် မိမိတို့က ဥမကွဲသိုက်မပျက် ညီညီညွတ်ညွတ်ဖြင့် ပြန်လည်ခုခံတိုက်ခိုက်ကြရမည်ဖြစ်၍ တားမြစ်ခြင်းဖြစ်သည်ကို နားမလည်ကြသော တူတော်မောင် မြို့စား၊ နယ်စားမင်းသားတို့က ဘထွေးတော် ကနောင်မင်းသား၏ စေတနာကို နားမလည်ကြဘဲ ကနောင်မင်းအပေါ် အမုန်းပွားကြခြင်းဖြစ်သည်။

ဤသို့သော် အချက်များကြောင့် သားတော်အချို့မှာ ခမည်းတော် မင်းတုန်းမင်းနှင့် ဘထွေးတော် ကနောင်မင်းအပေါ်မကျေမနပ်၍ အမုန်းအာဃာတထားကြသည်။ ထိုမင်းသားများတွင် မင်းတုန်းမင်းနှင့် တောင်ရွှေရေးဆောင်မိဖုရားမှ ဖွားမြင်သော မြင်ကွန်းမင်းသားသည် ဘထွေးတော်၏သမီး တောင်ညိုမင်းသမီးနှင့် စုလျားရစ်ပတ်လက်ထပ်ခဲ့သည်။ ထို့ကြောင့်ကနောင်မင်းသည် မြင်းကွန်းမင်းသား၏ ယောက္ခမတော်စပ်သည်။

မည်သို့ပင်ဖြစ်စေ မြင်ကွန်းမင်းသားသည် ခမည်းတော်၏ နန်းပလ္လင်ရရေးအတွက်ပုန်ကန်ထကြွရန် ကြံစည်ရာ သူပုန်တပ်သား အင်အားများလာသည့်အခါတွင် ပုန်ကန်ထကြွရန်ကြံစည်ရာ သူပုန်တပ်သား အင်အားများလာသည့်အခါတွင် ပုန်ကန်တိုက်ခိုက်ရန် နေ့ကောင်းရက်မြတ်ရွေးပေးရန် စလေဦးပုညထံ သွားရောက်သည်။

ဦးပုညသည် ပျို့၊ ကဗျာ၊ လင်္ကာ၊ရတု၊ ရကန်၊ အဲ၊ အံ၊ စာပေတတ်မြောက်သော စာဆိုရှင်တစ်ဦးဖြစ်သည်။ ထို့ကြောင့် စလေဦးပုညထံ သွားရောက်သည့်အခါ မြင်ကွန်းမင်းသားက စလေဦးပုညအား-

“ခမည်းတော်မင်းတုန်းမင်းနှင့် ကနောင်မင်းသားတို့အပေါ် ပုန်ကန်ထကြွ၍ သူပုန်ထမည်”ဟုပြောပြီး နေ့ကောင်းရက်မြတ်ရွေးခိုင်းသည်။


စလေဦးပုညသည် မင်းတုန်းမင်းကြီး၏ လက်ဖက်ရည်တော်သားရာထူးကို ထမ်းရွက်သူဖြစ်၍ ဘုရင်မင်းမြတ်ကို ပုန်ကန်လုပ်ကြံမည့်အရေး ရက်ကောင်းရက်မြတ်ရွေးပေးရန်
ခက်ကြုံ၍ နှုတ်ပိတ်နေရလိုက်သည်။

နဂါးဗိုလ်မောင်မောင်သက် ရေးသားထားသော သမိုင်းပုံရိပ်စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenYourBusinessOnline

သမိုင်း

Related Posts