မင်းတုန်းမင်းစစ်တမ်း

မင်းတုန်းမင်းစစ်တမ်း – – မင်းတုန်းမင်းကို ခမည်းတော် သာယာဝတီမင်းနှင့် မယ်တော် သီရိသုစန္ဒာမလ္လာသီတောင်ဆောင်တော် ကျောက်မောမြို့စားမိဖုရားတို့က မြန်မာသက္ကရာဇ် (၁၁၇၆) ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၄)ရက်၊ အင်္ဂါနေ့ မွန်းလွဲ (၂) ချက်တီးချိန်မှာ ဖွားမြင်သည်။ ငယ်နာမည် မောင်လွင် မွေးနံတော် အင်္ဂါသားဖြစ်သည်။ အင်္ဂါသားဖြစ်၍ မောင်စံလွင်ဟူ၍လည်းကောင်း၊ ထိပ်တင်စံလွင် ဟူ၍လည်းကောင်း၊ ထို့နောက် မင်းရဲဇေယျဖြစ်ပြီး လွှတ်တော်တက်ရသည့်အခါတွင်”သုသီရိမဟာဓမ္မရာဇာမင်းသား” ဘွဲ့တော်ဖြင့် လွှတ်တော်တက်ခဲ့ရသည်။ မင်းသားဘဝတွင် မင်းတုန်းမြို့သို့ အသုံးခံကျွေးစားရသဖြင့် မင်းအဖြစ်သို့ရောက်သော်”မင်းတုန်းမင်း“ဟု ခေါ်သည်။
မြန်မာသက္ကရာဇ် (၁၂၁၄) ခုနှစ် (ခရစ်နှစ် ၁၈၄၆ နိုဝင်ဘာလ ၇ရက်) တွင် ရွှေဘိုမင်း ခေါ် သာယာဝတီမင်း နတ်ရွာစံတော်မူခဲ့သည်။ ထိုနှစ်မှာပင် သားတော်ပုဂံမင်းသား အမရပူရမြို့ ခမည်းတော်နန်းကို နန်းတက်စိုးစံခဲ့သည်။

မင်းတုန်းမင်းသည် အမရပူရမြို့တော် နန်းတက်ပြီးနောက် မြန်မာသက္ကရာဇ် (၁၂၂၁) ခုနှစ်တွင် မန္တလေးမြို့၌ မြို့နန်းတည်ပြီး မြန်မာသက္ကရာဇ် (၁၂၂၂) ခုနှစ် (အေဒီ ၁၈၆၀) တွင် မြို့တော်ကို ရတနာပုံမြို့တော်ဟူ၍ အမည်သတ်မှတ်ပြီး မန္တလေးရတနာပုံရွှေမြို့တော်တွင် ထီးနန်းစံတော်မူသည်။ မင်းတုန်းမင်းကြီးတွင် မိဖုရား(၆၉) ပါးရှိသည်။ သားတော် (၅၅)ပါး၊ သမီးတော် (၆၀) စုစုပေါင်း သားတော် သမီးတော် (၁၁၅)ပါး ရှိပါသည်။ မိဖုရားများမှာ မိဖုရားကြီး”စကြာဒေဝီမိဖုရား” မင်းတုန်းမင်းနှင့် မောင်နှမတစ်ဝမ်းကွဲတော်သည်။ ဆင်ဖြူရှင်မ မိဖုရား(နန်းမတော်နုသမီး)၊ လောင်းရှည်မိဖုရား သုံးပါးရှိသည်။

ထို့အပြင် အောက်ပါနန်းရ (၄) ပါးရှိသည်။
၁။ တောင်နန်းစံ မိဖုရား
၂။ မြောက်နန်းစံ မိဖုရား
၃။ အနောက်နန်းစံ မိဖုရား
၄။ အလယ်နန်းစံ မိဖုရား

ထိုနန်းရ မိဖုရား (၄) ပါးအပြင် အဆောင်ရ မိဖုရား (၄)ပါးလည်း ရှိသည်။ အဆောင်ရ မိဖုရား (၄)ပါးမှာ-
၁။ တောင်ဆောင်တော် မိဖုရား
၂။ မြောက်ဆောင်တော် မိဖုရား
၃။ အနောက်ဆောင်တော် မိဖုရား
၄။ အရှေ့ဆောင်တော် မိဖုရား
ထိုနန်းရ (၄) ပါးနှင့် အဆောင်ရ (၄) ပါး၊ စုစုပေါင်း မိဖုရား (၈) ပါးတို့သည် အာဏာရှိကြပါသည်။

ကိုယ်လုပ်တော်မိဖုရားများတွင် တန်းလျားရမိဖုရား၊ တန်းလျားမရသော မိဖုရားဟူ၍လည်း ခွဲခြားထားပါသည်။ မင်းတုန်းမင်း၊ ပုဂံမင်း၊ ကနောင်မင်း၊ ထိုမင်းသုံးပါးသည် သာယာဝတီမင်း၏ အဖေတူ အမေကွဲသားများ ဖြစ်ကြပါသည်။ မင်းတုန်းမင်းသည် ညီတော် ကနောင်မင်းအား အိမ်ရှေ့စံအဖြစ် ထားရှိခဲ့သည်။


