အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှု

နိုင်ငံတော်လုပ်ကြံမှုကြီး သို့မဟုတ် မမေ့နိုင်သော ဖြစ်ရပ်တစ်ခု

၁၉ ဇူလိုင်၊ ၁၉၄၇ တွင် ဂဠုန်ဦးစောနှင့် အပေါင်းပါတို့၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည်။ နှစ်ပေါင်း၆၆ နှစ် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယနေ့တိုင် မမေ့နိုင်သော ဖြစ်ရပ်တစ်ခုအဖြစ် အမှတ်ရနေဆဲဖြစ်သည်။

လုပ်ကြံရန် အကြံအစည်

ဂဠုန်ဦးစောသည် ၂၁ စက်တင်ဘာ၊ ၁၉၄၆ တွင် ဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်)အား တွေ့ဆုံပြီးအပြန် မြေနီကုန်း စိန့်ဗန့်ဆင့်ဘုရားကျောင်းရှေ့၌ သေနတ်ပစ်ခံခဲ့ရသည်။ ယင်းဖြစ်ရပ်သည် ဗိုလ်ချုပ်အောင်ဆန်း၏ ပယောဂပါသည်ဟု မှတ်ယူကာ ဗိုလ်ချုပ်အပေါ် ရန်ငြိုးထားခဲ့သည်။ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဦးစော ပညာရေးဝန်ကြီးရာထူး ခန့်အပ်ခံရသည်။ သို့သော်ဦးစောသည် မည်သည့်အခါမျှ အတွင်းဝန်ရုံးတွင် ရုံးထိုင်ခြင်းမရှိဟု ဆိုပါသည်။ ဗိုလ်ချုပ်အား လုပ်ကြံရန် အကြံအစည်ရှိသော ဦးစောသည် ဇနီးနှင့် သမီးငယ်တို့အား အင်းစိန်ဘက်သို့ ပို့ထားကာ စနစ်တကျ စီစဉ်တော့သည်။

ပထမအကြိမ်လုပ်ကြံမှု

ဗိုလ်ချုပ်အပေါ် အငြိုးထားခဲ့သော ဦးစောသည် မျိုးချစ်ပါတီနှင့် ဂဠုန်အဖွဲ့ဝင်များထဲမှ လက်ရဲဇက်ရဲရှိသူ လူငယ် ၄ ဦးကို ရွေးချယ်ကာ ညစာစားပွဲ တစ်ခု၌ ဗိုလ်ချုပ်ကို သွားရောက် လုပ်ကြံစေခဲ့သည်။ သို့သော် ထိုနေ့က ဗိုလ်ချုပ်၏ကားကို ရှာမတွေ့ကြသဖြင့် ပြန်လာခဲ့ကြရသည်။ ပထမအကြိမ်တွင် အထမမြောက်ခဲ့သည့် ဂဠုန်ဦးစောသည် နယ်မှ မျိုးချစ်လူငယ် ၃၀ ခန့်ကို ရှာဖွေစုဆောက်ခဲ့ပြန်သည်။ ဦးစောနယ်မှ ပြန်လာသောအခါ အတိုင်ပင်ခံဝန်ကြီးရာထူး ပြုတ်သွားပြီ ဖြစ်သဖြင့် သက်တော်စောင့်လူယုံတော် ရင်ဖေနှင့် မောင်သန်းကြီးတို့လည်း ရာဇဝတ်အုပ်ဘဝမှ လျှောကျသွားတော့၏။

လုပ်ကြံမှုအတွက် ပြင်ဆင်ခြင်း

ဤတစ်ကြိမ်တွင် ဦးစောက ဗြိတိသျှလူမျိုး ရာဇဝတ်ဝန်ထောက်တစ်ဦး၏ အကြံဉာဏ်နှင့် အကူအညီအရ စာရွက်စာတမ်းများ အတုလုပ်ကာ အေအိုဒီမှ လက်နက်များ ထုတ်ယူရန် စီစဉ်သည်။ နယ်မှ စည်းရုံးခေါ်ဆောင်လာသော ဘညွန့်ကို ၂၁ ဇွန်၊ ၁၉၄၇ တွင် တောင်ပိုင်းစစ်ဌာနချုပ်မှ လက်မှတ်သွားထိုးခိုင်းကာ ဇွန်လ ၂၄ ရက်နေ့တွင် ဘရင်းဂန်းလက်နက် ၂၀၀ အား ထုတ်ယူခဲ့သည်။ ထို့နောက် တပည့်များထဲမှာ လက်ရွေးစင်လူငယ် အချို့ကို ပြင်ဆင်ကာ ဗိုလ်ချုပ်တို့အား လုပ်ကြံရန်အတွက် ဇူလိုင်လ ၁၉ ရက် စနေနေ့ကို ရွေးချယ်လိုက်သည်။

