အမည်းစက်

တစ်နေ့တော့ ဆရာတစ်ယောက်က စက္ကူဖြူဖြူတစ်ရွက်ရဲ့ အလယ်မှာ အမည်းစက်တစ်ခုချပြီး ကျောင်းသူကျောင်းသားတွေကို ဘာမြင်သလဲလို့ မေးတယ်။

ဒီလိုမေးတော့ ကျောင်းသူကျောင်းသားတွေက ချက်ချင်းမဖြေဘဲတုံ့ဆိုင်းနေတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဆရာက အကြောင်းမဲ့တော့ ဒီမေးခွန်းမျိုး မမေးတန်လောက်ဘူး တွေးကြတာကိုး။

စာသင်ခန်းတစ်ခန်းလုံးလိုလို အတွေးနဲ့ အသံတိတ်နေတော့ ဆရာက ကျောင်းသူကျောင်းသား တစ်ဦးချင်းကို နာမည်ခေါ်ပြီး အဖြေပြောခိုင်းတယ်။

‘အမည်းစက်မြင်တယ်’လို့ ရိုးရိုးဖြေတဲ့သူက များတယ်။ အချို့ကလည်း နည်းနည်းတွန့်ပြီး ‘အဖြူရောင်ပေါ်မှာ ထင်ရှားတဲ့ အမည်းစက်ကို တွေ့ပါတယ်။ ရိုးသားဖြူစင်တဲ့ ပတ်ဝန်းကျင်မှာ မမှန်တာလုပ်သူက သိသာမြင်သာတယ်’ လို့ ဖြေသူလည်းရှိတယ်။ ‘လူ့ဘဝမှာ အမည်းစက် မထင်အောင် နေရမယ်’ လို့မြင်ပါတယ် ဆိုပြီး ဖြေသူလည်းရှိတယ်။

ဆရာက ‘မင်းတို့ မြင်ကြတာလည်း မမှားပါဘူး’ ဆိုတော့ ကျောင်းသူကျောင်းသားတွေ ပြုံးကြတယ်။

‘မင်းတို့အားလုံးလိုလိုက အမည်းစက်ကိုပဲ မြင်ကြတယ်။ တကယ်ကတော့ ဧရိယာချင်းနှိုင်းယှဉ်ရင် အမည်းထက်အဖြူက ပိုများတယ်’ ဆိုပြီးပြောတော့ ကျောင်းသားတွေ ငြိမ်ပြီးနားထောင်နေကြတယ်။

ဆရာဆက်ပြောတာက

ဒို့တွေရဲ့ဘဝမှာ အဆင်ပြေတာလည်းရှိတယ်။ အဆင်မပြေတာလည်း ရှိတယ်။ တကယ်တော့ အဆင်မပြေမှုက အဖြူရောင်စက္ကူပေါ်က အမည်းစက်လောက်ပဲရှိတာ။ ဘဝမှာစာမဖွဲ့လောက်တဲ့ အဆင်မပြေမှုကို ရိုးမယ်ဖွဲ့မနေဘဲ အဆင်ပြေမှုတွေကို အင်အားအဖြစ်ခံယူပြီး ကြိုးစားရင် အောင်မြင်မယ်’ တဲ့။

ကျော်ရင်မြင့် ရေးသားထားသော ငပျင်းတွေအတွက် အောင်မြင်ရေးနည်းလမ်းများစာအုပ်မှ ကူးယူဖော်ပြထားပါသည်။

#OpenYourBusinessOnline

Related Posts