မင်းတုန်းမင်းကြီးသည် သားတော် (၅၅) ပါးမှ သားတော် သီပေါမင်းသားကို ထိပ်တန်းမှာထားရှိသည်။ သီပေါမင်းသားသည် မင်းတုန်းမင်းကြီးနှင့် လောင်းရှည်မိဖုရားတို့မှ ဖွားမြင်သည်။သီပေါမင်းသားနှင့် စုဖုရားလတ်ညီအစ်မသုံးယောင်တို့မှာ မောင်နှမတစ်ဝမ်းကွဲ တော်စပ်ကြပါသည်။

နောင်သောအခါ မြန်မာသက္ကရာဇ် (၁၂၄၀) ပြည်နှစ်၊ မင်းတုန်းမင်းကြီး နတ်ရွာစံတော်မူသည်။ ထိုနှစ်မှာပင် သီပေါမင်းသား မင်းအဖြစ်ရောက်သည့်အခါ စုဖုရားကြီး၊ စုဖုရားလတ်၊ စုဖုရားငယ် သုံးဦးကို မိဖုရားအရာ တင်မြှောက်တော်မူသည်။ သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်မှ ချမှတ်သော စည်းမျဉ်းဥပဒေတွင် ဘုရင်တို့သည် ထီးရိပ်၊ နန်းရိပ်အောက်မှ မင်းဆွေ မင်းမျိုးတို့ကိုသာ မိဖုရားအရာတင်မြှောက်ရမည်ဟု ဥပဒေချမှတ်ထားရှိသည်။

ဤသို့ သတ်မှတ်ချက်ရှိထား၍ မင်းတုန်းမင်းကြီးသည် နှောင်းအတိတ်မင်းသားဘဝတွင် ချစ်ခဲ့သော အရပ်သူ”ခင်သဲ” အား သူအထွတ်အထိပ်ရောက်ရင် “ခင်သဲ” ကို မိဖုရားခေါင်ကြီးအရာမှာ ထားရှိပါမည်ဟု ရွှေဘိုမြို့ရှိ ရွှေတန်ဆာဘုရားမှာ နှင်းပန်းလှူပြီး ကတိပေးခဲ့သော်လည်း ပဒေသရာဇ်စနစ်အရ အရသူ”ခင်သဲ”ကို မိဖုရားခေါင်ကြီးအရာမှာ မထားနိုင်တော့ပါ။ အစ်မတော်”စကြာဒေဝီ” မင်းသမီးကိုသာ မိဖုရားခေါင်ကြီးအရာ တင်မြှောက်ထားရှိပြီး မိမိ၏ ငယ်ချစ်ဦး”ခင်သဲ”ကို နန်းရမိဖုရားအဖြစ် မြောက်နန်းမိဖုရားအရာ ထားရှိခဲ့သည်။

ထိုသို့ထားရှိခြင်းမှာ ရှေးခေတ်မင်းများ အဆက်ဆက် ပဒေသရာဇ်ဘုရင်စနစ်တွင် မင်းဆွေ မင်းမျိုး အနွယ်တော်နှင့်သာ လက်ထက်ခွင့်ပြုထားသော ဥပဒေသတ်မှတ်ချက်ထားရှိခဲ့၍ မင်းတုန်းမင်းကြီးသည် ရှေးမင်းတို့ ဥပဒေကို ဖောက်ဖျက်ခြင်းမရှိဘဲ ရှေးထုံးစဉ်လာမပျက် ထီးရိပ်၊ နန်းရိပ်နှင့်ဝေးသောအရပ်သူ”ခင်သဲ”ကို မိဖုရားခေါင်ကြီးအရာ တင်မြှောက်ခြင်းမပြုဘဲ နန်းရမိဖုရားအရာ၌ပင် ထားရှိရသည်။

(တောင်နန်းစံ မိဖုရားများနှင့် ကိုယ်လုပ်တော် အဆောင်တန်းလျားမရကြသည့် မိဖုရားများထက် နန်းရမိဖုရားမှာ အာဏာရှိပါသည်။)

မြန်မာသက္ကရာဇ် (၁၂၄၀) ပြည်၊ သီတင်းကျွတ်လဆန်း (၆) ရက် (ခရစ်နှစ် ၁၈၇၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်)နေ့တွင် မင်းတုန်းမင်းကြီးသည် နန်းစည်းစိမ် (၆) နှစ် ခံစားပြီး သက်တော် (၅၄) နှစ်တွင် ကံကုန်တော်မူပါသည်။

နဂါးဗိုလ်မောင်မောင်သက် ရေးသားထားသော သမိုင်းပုံရိပ်စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenYourBusinessOnline

သမိုင်း

Related Posts