အခု ကိုယ်နေထိုင်ရာကမ္ဘာဂြိုလ်ကြီး မပျက်စီးရလေအောင် စောင့်‌ရှောက်ထိန်းသိမ်းဖို့အတွက် အာရုံစိုက်နေတဲ့ ခေတ်ကြီးထဲမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိုယ်ကျင့်တရား (Environmental Ethic) ဟာ အရေးကြီးပါတယ်။

ကာဗွန်ခြေရာမထူထပ်ဖို့၊ သောက်သုံးရေ မခန်းခြောက်ဖို့၊ မိုးမခေါင်ဖို့၊ မုန်တိုင်းမတိုက်ဖို့၊ အိုဇုန်းလွှာမပေါက်ဖို့၊ ရေမကြီးဖို့၊ မြေဆီလွှာမခန်းဖို့၊ မြစ်ချောင်းအင်းအိုင် ပင်လယ်သမုဒ္ဒရာတွေ မညစ်ပတ်ဖို့၊ တောမပြုန်းဖို့၊ အမှိုက်မပွဖို့၊ သယံဇာတတွေ မကုန်ဆုံးဖို့၊ စွမ်းအင်ချွေတာဖို့၊ ဇီဝမျိုးစုံ သက်ရှည်တည်တံ့ဖို့၊ လေထုမညစ်ညမ်းဖို့၊ အစားအစာ မဖြုန်းတီးဖို့ဆိုပြီး လုပ်ဆောင်ထိန်းသိမ်းစရာတွေက အများကြီးပါ။

အဲသည်မှာ နိုင်ငံသားတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားတွေဝင်လာတာပါ။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိုယ်ကျင့်တရားတွေပေါ့။

ဘယ်သူမှ မသိပါဘူးကွာဆိုပြီး တွေ့ရာနေရာမှာ အမှိုက်ပစ်ချလိုက်တာ ကိုယ်ကျင့်တရားပါ။ ကိုယ်မီတာခဆောင်နိုင်ရင် ပြီးတာပဲဆိုပြီး ကိုယ့်အိမ်ထဲကမီး၊ ကိုယ့်အိမ်ထဲကရေကို မလိုအပ်ဘဲဖွင့်ထားတော့ ဘာဖြစ်သလဲဆိုတာကလည်း ကိုယ်ကျင့်တရားပါ။ ကိုယ်ပိုက်ဆံနဲ့ကိုယ် ဝယ်စားတဲ့ထမင်း၊ ဝယ်သောက်တဲ့အအေး သွန်ပစ်တာ ဘာဖြစ်သလဲဆိုတာကလည်း ကိုယ်ကျင့်တရားပါ။ လူမရှိတဲ့ အခန်းထဲမှာ ပန်ကာတွေဖွင့်ထားခဲ့တာ၊ လေအေးပေးစက်တွေဖွင့်ထားခဲ့တာဟာလည်း ကိုယ်ကျင့်တရားပါ။ လူတစ်ယောက် ကားတစ်စီး အိမ်ရှိလူကုန် တက်စုံဖွင့်ရွက်ကုန်လွှင့်တာဟာလည်း ကိုယ်ကျင့်တရားပါ။

ငရဲတို့၊ နိဗ္ဗာန်တို့ မဆိုင်လှသော်လည်း ကမ္ဘာမြေကိုစောင့်ရှောက်ဖို့က သည်ကိုယ်ကျင့်တရားတွေလိုအပ်လာပါတယ်။ ဆိတ်ကွယ်ရာမှာပါ စောင့်ထိန်းရမယ့် ကိုယ်ကျင့်တရားတွေပါ။ ဒါတွေကို ခိုင်မာအောင် လူငယ်တွေကို ကျင့်ပေးရပါတယ်။ အစာကိုလောက်ရုံထည့်၊ ကုန်အောင်စားခိုင်းတဲ့ အကျင့်ကို ထပ်တလဲလဲလုပ်ပေးရုံနဲ့ လူငယ်‌တွေမှာ အဲသည့်အကျင့်စွဲသွားပါတယ်။

ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလလို သီလတွေသာမကဘဲနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာသီလကိုပါ စောင့်ထိန်းတတ်အောင်လို့ ကျင့်ပေးမယ့်ပညာရေးစနစ်မျိုး လိုအပ်တဲ့နေ့ကိုရောက်ပြီဖြစ်ကြောင်းပါ။

စာရေးဆရာများ ပြောကြသည့် ပြည်သူ့နီတိ စာအုပ်ထဲမှ မောင်သာချို၏ အမှိုက်မချတာလည်း သီလ၊ ရေခလုတ် မီးခလုတ်ပိတ်တာလည်း သီလ ဆောင်းပါးအားကူးယူဖော်ပြထားပါသည်။

ဘဝနေနည်း

Related Posts