ယုန်နဲ့လိပ် အပြေးပြိုင်ပွဲ

ယုန်နဲ့လိပ် အပြေးပြိုင်ပွဲ

ဘဝမှာ မရှုံးနိမ့်ဖူးတဲ့လူများ ရှိသလား။ ဘုရားလောင်းတောင်မှ ကျင့်ကြံအားထုတ်တဲ့ နည်းလမ်းလွဲနေလို့ ဘုရားမဖြစ်နိုင်သေးဘဲ ကြန့်ကြာနေခဲ့ဖူးသေးတယ်။

ဒီနေ့အောင်မြင်နေတယ်ဆိုတဲ့ သူတွေလည်း အရှုံးကို ရင်ဆိုင်ဖူးတာပဲ။ အဓိကကျတာက အရှုံးကို ဘယ်လိုရင်ဆိုင်သလဲ၊ အရှုံးကို ဘယ်လိုကျော်ဖြတ်သလဲ ဆိုတာပါ။

ယုန်နဲ့လိပ် အပြေးပြိုင်ကြတဲ့ပုံပြင်ကို လူတိုင်းကြားဖူးပါတယ်။ ယုန်နဲ့လိပ် အပြေးပြိုင်ကြတယ်။ အပြေးသန်တဲ့ယုန်က ပြိုင်ဘက်လိပ်ကို အထင်အမြင်သေးတော့ ပြေးလမ်းပေါ်မှာ တစ်ရေးတစ်မောအိပ်တယ်။ လိပ်က ဖြည်းဖြည်းမှန်မှန်ပြေးရင်း ပန်းဝင်အနိုင်ရသွားတယ်။ ဒါ လူတိုင်းသိတဲ့ပုံပြင်ပါ။ ပုံပြင်ရဲ့သင်ခန်းစာက ‘ဘယ်အလုပ်ကိုမဆို ဖြည်းဖြည်းနဲ့မှန်မှန် ကြိုးစားအားထုတ်ရင် အောင်မြင်နိုင်တယ်’ ဆိုတာပဲ။ သင်ပြပေးတဲ့ ဆရာဆရာမကလည်း ပုံပြင်ဆုံးရင် ဒီလိုကောက်ချက် သင်ခန်းစာပေးတယ်။ မှန်လည်း မှန်ပါတယ်။  ယူလည်းယူနိုင်တဲ့ သင်ခန်းစာပါပဲ။ အရေးကြီးတာက ဒီနေရာမှာပဲ ရပ်မနေကြဖို့လိုတော့။ ထောင့်စေ့အောင် သင်ခန်းစာယူတတ်ဖို့ လိုတာ။

လူ့သဘာဝက ဇာတ်လိုက်နေရာကဝင်ပြီး ခံစားတတ်ရှိတယ်။ ဒါသဘာဝ။ ယုန်နဲ့လိပ်ပုံပြင်မှာ လိပ်ကဇာတ်လိုက်။ ဒီတော့ ကျွန်တော်တို့က လိပ်နေရာက စဉ်းစားခံစားလေ့ရှိကြတယ်။ ကျွန်တော်တို့က အရှုံးသမားဖြစ်သွားတဲ့ ယုန်နေရာက စဉ်းစားခံစားကြည့်ဖို့ မေ့နေကြတယ်။ အရှုံးသမားနေရာက ခံစားကြည့်ဖို့ တွန့်ဆုတ်တာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့လည်း ရှုံးတဲ့အခါလည်း ရှုံးဦးမှာ။

အင်တာနက်ထဲက ယုန်နဲ့လိပ်က ပုံပြင်အသစ်တစ်ပုဒ်ကို ကျွန်တော်တွေ့မိတယ်။ ပုံပြင်ရေးတဲ့သူက သမာရိုးကျ ယုန်နဲ့လိပ်ပုံပြင်ကို ဆက်စဉ်းစားထားတာပါ။ ယုန်က အပြေးပြိုင်ပွဲမှာ ရှုံးနိမ့်သွားတယ်။ ဒီမှာတင်ရပ်မနေဘူး။ ပြိုင်ပွဲပြီးသွားတဲ့အခါ ယုန်က သူ့ကိုယ်သူ ပြန်လည် သုံးသပ်တယ်။ ငါ့မှာ အရည်အချင်းတွေရှိရဲ့သားနဲ့ ဘာကြောင့်ရှုံးရတာလဲ။