သတင်းထောက်များ

၁၉ ဇူလိုင်၊ ၁၉၄၇ နံနက်ပိုင်းတွင် မိုးက တဖွဲဖွဲ ရွာနေသည်။ နံနက် ၉ နာရီခန့်တွင် အတွင်းဝန်ရုံးသို့ သတင်းထောက်အချို့ ရောက်ရှိလာကြသည်။ ယမန်နေ့ ညနေ ရုံဆင်းချိန်ကပင် ဗိုလ်ချုပ်က နောက်နေ့ ကက်ဘိနက်အထူးအစည်းအဝေး ရှိကြောင်း ပြောလိုက်သဖြင့် သတင်းထောက်အချို့ ကြိုတင်လာရောက်ကြခြင်း ဖြစ်သည်။ အစောဆုံးရောက်ရှိလာကြသူများမှာ ကိုသန်းညွှန့်( မြန်မာ့အလင်း)၊ ဦးကျော်မြင့်(ရန်ကုန်)၊ ဦးသန့်(စီးပွားရေး)တို့ ဖြစ်ကြသည်။ သတင်းထောက်များက သီးသန့်သတင်းထောက် အခန်း၌ စောင့်ဆိုင်းနေကြသည်။

ဗိုလ်ချုပ်နှင့် ဝန်ကြီးများ

မကြာမီ ဗိုလ်ချုပ်တစ်ဦးတည်း ဖိုင်ကို ကိုင်လျက် လှေကားမှ တက်လာသည်။ တိုက်ပုံအင်္ကျီအဖြူ၊ နံ့သာရောင်ပိုးပုဆိုးဖြင့် ဗိုလ်ချုပ်၏ဟန်က ထူးခြားနေသည်။ ခါတိုင်း စစ်ဝတ်စုံ ဝတ်လေ့ရှိသော်လည်း ယင်းနေ့တွင်မှ တိုင်းပြုပြည်ပြုလွှတ်တော် တက်စဉ်က အဝတ်အစားများ ဝတ်လာခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်က သတင်းထောက်များ အခန်းမှ ဖြတ်သွားစဉ် သတင်းထောက်များအား ပြုံးပြသွားသည်။
မရှေးမနှောင်းပင် ဝန်ကြီးအချို့ ရောက်ရှိလာကြသည်။ ပညာရေးဝန်ကြီး ဆရာကြီး ဦးရာဇတ်က ထုံးစံအတိုင်း ဥရောပဝတ်စုံဖြင့် စီးကရက်သောက်ရင်းလျှောက်သွားသည်။

အစည်းအဝေးခန်း

အစည်းအဝေးကို ဗိုလ်ချုပ်၏ အခန်း၌ ကျင်းပခြင်း ဖြစ်သည်။ မင်းစေ ကိုသောင်းစိန်က အခန်းတွင်းသို့ ဝင်လိုက် ထွက်လိုက်ဖြင့် အလုပ်ရှုပ်နေသည်။ အခန်းဝတွင် ကိုသောင်းစိန်ထိုင်သော ခွေးခြေတစ်လုံးသာရှိပြီး အစောင့်အရှောက်ဟူ၍ မည်သူမျှမရှိပေ။ ရုံးဝင်းအတွင်း မည်သည့် တားမြစ်ချက်မျှ မရှိဘဲ မည်သူမဆို အလွယ်တကူ ဝင်ထွက်သွားလာနိုင်သည့် အနေအထားရှိနေသည်။ တားမြစ်ချက် ဟူ၍ အလုပ်လုပ်နေသော ရုံးဝန်ထမ်းများ အနှောင့်အယှက်ဖြစ်မည်စိုး၍ ” ဤဆင်ဝင်အောက်၌ မော်တော်ဆိုင်ကယ်စက်မနှိုးရ” ဟု အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာတန်းသာ ရှိပါသည်။

