ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ

၁၉၄၇ ခုနှစ်၊ ၁၉၇၄ ခုနှစ်မှသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဆီသို့

မြန်မာနိုင်ငံတွင် သီပေါမင်း ပါတော်မူကာ သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့ရချိန် ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်နေ့မှ စ၍ ထီးသုဉ်းနန်းသုဉ်းဖြစ်ခဲ့ကြရရာမှ ၁၉၄၇ ခု လွတ်လပ်ရေး ရရှိလုနီးအချိန်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ နှင့် စတင်ထိတွေ့ရင်းနှီးခဲ့သည်။

ဖဆပလမှ ရေးဆွဲသော အခြေခံဥပဒေ

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်လျှက် တစ်နှစ်အတွင်း လွတ်လပ်ရေးရရှိစေရမည် ဟူသော ဦးတည်ချက်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရာတွင် လွတ်လပ်သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာချိန်၌ ကျင့်သုံးရမည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတစ်ရပ် ရေးဆွဲရေးကိစ္စမှာ အဓိကကဏ္ဍတစ်ရပ် ဖြစ်လာခဲ့သည်။ သို့ဖြင့် ၁၉၄၇ ခုနှစ်၊ မေလတွင် ရန်ကုန်မြို့၊ ဂျူဗလီဟော၌ ကျင်းပသော ဖဆပလအဖွဲ့ချုပ်၏ ပဏာမညီလာခံက အဖွဲ့ဝင် ၁၀၁ ဦးပါ ကော်မတီကို ဖွဲ့စည်းကာ အခြေခံဥပဒေမူကြမ်း ရေးဆွဲရေးအတွက် တာဝန်ပေးအပ်ခဲ့သည်။

အခြေခံဥပဒေ ရေးဆွဲခြင်း

အခြေခံဥပဒေရေးဆွဲရာ၌ ဝတ်လုံတော်ရ ဦးချန်ထွန်းအား အကြံပေးအရာရှိအဖြစ် ခန့်အပ်ခဲ့ရာ ဦးချန်ထွန်းက အိန္ဒယ အခြေခံဥပဒေ ရေးဆွဲရေးအကြံပေးပုဂ္ဂိုလ် ဆာဘီအင်ရောင်းနှင့် အိန္ဒိယသို့ သွားရောက်တွေ့ဆုံကာ မူကြမ်းရေးဆွဲခဲ့သည်။ ယင်းမူကြမ်းကို ဖဆပလမှ ရေးဆွဲသော မူကြမ်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး ပထမအကြိမ် တိုင်းပြည်ပြုလွှတ်တော် ညီလာခံက အဖွဲ့ဝင် ၇၅ ဦးပါ ကော်မတီကို ဖွဲ့စည်းပြီး ဆပ်ကော်မတီများဖြင့် အခြေခံဥပဒေကို ဆက်လက်ရေးဆွဲခဲ့ကြသည်။ ထို့နောက် ဒုတိယအကြိမ်မြောက် တိုင်းပြည်ပြုလွှတ်တော် ညီလာခံတွင် အပိုင်းအလိုက် ဆက်လက်ဆွေးနွေးကြကာ အချောကိုင်ကော်မတီလက်သို့ လွှဲအပ်ခဲ့သည်။ အချောကိုင်ကော်မတီက အဆင်သင့်ပြုပြင်အချောသတ်ပြီးနောက် ၂၉ စက်တင်ဘာ၊ ၁၉၄၇ တတိယကြိမ်မြောက်တိုင်းပြည်ပြုလွှတ်တော်၌ အတည်ပြုခဲ့ကြသည်။

အခြေခံမူ

ဖဆပလက ရေးဆွဲသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းတွင် ပြည်နယ်အမျိုးအစားကို သုံးမျိုး သတ်မှတ်ထားပါသည်။ ယင်းတို့မှာ ပြည်ထောင်စုပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်နှင့် လူမျိုးစုပြည်နယ်တို့ဖြစ်ကြသည်။ ထို့ပြင် ပြည်ထောင်စုဝင် ဖြစ်ထိုက်သည့် ဂုဏ်အင်္ဂါရပ်များကိုလည်း သတ်မှတ်ပေးထားပါသည်။ ယင်းသို့ခွဲခြားသတ်မှတ်မှုမှာ ဆိုဗီယက်ပြည်ထောင်စုနှင့် ယူဂိုဆလားဗီးယားတို့၏ ထိုခေတ်ကာလအခြေအနေကို အတုယူခဲ့ဟန်ရှိပါသည်။
ဖဆပလမူနှင့် ဦးချန်ထွန်း၏မူတို့ တိုက်ဆိုင်ညှိနှိုင်းကာ အခြေခံဥပဒေမူကြမ်း ရေးဆွဲခဲ့ရာမှ အချောကိုင် အခြေခံဥပဒေအဆင့်သို့ ရောက်ရှိသောအခါ ဖဆပလ၏ ပြဌာန်းချက်အချို့ မပါရှိတော့ပေ။ အခြေခံဥပဒေ ရေးဆွဲသူများက လက်တွေ့ရေးဆွဲရာတွင် ကြုံရသည့် အခက်အခဲများကြောင့် ဖယ်ရှားခဲ့ခြင်းဖြစ်ဟန်ရှိပါသည်။

အတည်ပြုခြင်း

၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ဗိုလ်ချုပ်အောင်ဆန်းမျှော်မှန်းခဲ့သည့်အတိုင်း တိုင်းပြည်ပြုလွှတ်တော် ရွေးကောက်ပွဲ ကျင်းပအပြီး ၅ လခွဲအကြာ ၂၄ စက်တင်ဘာ၊ ၁၉၄၇ တွင် တတိယအကြိမ်မြောက် တိုင်းပြည်ပြုလွှတ်တော် ညီလာခံ၌ အတည်ပြုခဲ့သည်။ ထိုအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း မရှိတော့ပေ။

တင်နိုင်တိုးရေးသားသော မြန်မာ့သတင်းစာများထဲမှ သမိုင်းဆိုင်ရာဆောင်းပါးများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts