ပျော်ရွှင်မှု

အသက်၉၂ နှစ်အရွယ် အဘိုးကြီးတစ်ယောက် လူအိုရုံကိုရောက်လာတယ်။ အနှစ် ၇၀ ပေါင်းလာခဲ့တဲ့ သူ့ဇနီးသည်ဟာ မကြာခင်က ကွယ်လွန်သွားခဲ့တယ်။ မှီခိုစရာ သားသမီးကမရှိ၊ အိုးပိုင်အိမ်ပိုင်မရှိ၊ စုဆောင်းငွေလည်း နတ္တိမို့ လူအိုရုံကိုရောက်လာတာပါ။ လူအိုရုံဧည့်ခန်းမှာ နာရီအတော်ကြာကြာစောင့်နေပြီးမှ ဝန်ထမ်းအမျိုးသားတစ်ယောက်က အခန်းအဆင်သင့်ဖြစ်ပြီလို့ လာပြောပြီး သူ့ကိုတွဲခေါ်သွားတယ်။

သူဟာတုတ်ကောက်ကို အားပြုပြီးဖြေးဖြေးချင်း ဓာတ်လှေကားဆီကိုလမ်းလျှောက်သွားတယ်။ ဝန်ထမ်းက သူ့ကို အခန်းဟာကျဉ်းပေမယ့် နေရောင်ရတယ်၊ ခန်းစီးကတော့ အစိမ်းနုရောင်လို့‌ ပြောပြတယ်။ သူက ‘ငါ အခန်းကို သိပ်ကြိုက်တယ်’ လို့ ၈နှစ်အရွယ်ကလေးတစ်ယောက်ဟာ ပထမဆုံး ပါပီခွေးတစ်ကောင်ရလို့ပျော်သလို အားရ ဝမ်းသာ ပြန်ပြောလိုက်တယ်။ 

ဝန်ထမ်းက ‘ဦးလေး အခန်းထဲတောင် မဝင်ရသေးဘဲ ဘာလို့ကြိုက်တယ်ပြောရတာလဲ’လို့ တအံတဩမေးလိုက်တယ်။ အဘိုးကြီးက ‘အခန်းကြည့်စရာမလိုပါဘူးကွာ။ ပျော်ရွှင်မှုဆိုတာကို ကြိုတင်ရွေးချယ်လို့ရပါတယ်။ အခန်းထဲက ပရိဘောဂတွေ၊ အခန်းအရောင်တွေနဲ့ မဆိုင်ပါဘူး။ ငါဖြစ်ချင်တဲ့ အခန်းမျိုးကိုငါ့စိတ်ထဲမှာ ဆုံးဖြတ်ထားပြီးပြီ။

ငါအဲဒီလို ကြိုတင်ဆုံးဖြတ်တဲ့အကျင့်ကို မနက်အိပ်ရာကနိုးတာနဲ့လုပ်ခဲ့တာ နှစ်ပေါင်း မနည်းတော့ဘူး။ မနက် အိပ်ရာကနိုးတာနဲ့ ဒီနေ့ဟာ ငါ့အတွက် ပျော်စရာနေ့တစ်နေ့ဖြစ်ရမယ်လို့ ဆုံးဖြတ်ပြီးပြီ။ 

အသက်ရှင်နေသရွေ့နေ့တိုင်းဟာ တန်ဖိုးရှိတယ်။ အဲဒီတန်ဖိုးရှိတဲ့နေ့တွေကို ဘာလို့စိတ်ညစ်စရာ၊ စိတ်ပင်ပန်းစရာတွေ၊‌ သောကတွေနဲ့ ကုန်ဆုံးစေရမှာလဲ။ ရခဲတဲ့ လူ့ဘဝမှာ အချိန်ပြည့် စိတ်ချမ်းချမ်းသာသာနဲ့ နေနိုင်ဖို့လိုတယ် တဲ့။ 

တန်ဖိုးရှိတဲ့ နေ့စဉ်နေ့တိုင်းကို ပျော်ရွှင်စွာနေ့လေးတွေဖြစ်စေဖို့ ဒါလေးတွေလိုက်နာပါ။

၁။ ရင်ထဲမှာ အမုန်းစိတ်မထားပါနဲ့

၂။ စိုးရိမ်သောကကို ဖျောက်ပါ။ 

၃။ ရိုးရိုးလေးနေပြီး ရှိတာလေးနဲ့ တင်းတိမ်ရောင့်ရဲပါ

၄။ ပေးကမ်းစွန့်ကြဲပါ

၅။ အရမ်းကြီး မျှော်လင့်ချက်မထားပါနဲ့

ဒီပိုစ့်က ပေးချင်တဲ့ messageက ပျော်ရွှင်မှုဆိုတာ စိတ်အဓိကပါ။ ကြုံတွေ့ရတဲ့ အခြေအနေနဲ့မဆိုင်ပါဘူးတဲ့။ 

ဗန်းမော်သိန်းဖေ ရေးသားထားသော မျှဝေလိုသောအတွေးများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။ 

OpenYourBusinessOnline

အတွေးအခေါ်

Related Posts