သတင်းထောက်များအခြေအနေ

နံနက် ၁၀ နာရီတွင် အစည်းအဝေး စတင်ပါသည်။ ထိုစဉ် ဝတ်ဆင်နေကျ ပြည်သူ့ရဲဘော်ဝတ်စုံ ဝတ်ထားသော ဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့် အစည်းအဝေးခန်းနှင့် မလှမ်းမကမ်းရှိ သတင်းထောက်များ အခန်းသို့ ရောက်လာသည်။ ထိုနေ့က ဝန်ကြီးဦးရာဇတ်၏ အပါးတော်မြဲ ဦးချစ်ဆွေ မြို့တွင်း၌ အခြားကိစ္စ ရှိနေသဖြင့် စနေနေ့တစ်ဝက် ရုံးမတက်ပါ။ သို့ဖြင့် ရဲဘော်ကိုထွေးက သတင်းထောက် ကိုသန်းညွှန့်ကို ဦးချစ်ဆွေအခန်း ခေါ်သွားပြီး ယမန်နေ့ညက ကြည့်လာသည့် ဒါရိုက်တာ ရွှေဒုံးဘီအောင်၏ ခုနစ်စဉ်ကြယ်ရုပ် ရုပ်ရှင်ဇာတ်ကားအကြောင်းပြောနေသည်။

ကုန်းလမ်းပို့ဆောင်ရေး စီမံကိန်း

အစည်းအဝေး စတင်ပြီး မိနစ်အနည်းငယ် အကြာတွင် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးစီမံကိန်းကိစ္စအား ဗိုလ်ချုပ်အား ရှင်းလင်းပြောကြားရန်အတွက် အတွင်းဝန်ဦးအုန်းမောင် အစည်းအဝေးခန်းအတွင်းသို့ ဝင်လာကာ သခင်မြဘေး၌ ထိုင်လိုက်သည်။ စင်စစ်အားဖြင့် ပထမ အတွင်းဝန် ဦးစိုးတင့် (ညိုမြ၏ အစ်ကို)က တင်ပြရန် ဖြစ်သော်လည်း ဗိုလ်ချုပ်က မရှင်းမလင်းသဖြင့် ဦးအုန်းမောင်အား ခေါ်ဆိုခိုင်းခြင်း ဖြစ်သည် ဆိုသည်။ ဦးအုန်းမောင် ကုလားထိုင်၌ ထိုင်လိုက်ပြီး ၂ မိနစ်၊ ၃ မိနစ်ခန့် အကြာတွင် သေနတ်သံများ ဆူညံသွားကာ ကမ္ဘာပျက်သည့်အလား သိမ့်သိမ့်တုန်သွားတော့သည်။

ပစ်ခတ်မှုများ

အစည်းအဝေးခန်းအတွင်း စားပွဲ ၃ လုံးကို ဂငယ်ပုံသဏ္ဌာန် စီစဉ်ထားပြီး စားပွဲထိပ်၌ ဗိုလ်ချုပ်က ထိုင်သည်။ ဗိုလ်ချုပ်၏ လက်ဝဲဘက်ထိပ်တွင် အတွင်းဝန် ဦးရွှေဘော်ထိုင်ပြီး အစဉ်လိုက်အဖြစ် ဦးဘဂျမ်း၊ ဦးအောင်ဇံဝေ၊ ‌ပျော်ဘွယ်ဦးမြ၊ မိုင်းပွန်စော်ဘွားတို့ ထိုင်ကြသည်။ ဗိုလ်ချုပ်၏ လက်ယာဘက်တွင် အတွင်းဝန် ဦးအုန်းမောင်၊ သခင်မြ၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း၊ မန်းဘခိုင်တို့ အစဉ်လိုက်ထိုင်ကြသည်။
အမှတ် ၁၂ ခြင်္သေ့တံဆိပ်တပ် ယူနီဖောင်းဝတ် လူသတ်သမားများက ဂငယ်သဏ္ဌာန် စားပွဲထိပ်ဝအထိ ဝင်လာကာ အနီးကပ် ပစ်ခတ်ခဲ့ကြသည်။ ဗိုလ်ချုပ်က ၎င်းတို့ အပြုအမူကို သတိပြုမိဟန်ဖြင့် မတ်တတ်ရပ်ပြီး လက်ဝါးကာပြကာ တစ်စုံတစ်ရာ ပြောမည် ပြုလိုက်သည်။ ထို့နောက် ကြမ်းထက်သို့ လဲကျသွားတော့သည်။ လူသတ်သမားများက လဲကျသွားသူများ၊ လှဲချသူများကိုပင် ဒူးထောက်ကာ သဲကြီးမဲကြီး ပစ်ခတ်ခဲ့ကြသည်။