အဖြေကို ခက်ခက်ခဲခဲ ရှာစရာမလိုပါဘူး။ အပြေးပြိုင်ပွဲ ယှဉ်ပြိုင်နေတဲ့အချိန် ပြေးလမ်းပေါ်မှာ အိပ်နေလို့ရှုံးတာ။ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို လုပ်ရမယ့်အချိန်မှာ မလုပ်ဘဲ မလုပ်သင့် မလုပ်ထိုက်တာလုပ်နေလို့ ရှုံးနိမ့်သွားတာ။ ဒါအဖြေပါပဲ။ ယုန်က သူ ရှုံးနိမ့်ရတဲ့ အကြောင်းရင်းကို အဖြေတွေ့တော့ ပြုပြင်ဖို့ ဆုံးဖြတ်တယ်။ လိပ်ကို နောက်တစ်ချီ ယှဉ်ပြိုင်ဖို့ စိန်ပြန်ခေါ်တယ်။ ယုန်နဲ့လိပ် နောက်တစ်ကြိမ် အပြေးပြိုင်ပွဲနွှဲကြတယ်။

ဒီပြိုင်ပွဲမှာ ဘယ်သူ အနိုင်ရလိမ့်မယ်ဆိုတာ စာဖတ်သူတွေ  ခန့်မှန်းသိရှိပြီး ဖြစ်ပါတယ်။ ယုန်မှာ အစွမ်းအစရှိတယ်၊ ရှုံးနိမ့်တဲ့အခါ ကိုယ့်အားနည်းချက် ကိုယ့်အမှားကို ပြန်သုံးသပ်ရှာဖွေတယ်။ ကိုယ့်အားနည်းချက်၊ ကိုယ့်အမှားကို ပြန်လည်ပြုပြင်တယ်။ ရှုံးနိမ့်ခဲ့ဖူးတဲ့ နယ်ပယ်ကို ကြောက်ရွံမနေဘဲ နောက်တစ်ကြိမ် ရင်ဆိုင်အနိုင်ယူတယ်။

ယုန်နဲ့လိပ်ပုံပြင်သစ်ကို ကျွန်တော် သဘောကျတယ်။ ဒါကြောင့်လည်း တစ်ခါတစ်ရံမှာ ပြန်ပြောဖြစ်တယ်။ လူတိုင်းလူတိုင်း မြင်းကောင်းခွာလိပ်ဆိုတာလို အကြောင်းမသင့်လို့ဖြစ်စေ ကိုယ့်အားနည်းချက်တစ်ခုခုကြောင့်ဖြစ်စေ အရှုံးနဲ့ ရင်ဆိုင်ရတဲ့အခါတွေလည်း ရှိမယ်။ ရှုံးနိမ့်တဲ့အခါ ကျွန်တော်တို့ ဘာလုပ်ကြမှာလဲ။

ရှုံးနိမ့်တဲ့အခါ အရှုံးကို ရင်ဆိုင်ကြတဲ့ပုံစံတွေ အမျိုးမျိုးရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်လည် မဝေဖန်မသုံးသပ်ဘဲ သူများကို လက်ညှိုးထိုးမယ်။ သူများအပြစ်ကိုရှာပြီး လက်ညှိုးထိုးတတ်သူမျိုးဟာ ဘယ်တော့မှ အောင်မြင်မှုရမှာမဟုတ်ဘူး။ ဘောလုံးကစားကြတဲ့အခါ ကိုယ့်အသင်းရှုံးရင် ဒိုင်ညစ်တယ်လို့ အပြစ်တင်သူကတင်တယ်၊ ရာသီဥတုက ဘယ်လိုဖြစ်နေလို့ ရှုံးတာလို့ ရမည်ရှာ အကြောင်းပြတဲ့အခါ ပြတယ်။ အဲဒီလို စိတ်ဓာတ်မျိုးက အောင်စိတ်မဟုတ်ပါဘူး။

အရေးကြီးတာက ယုန်နဲ့လိပ်ပုံပြင်သစ်လိုပဲ၊ အရှုံးကို ရင်ဆိုင်ရတဲ့အခါ အဖြစ်မှန်ကိုတွေ့မြင်အောင် ပြန်လည်သုံးသပ်ဖို့၊ အမှားကို မြင်ပြီးမှန်အောင် ပြုပြင်တတ်ဖို့ဟာ အောင်မြင်ရေးအတွက် အလွန်ပဲအရေးကြီးတယ်။

ဘဝမှာ အရှုံးနဲ့ မကြုံတွေ့ရဖူးတဲ့သူရယ်လို့ မရှိပါဘူး။ ရှုံးနိမ့်မှုနဲ့ ကြုံတွေ့ရတဲ့အခါ စိတ်အားငယ်ပြီး အရှုံးကိုရင်မှာပိုက်ပြီး ခေါင်းငိုက်စိုက်ချတာ တစ်သက်လုံး အရှုံးသမားကြီးလုပ်နေရမှာ မဟုတ်ပါဘူး။ လဲကျရင် ချက်ချင်းပြန်ထရမှာပါ။

ကျော်ရင်မြင့် ရေးသားထားသော ငပျင်းတွေအတွက် အောင်မြင်ရေးနည်းလမ်းများစာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts