hapeye

Etiquette; ကစားစဉ် ကွင်းအတွင်း လိုက်နာစောင့်ထိန်းအပ် သောကျင့်ဝတ်မျာ

Introduction – နိဒါန်း
ဤအခန်းတွင် ဂေါက်သီးကစားစဉ် ကွင်းအတွင်း လိုက်နာစောင့်ထိန်းအပ်သော ကျင့်ဝတ်များကို ဖော်ပြထားသည်။ ကစားသူအားလုံး လိုက်နာဆောင်ရွက်လျှင် အတူတွဲကစားသူအားလုံး စိတ်ချမ်းသာပျော်ရွှင်စွာဖြင့် ပြီးဆုံးအောင် ကစားနိုင်မည်ဖြစ်သည်။ ဤပဓာနာကျသော ကျင့်ဝတ်များကို အမြဲတစေ လိုက်နာခြင်းဖြင့် ကစားဖော်များ၏ လေးစားမှုကို ရရှိစေပါသည်။

The Spirit Of The Game – ဂေါက်သီးကစားစဉ်ထားရှိအပ်သောစိတ်ဓာတ်
ဂေါက်သီးကစားနေစဉ်အတွင်း ဒိုင်လူကြီးသည် အမြဲတစေ ရှိမနေပါ။ ကစားသူတစ်ဦး၏ ဂုဏ်သိက္ခာ၊ စည်းမျဉ်းစည်းကမ်း လိုက်နာမှုနှင့် ကစားဖော်များအပေါ်တွင် နားလည်သိတတ်ခြင်းများကို အခြေခံ၍ ကစားရပါသည်။ ယှဉ်ပြိုင်ကစားခြင်းသည် မည်မျှအကြိတ်အနယ်ရှိစေကာမူ ကစားသမားတစ်ဦးက တစ်ဦးအပေါ် အပြန်အလှန်လေးစားခြင်း၊ စည်းကမ်းရှိခြင်းတို့ဖြင့် အားကစားစိတ်ဓာတ်ပြည့်ဝစွာ ကစားရပါမည်။ ဤစိတ်ဓာတ်သည် ဂေါက်သီးကစားစဉ် ထားရှိအပ်သော စိတ်ဓာတ်ဖြစ်သည်။

Safety အန္တရာယ်ကင်းစေရန်
ကစားသူသည် အန္တရာယ်ကင်းစေရန်အတွက် မိမိရိုက်မည့်လမ်းကြောင်းပေါ်နှင့် အနီးနားဝန်းကျင်တွင် မည်သူမျှ ရှိမနေစေရန် ဂရုပြုရမည်။ ရိုက်စဉ်နှင့် လေ့ကျင့်ဆွင်းလွှဲသောအခါ ရိုက်မိနိုင်သော ကျောက်ခဲ၊ သစ်ကိုင်း စသည်တို့ကဲ့သို့သော ပစ္စည်းများအား မရိုက်မိစေရန် သတိပြုရမည်။ ရှေ့တွင် တစ်ဦးဦးရှိပါက ရိုက်လိုက်လျှင် ဘောလုံးရောက်နိုင်လျှင် မရိုက်သင့်ပါ။ ရှေ့တွင် ကွင်းလုပ်သားများရှိပါက ဘောလုံးရောက်နိုင်လျှင် မရိုက်မီ သတိပေးရမည်။ ဘောလုံးသည် တစ်ဦးဦးကို ထိမှန်နိုင်လျှင် “Fore” ဖိုးဟု အော်၍ သတိပေးရမည်။

Consideration For Other Players – ကစားဖော်များအပေါ်တွင်သိတတ်နားလည်ခြင်း
No Disturbance or Distraction – အနှောင့်အယှက်မပြုလုပ်ရန်
ဂေါက်သီးကစားစဉ်အတွင်း ကစားဖော်များအပေါ်တွင် အနှောင့်အယှက်မဖြစ်စေရန် သိတတ်နားလည်စွာ ပြုမူကစားရမည်။ ဥပမာ – အခြားကစားသူရိုက်မည့်အချိန်တွင် လမ်းလျှောက်ခြင်း၊ စကားပြောခြင်းနှင့် မလိုအပ်သော ဆူညံခြင်းများ မပြုလုပ်သင့်ပါ။ အီလက်ထရောနစ်ပစ္စည်းများ ကွင်းအတွင်းသို့ ယူဆောင်လာလျှင် အနှောင့်အယှက်မဖြစ်စေရန် သတိထား၍ ကိုင်တွယ်ရမည်။ တီခုံပေါ်တွင် မိမိရိုက်မည့်အလှည့်ကျမှသာ တီတည်သင့်သည်။ အခြားသူရိုက်ခါနီးတွင် ရိုက်မည့်လမ်းကြောင်းအနီးနှင့်နောက်တွင် ရပ်မနေသင့်ပါ။

On the Putting Green – ပက်တင်ဂရင်းပါ်တွင်
အခြားကစားသူရိုက်မည့် ပက်တင်လိုင်းပေါ်တွင် ရပ်မနေသင့်ပါ (သို့မဟုတ်) ရိုက်စဉ်တွင် ရိုက်မည့်လမ်းကြောင်းပေါ်သို့ အရိပ်ထိုးအောင် မပြုလုပ်သင့်ပါ။ ကစားသူအားလုံးကျင်းစိမ်ပြီးအောင်စောင့်၍ ဂရင်းပေါ်မှ ဆင်းသင့်ပါသည်။

Scoring – အချက်ရေမှတ်ခြင်း
ကျင်းတစ်ကျင်းပြီးဆုံးတိုင်း မာကာပြုလုပ်သူသည် မိမိမှတ်ရမည့်ကစားဘက်နှင့်အတူ အချက်ရေကိုစစ်၍ စကောကဒ်တွင် ရေးမှတ်ရမည်။

Peace Of Play – သတ်မှတ်ထားသည့် ကစားရန်အချိန်
Play at Good Pace and Keep Up – ရှေ့အတွဲနှင့် ပြတ်မကျန်အောင် မြန်မြန်ကစားရန်
ကစားသူသည် သတ်မှတ်ထားသည့် ကစားရန်အချိန်အတွင်း ပြီးဆုံးအောင်ကစားရမည်။ ကော်မတီသည် ကစားရန် အချိန်အား သတ်မှတ်ပေး၍ ကစားသူသည် ကစားရန် သတ်မှတ်ထားသည့် အချိန်အတွင်း ပြီးဆုံးအောင် ကစားရမည်။ အရှေ့အတွဲနှင့် ပြတ်မကျန်အောင် မြန်မြန်ကစားရမှာ အတွဲတွင်ပါသောသူ အားလုံးတွင် တာဝန်ရှိသည်။ မိမိအတွဲ၏ရှေ့တွင် တစ်ကျင်းပြတ်နေလျှင် နောက်အတွဲအားကျော်တက်သွားရန် ဖိတ်ခေါ်သင့်သည်။ ရှေ့အတွဲနှင့် တစ်ကျင်းမပြတ်သော်လည်း နောက်အတွဲသည် ကစားနှုန်းမြန်လျှင် ကျော်တက်သွားရန် ဖိတ်ခေါ်သင့်သည်။

Be Ready to Play – ကစားရန်အသင့်ဖြစ်ခြင်း
ကစားသူသည် မိမိအလှည့်ရောက်လျှင် ကစားရန်အသင့် ဖြစ်နေသင့်သည်။ ဂရင်းအပေါ်နှင့်အနီးတွင် ကစားသောအခါ ဂေါက်အိတ်နှင့်ဘာဂီကို နောက်တစ်ကျင်းသို့ လျင်မြန်စွာ သွားနိုင်သည့် နေရာတွင် ထားရမည်။ ကစားသူအားလုံး ကျင်းကစားပြီးလျှင်ပြီးချင်း ဂရင်းပေါ်မှ ချက်ချင်းဆင်းပေးသင့်သည်။

Lost Ball (လော့(စ်)ဘော) – ဘောလုံးပျောက်သွားခြင်း (သို့) ဆက်ကစားခွင့်ဆုံးရှုံးသွားသည့်ဘောလုံး
မိမိရိုက်လိုက်သောဘောလုံးသည် ဝါတာဟဲဇတ် ပြင်ပတွင် ပျောက်နိုင်သည် (သို့မဟုတ်) အိုဘီကျနိုင်သည်ဟု ယူဆလျှင် ကစားသူက နောက်ထပ်အရံဘောလုံးတစ်လုံးကို ရိုက်သင့်သည်။ အရံဘောလုံးရိုက်ခြင်းမှာ ဘောလုံးပျောက်ဆုံးသွားလျှင် နောက်ဆုံးရိုက်ခဲ့သောနေရာသို့ ပြန်လာပြီး ရိုက်ရမည်ဖြစ်၍ အချိန်ကုန်သက်သာအောင် ကြိုတင်ရိုက်ခြင်းဖြစ်သည်။ ဘောလုံးရှာဖွေချိန် ၅ မိနစ်ပြည့်အောင် မစောင့်ဘဲ နောက်အတွဲကို ကျော်တက်သွားရန် ဖိတ်ခေါ်သင့်သည်။ ကျော်သွားသည့် အတွဲအနားသို့ ဘောလုံးမရောက်နိုင်သော လွတ်ကင်းသည့်နေရာသို့ ရောက်ရှိသည့်တိုင်အောင် စောင့်၍ ရိုက်သင့်သည်။

Priority On The Course – ဦးစားပေးအဆင့်
ကော်မတီက ကန့်သတ်ပြောင်းလဲခြင်းမရှိလျှင် ဦးစားပေးခြင်းကို ကစားရန် ကြာချိန်နှင့် သတ်မှတ်သည်။ ကျင်းရေနည်း ကစားသည့်အတွဲက ကျင်းရေများကစားသည့်အတွဲကို ဦးစားပေးရမည်။ အတွဲဟူသော ကစားရပ်တွင် တစ်ဦးတည်းကစားသောသူလည်း ပါဝင်သည်။

Care Of The Course – ကွင်းအားထိန်းသိမ်းကာကွယ်ခြင်း
Bunkers – ဘန်ကာများ
ဘန်ကာအတွင်းမှ မထွက်ခွာမီ ကစားသူသည် မိမိနှင့်အနီးဝန်းကျင်ရှိ အခြားသူကြောင့်ဖြစ်ခဲ့သော ချိုင့်၊ ခြေရာများကို ပြန်လည်၍ ပြုပြင်သင့်သည်။ ဘန်ကာထွန်ခြစ်သည် အနီးဝန်းကျင်တွင် ရှိပါက ထွန်ခြစ်ကို အသုံးပြု၍ ပြုပြင်သင့်သည်။

Repair of Divots, Ball-Marks and Damage by Shoes
ရိုက်ချက်ရာများ၊ ဘောလုံးကျနေရာများနှင့် ဖိနပ်ဒဏ်ရာများအား ပြုပြင်ခြင်း
ကစားသူသည် မိမိနှင့် အနီးဝန်းကျင်ရှိ အခြားသူကြောင့်ဖြစ်သော ရိုက်ချက်ရာများနှင့် ပတ်တင်ဂရင်းပေါ် ဘောလုံးကျဒဏ်ရာများသည် မိမိကြောင့်ဖြစ်စေ၊ အခြားသူကြောင့်ဖြစ်စေ ပြုပြင်သင့်သည်။ မိမိအတွဲတွင် ပါဝင်သောသူအားလုံး ကျင်းကစားပြီးလျှင် ဖိနပ်ဒဏ်ရာများကို ပြုပြင်သင့်သည်။

Preventing Unnecessary Damage – မလိုအပ်သော ပျက်စီးမှု မဖြစ်စေရန်
ကစားသူသည် လေ့ကျင့်ဆွင်းလွှဲသောအခါ (သို့မဟုတ်) ဒေါသဖြစ်ခြင်းကြောင့် ကွင်းအားထိခိုက်ခြင်း မရှိအောင် ဂရုစိုက်ရမည်။ ပက်တင်ဂရင်းပေါ်တွင် ဂေါက်အိတ်၊ အလံတိုင်ချခြင်းကြောင့် ဂရင်းအားထိခိုက်မှု မရှိအောင် ဂရုစိုက်ရမည်။ ကျင်းပျက်စီးခြင်း မဖြစ်အောင် ကစားသူနှင့် ကယ်ဒီသည် ကျင်းနှင့်နီးကပ်စွာရပ်ခြင်း၊ ဘောလုံးအားတုတ်ဖြင့် ကော်ထုတ်ခြင်း မပြုလုပ်ရပါ။ အလံတိုင်ကို ကိုင်တွယ်စဉ် ကျင်းမပျက်စီးစေရန် ဂရုစိုက်ရမည်။

ကစားသူသည် ပတ်တင်ဂရင်းပေါ်တွင် ဂေါက်တုတ်အားထောက်၍ ရပ်ခြင်း မပြုလုပ်သင့်ပါ။ အထူးသဖြင့် ဘောလုံးကို ကျင်းအတွင်းမှ ကောက်သောအချိန်တွင် ဖြစ်သည်။ အလံတိုင်ကို ကျင်းစိမ်ပြီးသောအခါ ကျင်းအတွင်းသို့ သေချာစွာ ပြန်ထားသင့်သည်။ ကွင်းကချမှတ်ထားသော ဂေါက်အိတ်တင်လှည်း အသုံးပြုရန် စည်းကမ်းများကို အထူးတလည် လိုက်နာသင့်သည်။

Conclusion; Penalties for Breach – ပြစ်ဒဏ်သတ်မှတ်ခြင်း
ကစားသူတစ်ဦးချင်းသည် ဤစည်းကမ်းများကို လိုက်နာဆောင်ရွက်လျှင် အားလုံးသောကစားသူများ စိတ်ချမ်းသာ ပျော်ရွှင်စွာ ကစားနိုင်မည်ဖြစ်သည်။

ကစားသူသည် ဤစည်းကမ်းများကို လိုက်နာခြင်းမပြုဘဲ ကစားနေခြင်း (သို့မဟုတ်) အချိန်ကာလကြာသည့်တိုင်အောင် အခြားသူများအား အနှောင့်အယှက်ဖြစ်စေလျှင် ကော်မတီသည် ထိုသို့ကစားသူအား သင့်လျော်သော ပြစ်ဒဏ်ပေးသင့်သည်။

ဥပမာ – ကွင်းအတွင်း လာရောက်ကစားခွင့်အား အချိန်အတိုင်းအတာသတ်မှတ်၍ ပိတ်ခြင်း၊ ပြိုင်ပွဲဝင်ခွင့်အား အကြိမ်ရေသတ်မှတ်၍ ပိတ်ခြင်း။ ဤသို့ သင့်လျော်သော ပြစ်ဒဏ်ချမှတ်ခြင်းသည် စည်းကမ်းများကို လိုက်နာ၍ ကစားနေသူအများစုအတွက် စိတ်ချမ်းသာစွာ ကစားနိုင်စေရန်အလို့ငှာ ကော်မတီက ချမှတ်ရခြင်း ဖြစ်သည်။

အကယ်၍ လိုက်နာစောင့်ထိန်းအပ်သော ကျင့်ဝတ်များကို ဆိုးဝါးစွာကျူးလွန်ပါက စည်းမျဉ်း 33-7 အရ ကော်မတီသည် DQ ပြစ်ဒဏ် ချမှတ်နိုင်သည်။

ဦးမြတ်ခိုင်ဘာသာပြန်ဆိုသော Rules of Golf and the Rules of Amateur Status 2016 မှ ကူးယူဖော်ပြသည်။

Related Posts