ကျဆုံးသွားကြသူများ

ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဦးဘဝင်း၊ မန်းဘခိုင်၊ ဦးရာဇတ်တို့ ကျဆုံးခဲ့ကြပြီး မိုင်းပွန်စော်ဘွား၊ ဒီးဒုတ်ဦးဘချိုတို့က ဆေးရုံးတွင် ၃ နာရီခန့် အကြာ၌ ကွယ်လွန်ခဲ့ကြသည်။ သေနတ်သံကြားသဖြင့် သတင်းထောက်ကိုသန်းညွှန့်နှင့် စကားပြောနေရာမှ ထွက်သွားသော ရဲဘော်ကိုထွေးမှာ လှေကားထိပ်၌ပင် ကျဆုံးသွားရသည်။ လူသတ်သမားများက ပစ်ခတ်ပြီး လှေကားမှ အပြေးဆင်းသွားကြကာ အရန်သင့် ထိုးဆိုက်လာသော ဂျစ်ကားထက်သို့ တက်ရောက်ပြီး စပတ်လမ်း(ဗိုလ်အောင်ကျော်လမ်း)မှ ထွက်ခွာသွားကြသည်။ ရုံးခန်းမှ ဝန်ထမ်းအချို့ ထွက်ကြည့်ကြသည်ကို သေနတ်မြှောက်လျက် မကြည့်ကြရန် အချက်ပြလိုက်သေးသည်။

လွတ်မြောက်ကြသူအချို့

လုပ်ကြံမှုကြီးတွင် အစည်းအဝေးခန်းတွင်းမှ လွတ်မြောက်သွားကြသူများမှာ ဝန်ကြီးဦးဘဂျမ်း(လက်ခလယ်တွင် ဒဏ်ရာရ)၊ ဦးအောင်ဇံဝေ၊ ပျော်ဘွယ် ဦးမြ၊ အတွင်းဝန် ဦးရွှေဘော်တို့ ဖြစ်ကြသည်။ ဦးဘဂျမ်းနှင့် ဦးအောင်ဇံဝေတို့က ကြမ်းပြင်ထက်တွင် လှဲလိုက်ကြပြီး ဦးရွှေဘော်က ပြတင်းပေါက်မှ တစ်ဆင့် တစ်ဖက်ခန်းသို့ ကူးသွားသောကြောင့် ဖြစ်သည်။
ထို့ပြင် ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းမှာ နိုင်ငံခြားရောက်နေပြီး ဝန်ကြီး ဦးဝမ်ကိုဟော၊ ဆမားဒူးဝါးဆင်ဝါးနောင်တို့က နယ်ရောက်နေသည်။ ဝန်ကြီးစောစံဖိုးသင်က ပုသိမ်သို့ စည်းရုံးရေးဆင်းနေရာမှ အစည်းအဝေးအမီ အရောက်ပြန်ရန် ဖြစ်သော်လည်း တူမ နော်ရှားလော မင်္ဂလာဆောင် ရှိနေ၍ ဇူလိုင်လ ၁၈ ရက် နေ့လယ်မှ ထွက်လာဖြစ်ခဲ့၏။ သို့သော် မအူပင်၊ ကျွဲဒုံးရွာ အရောက်တွင် သင်္ဘောသောင်တင်သွားရာ အစည်းအဝေးသို့ အချိန်မီ မရောက်ဖြစ်တော့ပေ။

နိုင်ငံတော် ဈာပန

ကျဆုံးသွားသည့် အာဇာနည်ခေါင်းဆောင်ကြီးများအား ဂျူဗလီဟော(ယခု စစ်သမိုင်းပြတိုက်နေရာ)တွင် ပြည်သူအများ၏ အရိုအသေပြုမှုကို ခံယူခဲ့သည်။ သို့သော် ဝန်ကြီး ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့မှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသဖြင့် ထုံးတမ်းစဉ်လာအရ နေ့ချင်းပင် တာမွေသင်္ချိုင်း၌ ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။ မိုင်းပွန်စော်ဘွားကြီး၏ ရုပ်ကလာပ်ကို မိုင်းပွန်သို့ ပြန်လည် သယ်ဆောင်ခဲ့သည်။ ၁၁ ဧပြီ၊ ၁၉၄၈ တွင် အာဇာနည်ခေါင်းဆောင်ကြီးများအား အာဇာနည်ကုန်းသို့ ပို့ဆောင်ကာ ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။

တင်နိုင်တိုးရေးသားသော မြန်မာ့သတင်းစာများထဲမှ သမိုင်းဆိုင်ရာဆောင်းပါးများ စာအုပ်ထဲမှ ကူးယူဖော်ပြထားပါသည်။

Related Posts