မြင်ကွန်းမင်းသား-ရတနာပုံခေတ် မိန်းမမြင်းစီးသူရဲကောင်း မယ်ဘယက်(ဒုတိယပိုင်း)

မြင်ကွန်းမင်းသား-ဤတွင် မြင်ကွန်းမင်းသားက စလေဦးပုညအား-
“ဆရားကြီးကို ခမည်းတော် မင်းတုန်းမင်းကြီးက ဝန်ကြီးရာထူးမပေးဘူးမဟုတ်လား။ ရွာစည်ရွာစားနှင့် မင်းလှသင်္ခယာ ဘွဲ့ကလေးပေးပြီး လက်ဖက်ရည်တော်သားလုပ်ခိုင်းတယ် လေ။ ကျုပ်အကြံအောင်၍ နန်းပလ္လင်တက်ရရင်ဆရာကြီးလည်း မင်းကြီးရဲ့သက်တော်ရှည် ဖြစ်ရမှာ‌ပေါ့ စိတ်ချနေပါ။ အရေးတော်ပုံအောင်ဖို့အတွက် ရက်ရွေးပေးစမ်းပါ” ဟု ပြောဆိုလိုက် သည်။


စလေဦးပုညသည် မြင်ကွန်းမင်းသား ပြောစကားကိုကြားရသော် ရက်ကောင်း၊ ရက်မြတ်အဖြစ် ခရစ်နှစ် (၁၈၆၆) ခုနှစ်ဩဂုတ်လ(၂)ရက်နေ့သည်ရက်မြတ်ဖြစ်ကြောင်း ရက်ရွေးပေးလိုက် သည်။ ဤတွင်မြင်ကွန်းမင်းသားသည် ပုန်ကန်ရန်သူပုန်တပ်သားများစုပြီး ပုန်ကန်ထကြွမည့် ရက်မြတ်ကို စောင့်ဆိုင်းနေကြသည်။


ထိုအချိန်တွင် မင်းတုန်းမင်းကြီးနှင့် မိဖုရားခေါင်တို့မှာ နန်းတွင်း၌ မရှိကြပါ။ မင်းတုန်းမင်းကြီး မှာ မန္တလေးတောင် အရှေ့ဘက်လောကမာရဇိန်ကုသိုလ်တော်ဘုရားပရဝုဏ်အတွင်းသို့ ရောက် ရှိ‌နေပြီး ပါဠိပိဋကတ်တော်များ၊ ကျောက်အက္ခရာတင်ရန် ကိုယ်တိုင်ပါဝင်လုပ်ကိုင်‌နေသည်။ ရွှေနန်းတော်ကြီးအတွင်း၌ ကနောင်မင်းသားကြီးနှင့် မြတောင်ဝန်ကြီးဦးမှို၊ပခန်းဝန်ကြီး ဦးရန်အေးတို့ တိုင်းရေးပြည်ရေး ဆွေးနွေးတိုင်ပင်နေကြသည်။

ထိုနေ့သည်သူပုန်ထကြွရန်ရက်မြတ်သို့ရောက်သည့်အခါဖြစ်သဖြင့် မြင်ကွန်းမင်းသားနှင့် နန်း တွင်းသို့ ဝင်ရောက်ကြသည်။ မြင်ကွန်းမင်းသားသည် အကောက်ဉာဏ်ဆင်၍ မင်းသားနှစ်ပါး ရန်ပွဲဖြစ်သည့်ဟန်ဆောင်ကြသည်။ ဤတွင် မြင်းခုန်တိုင်မင်းသားသည် နန်းတွင်းသို့ အပြေးဝင် ပြီး-
“ကယ်တော်မူပါဘုရား…ကယ်တော်မူပါဘုရား”ဟု အော်ဟစ်ပြီး ရှေ့မှပြေးဝင်လာသည်။

မြင်ကွန်းမင်းသား၏ တပည့်များလည်း ဓားကိုင်ပြီးနောက်မှ လိုက်လာကြသည်။ မြတောင်ဝန် ကြီးဦးမှိုသည် မည်သို့ဖြစ်သည်ကို ထွက်ပြီးစုံစမ်းရာ သူပုန်တပ်သားတစ်ဦးက ဦးမှိုကို ဓားဖြင့် ခုတ်လိုက်၍ နေရာမှာပင် သေဆုံးသွားသည်။ ဦးမှို၏အဖြစ်ကို ဖိနပ်တော်သား ဦးကရင် မြင်၍-
“ရန်သူတွေပါဘုရား…သတိထားပါ”ဟု အသံကုန်အော်ဟစ်ပြောဆိုလိုက်ပါသည်။


ထိုအသံကို ကနောင်မင်းကြားရသော် ချက်ချင်းလွှတ်တော်လှေခါးပေါ်သို့ ပြေးဆင်းရာ ရုတ်တရက် ခြေချော်၍အောက်သို့ လဲကျသွားသည်ကို သူပုန်တပ်သား ငဖြူသီးနှင့်တွေ့ရာ ငဖြူသီးသည်ကနောင်မင်းသားအားဓားချက်ထိ၍ လဲကျနေစဉ် မြင်းခုန်တိုင်မင်းသားသည် ကနောင်မင်း၏ ဦးခေါင်းကို သူ့ဓားဖြင့် ခုတ်ပိုင်းလိုက်ရာ ကနောင်မင်းသည် နေရာမှာပင်
အသက်ပျောက်သွားသည်။

ဤတွင် မြင်းခုန်တိုင်မင်းသားသည် ကနောင်မင်း၏ ဦးခေါင်းထက်မှ ဆံပင်ကိုစုဆွဲကိုင်ပြီး အပေါ်သို့မြှောက်ကာ-
“အောင်ပြီ…အောင်ပြီ”ဟု ဟစ်အော်ကြွေးကြော်လိုက်သည်။


ထိုအချိန်တွင် နန်းမြို့အပြင်တွင် ဘုရင့်တပ်နှင့် မြင်ကွန်းမင်းသားဘက်မှ မိန်းမကြမ်း မြင်းစီးသူရဲကောင်း”မိနက်ကြီး”သည် ဘုရင့်တပ်သားများရှိရားသို့ မြင်းကို ဒုန်းစိုင်းစီးပြီး ဝင်ရောက်တိုက်ခိုက်ရာ ဘုရင့်တပ်မှ တပ်သားများမှာ ကြောက်လန့်၍ မိနက်ကြီးဓားချက်မှ လွတ်အောင်ထွက်ပြေးကြသည်။

နဂါးဗိုလ်မောင်မောင်သက် ရေးသားထားသော သမိုင်းပုံရိပ်စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenYourBusinessOnline

သမိုင်း

Related Posts